ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့ နံနက် ၁၁ နာရီ ဝန်းကျင်ခန့်က မင်းတပ်မြို့နယ်၊ တိုက်နယ် (၂) အတွင်းရှိ ပလိပ်ထွီကျေးရွာရှိ လူနေအိမ်များနှင့် ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်းများ လုပ်ဆောင်ခဲ့သည့်အပြင် မင်းတပ်မြို့ပေါ်တွင် အထိုင်ချထားသောတပ်ရင်းမှ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့်လည်း နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး - သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းအဖွဲ့က ထုတ်ပြန်သည်။
လေယာဉ်ဖြင့် ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် (၂) လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်း၊ သိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လေယာဉ်ဗုံးဆံကြောင့် ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟု သိရသော်လည်း အတိအကျစုံစမ်း၍ မရသေးပေ။
စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကြဲခဲ့သော ဘုန်းကြီးကျောင်းမှာမြို့နယ်စစ်ဘေးရှောင် (IDP) များကို ကူညီသူအရပ်သား Volunteer များ နေထိုင်ရာဖြစ်ပြီး ဘာသာရေးအဆောက်အဦးကို တိုက်ခိုက်ရုံမျှမက အရပ်ဖက်စစ်ဘေးရှောင်များကိုပါ ရည်ရွယ်ချက်ရှိရှိ အောက်တန်းကျ ဦးတည်တိုက်ခိုက်ခြင်းပင်ဖြစ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းကလည်း စစ်ကောင်စီအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ပိုမိုအသုံးပြုလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် အထူးသတိထားကြရန်လိုအပ်ကြောင်း ပြောဆိုသည်။
" မြေပြင်မှာက သူတို့ အလူးလဲခံနေရတော့ လေကြောင်းက သူတို့သာတဲ့အတွက်ကြောင့် သူတို့ကဆက်ပြီး သုံးလာနိုင်ခြေရှိနေတယ်၊ နောက်ဆုံး လက်နက်အနေနဲ့ သုံးလာနိင်တဲ့အတွက်ကြောင့် အရပ်သားတွေက ကြိုတင်ပြီးတော့ ဒီရန်ကို ကာကွယ်ဖို့လိုတယ်၊ လေကြောင်းရန်ကလည်း အခုနပြောသလို လက်နက်ကိုင်အချင်းချင်းကြားကိုပဲ သုံးတာမဟုတ်ပဲ အခုနဆိုလို့ရှိရင် ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်တွေ ရှိတဲ့နေရာ နောက်ပြီးတော့ ဆေးရုံတွေပေါ့နော်တိုက်ခိုက်လာ တဲ့တွက် အရပ်သားပြည်သူတွေလည်း စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ကျွန်တော်တို့ ထိခိုက်မှုမရှိအောင် ဘယ်လို ကြိုတင်ပြင်ဆင်မလဲ၊ ဘယ်လိုရှောင်ရှားမလဲဆိုတာ အရပ်သားတွေကလည်း ဒါကို ကြိုပြီးတော့ စဉ်စားထားဖို့လည်း လိုတယ်" ဟု ဒေါက်တာငိုင်းတမ်မောင်းက ပြောသည်။
မင်းတပ်မြို့နယ်အတွင်း CDF-Mindat ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်ဖွဲ့က အပစ်မဲ့ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် CDF-Mindat ၏ တပ်စခန်းများကိုဦးတည်ကာ ဂျက်ဖိုက်တာလေယာဉ်များဖြင့် ယခုလ ဇန်နဝါရီလအတွင်း ၈ ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု CDF-Mindat ကဆိုသည်။
ယခုလ ဇန်နဝါရီ ၇ ရက်၊ ည ၁၁ နာရီခန့်တွင် ၂ ကြိမ်၊ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ၁ ကြိမ်၊ ၂၂ ရက်နေ့ ည ၁၂ နာရီခန့်တွင် ၂ ကြိမ် နှင့် ၂၃ ရက်နေ့ နေ့လည် ၁၁ နာရီတွင် ၃ ကြိမ်၊စုစုပေါင်း (၈) ကြိမ် စစ်ကောင်စီတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု CDF-Mindat က ထုတ်ပြန်သည်။
မင်းတပ်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့နေအိမ်များအနီးတွင် သတ်မှတ်ထားသည့် အတိုင်းအတာများပြည့်မှီသည့် ပုန်းခိုကျင်းများတူးကြရန်နှင့် စစ်ကောင်စီ၏ လေကြောင်းရန်အား (အထူး) သတိပြုကြပါရန် CDF-Mindat က အသိပေးထုတ်ပြန်ထားသည်။