“ဒီရွေးကောက်ပွဲတစ်ရပ်ကျင်းပရုံနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့နိုင်ငံရေးပြဿနာတွေကို အလုံးစုံဖြေရှင်းနိုင်ဖို့မမြင်ဘူး”

“ဒီရွေးကောက်ပွဲတစ်ရပ်ကျင်းပရုံနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့နိုင်ငံရေးပြဿနာတွေကို အလုံးစုံဖြေရှင်းနိုင်ဖို့မမြင်ဘူး”
ဦးသာထွန်းလှ (ဥက္ကဋ္ဌ- ရခိုင်အမျိုးသားပါတီ/ ANP)
ဦးသာထွန်းလှ (ဥက္ကဋ္ဌ- ရခိုင်အမျိုးသားပါတီ/ ANP)

စစ်ကောင်စီက ဒီနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်သွားမယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်မှုတွေလည်း ထွက်ပေါ်နေသလို ပါတီတချို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကိုလည်း စတင် မြင်တွေ့လာနေရပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲက ၂၀၁၅၊  ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွေမှာ လွှတ်တော်နေရာအများဆုံး အနိုင်ရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီကကော လာမယ့် ရွေးကောက်ပွဲမှာ ဝင်မလား၊ မဝင်ဘူးလားဆိုတဲ့ အပေါ်မှာလည်း လူထုက အာရုံစိုက်မှုတွေရှိလာပါတယ်။ ဒီအတွက် လာမယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP)ရဲ့ ရပ်တည်ချက်၊ အမြင်သဘောထားတွေကို ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကို နိရဉ္စရာသတင်းဌာနက မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။

နိရဥ္စရာ-   စစ်ကောင်စီဘက်က ဒီနှစ်အတွင်း ရွေးကောက်ပွဲလုပ်ဖို့  ပြင်ဆင်နေတာတွေ တွေ့နေရပါတယ်။  ဒီတော့ ANP ပါတီအနေနဲ့ ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိ/မရှိ သိချင်ပါတယ်။

ဦးသာထွန်းလှ- လောလောဆယ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာဆွေးနွေးဆုံးဖြတ်ထားတာ မရှိသေးဘူး။



 မေး- ANP ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဘရှိန်က ပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီဆိုတာ ရွေးကောက်ပွဲဝင်ဖို့ ဖွဲ့ထားတဲ့အတွက် ရွေးကောက်ပွဲဝင်မယ်လို့ မီဒီယာတစ်ခုကို ပြောဆိုထားတဲ့အပေါ်မှာ ဝေဖန်ပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ဦးဘရှိန် ပြောတဲ့ ဒီအပေါ်မှာရော ဆရာအနေနဲ့ ဘယ်လိုများမြင်ပါလဲ။

ဖြေ- ပါတီမှာက မူဝါဒရေးရာဦးဆောင်ကော်မတီအစည်းအဝေးလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးတာမရှိသေး။ ပါတီ ဗဟိုအလုပ်အမှူးဆောင်အဖွဲ့အစည်းအဝေးလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးတာမရှိသေးပါဘူး။ ပါတီ ဗဟိုကော်မတီ အစည်းအဝေးလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးတာမရှိသေးပါဘူး။ ဒါကြောင့် ဦးဘရှိန် VOM မှာ ပြောတာဟာ ဦးဘရှိန်ရဲ့ ပုဂ္ဂလိကအမြင်ကိုပြောတာလို့ပဲ ပြောလိုတယ်။ ဒါဟာ ပါတီအစည်းအဝေးဆုံးဖြတ်ချက်အရ ပြောတဲ့ ပါတီရဲ့သဘောထားမဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။ ဦးဘရှိန်ရဲ့ ပုဂ္ဂလိကအမြင်ကိုပြောတာလို့ပဲ ပြောလိုတယ်။

မေး-နောက်မေးခွန်းတစ်ခုအနေနဲ့က အခုလာမယ့် စစ်ကောင်စီက ပြုလုပ်ဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲအပေါ် ဆရာ့အနေနဲ့ ဘယ်လို ရှုမြင်သုံးသပ်ပါလဲ။

ဖြေ-လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခဖြစ်စဉ်နဲ့ ဖြစ်ပျက်နေတဲ့အခြေအနေတွေအပေါ်မှာ သုံးသပ်ပြီးပြောရမယ်ဆိုရင်  ရွေးကောက်ပွဲတစ်ခုမှာ မဲဆန္ဒရှင်ပြည်သူတွေဟာ လုံလုံခြုံခြုံနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်မဲဆန္ဒကိုကိုယ်ပေးနိုင်ခွင့်ရရှိရေးဟာအရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ဖြစ်တယ်လို့ ပြောလိုတယ်။ ဒါကြောင့် လက်ရှိမြန်မာနိုင်ငံမှာ ပြည်သူတွေဟာ နေ့စဉ်ရက်ဆက် ကိုယ့်ရပ်၊ ကိုယ့်ရွာကို၊ ကိုယ့်အလုပ်အကိုင်တွေကို စွန့်ခွာပြီး ထွက်ပြေးနေရတဲ့သတင်းမျိုးလည်း နေ့စဉ်ရက်ဆက် ကြားနေရတယ်။ အသက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတွေလည်း နေ့စဉ် ရက်ဆက်ကြားသိနေရတဲ့ အခြေအနေတွေ ရှိတယ်။ ပြီးတော့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အခြေအနေအပေါ်မှာ မဲဆန္ဒရှင်ပြည်သူတွေဟာ စိုးရိမ်စိတ်နဲ့နေထိုင်နေရတဲ့ အခြေအနေရှိတယ်လို့ မြင်တယ်။ ဒါကြောင့် ကိုယ်လုံခြုံမှု၊ စိတ်လုံခြုံမှု အားနည်းနေရှိတယ်လို့ သုံးသပ်တယ်။ ဒါကြောင့်အခုလက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အခြေအနေအပေါ်မူတည်ပြီး သုံးသပ်ရမယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတွေဟာ လုံလုံခြုံခြုံနဲ့ လွတ်လွတ်လပ်လပ် မိမိမဲဆန္ဒတွေကို မဲပေးနိုင်တဲ့အခြေအနေအခင်းအကျင်းရှိတယ်လို့ မမြင်ဘူးလို့ပဲ သုံးသပ်လိုပါတယ်။

မေး-ဟုတ်ကဲ့ပါ။ နောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ လာဖို့ရွေးကောက်ပွဲအပေါ်မှာ မြန်မာနိုင်ငံအပြင် နိုင်ငံတကာကပါဝေဖန်မှုတွေများနေချိန်မှာ ရခိုင်ပြည်သူထုရဲ့  ဒီရွေးကောက်အပေါ်မှာ စိတ်ဝင်စားမှုပေါ့လေ၊ နောက်ပြီး သူတို့ရဲ့ ရွေးကောက်ပွဲအပေါ်ထားတဲ့သဘောထားက ဘယ်လိုမျိုးရှိတယ်လို့ မြင်ပါလဲ။

ဖြေ- လောလောဆယ် ရခိုင်ပြည်မှာက အပစ်အခတ်တွေကလည်း ယာယီရပ်စဲထားတဲ့ အခြေအနေမျိုးပဲ ရှိတယ်။ ရခိုင်မှာလည်း ULA/AA နဲ့ မြန်မာစစ်တပ်ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း  သံသယနဲ့ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေလည်း တစ်စုံတစ်ဦးမှ အခုချိန်ထိ ပြန်ပြီးလွတ်လာတာမျိုးကို မကြားရသေးဘူး။ တရားစွဲဆို ရုံးတင်ခံနေရတဲ့အခြေအနေမျိုးလည်း ရှိနေတဲ့အတွက်ကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ကတော့ လောလောဆယ်ရွေးကောက်ပွဲ အပေါ်  စိတ်ပါဝင်စားမှု အားနည်းနေတယ်။ ဆက်ပြီး သုံးသပ်ပြောဆိုရရင် တချို့စစ်ဘေးရှောင်ပြည်သူတွေလည်း ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ပြီးနေထိုင်နိုင်တဲ့အခြေအနေ အခင်းအကျင်းတစ်ရပ်လည်း  မရှိသေးဘူး၊ လက်ရှိအချိန်အထိ  ကိုယ့်ရပ်ကိုယ့်ရွာကို မပြန်ရတဲ့အခြေအနေတွေ အပေါ်မူတည်ပြီးပြောရရင် မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့လည်း ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုက လျော့နည်းနေတုန်းပဲလို့ မြင်တယ်။

မေး-  ဒီလာမယ့် စစ်ကောင်စီရဲ့ ၂၀၂၃ ရွေးကောက်ပွဲဟာ တစ်နိုင်ငံလုံးက နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေ ဘယ်လောက်ထိ ပြောင်းလဲမှု၊ သက်ရောက်မှု ရှိနိုင်မယ်လို့ ထင်ပါလဲ။

ဖြေ-လောလောဆယ် မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကာလကနေ တိုင်းရင်းသားလူမျိုးတွေ ကိုယ့်ကံကြမ္မာကိုယ်တိုင်ဖန်တီးခွင့်၊ ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးတွေဆုံးရှုံးနေတဲ့ ပြဿနာရှိသလို တခြားတစ်ဘက်မှာလည်း နိုင်ငံသူ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရပိုင်ခွင့်ပါ တစ်နေ့ထက် တစ်နေ့ ဆုံးရှုံးလာတယ်။ ဒီအတွက် ပြဿနာတွေဟာ ယခင်ကထက် ပိုပြီး ရှုပ်ထွေးလာတဲ့အခြေအနေမှာ ရှိတယ်။ ဒီမိုကရေစီ စံချိန်၊ စံညွှန်းနဲ့ ပတ်သက်တဲ့အခွင့်အရေးတွေလည်း ပြည့်စုံလုံလောက်တဲ့အခြေအနေ အခင်းအကျင်း တစ်ရပ်ကို မရနိုင်သေးတဲ့အခြေအနေမှာ ပိုပြီးရှုပ်ထွေးတဲ့ နိုင်ငံရေးပြဿနာတွေ ဖြစ်ပေါ်လာနေတယ်လို့ ရှုမြင်တဲ့အတွက်ကြောင့်မလို့ ဒီရွေးကောက်ပွဲတစ်ရပ်ကျင်းပရုံနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့နိုင်ငံရေးပြဿနာတွေကို အလုံးစုံဖြေရှင်းနိုင်ဖို့မမြင်ဘူးလို့ပဲ ပြောလိုပါတယ်။

မေး- ဒါဆိုရင် ဒီ နိုင်ငံရဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းရင် ရနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ- မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းရေးဟာ ကျယ်ပြန့်နက်နဲပါတယ်။  တစ်ထိုင်တည်းပြောလို့ ပြီးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဓိက သက်ဆိုင်သူတွေ ဖြေရှင်းဖို့ရည်ရွယ်ချက်ရှိမယ်ဆိုရင် ပါဝင်ထိုက် ပါဝင်သင့်သူတွေနဲ့   နိုင်ငံရေးအရ သဘောတူညီမှုရအောင် ပြုလုပ်ဆောင်ရွက်ဖို့လိုတယ်။ အဲ့ဒီ ရတဲ့သဘောတူညီမှုအပေါ်မှာ အကောင်အထည်ဖော်ဖို့ လုပ်ငန်းစဉ်တွေချမှတ်ပြီးတော့ လုပ်ဆောင် ဆောင်ရွက်နိုင်ဖို့အရေးကြီးတယ်။ ဒီလိုနိုင်ငံရေး ကတိကဝတ်တွေနဲ့ နိုင်ငံရေးသဘောတူညီမှုကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေချမှတ်ဆောင်ရွက်နိုင်မှ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဆောင်ရွက်နိုင်မယ်လို့ ပြောချင်ပါတယ်။

နိရဥ္စရာ- အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဦးသာထွန်းလှ- ကျေးဇူးတင်ပါတယ်။

December 3, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းတွင် စစ်ဘေးရှောင်နေကြသည့် ရခိုင်ပြည်၊ ဂွမြို့နယ်မှ...
December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
November 28, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် ခမရ (၃၄၆) နှင့် ခမရ (၅၄၄) တပ်ရင်းနှစ်ခုစလုံးကို...