စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအား အယုံအကြည်မရှိ၍ သထုံခရိုင်အတွင်း ရွေးကောက်ပွဲ ကျင်းပခွင့်မပြုကြောင်း KNU -ကရင်အမျိုးသားအစည်းအရုံး ဖားအံမြို့နယ် အလုပ်အမှုဆောင်ကော်မတီက ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။
ဖားအံမြို့နယ် အလုပ်အမှုဆောင်ကော်မတီသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးဟူသော ကေအဲန်ယူ၏ လမ်းညွှန်ချက်များနှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ၊ စစ်ကောင်စီသည် ပြည်သူများ၏ ဆန္ဒသဘောထားဖြစ်သော ရွေးကောက်ပွဲမှဆန့်ကျင်ကာ အာဏာသိမ်းယူခဲ့ပြီး ၎င်း၏ နောက်ဆက်တွဲလုပ်ရပ်များက စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာမည်မဟုတ်သည်မှာ ထင်ရှားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆက်လက်၍ စစ်ကောင်စီသည် နိုင်ငံတကာနှင့်ပြည်သူလူထုအား လှည့်စားရန် အတုအယောင်ရွေးကောက်ပွဲအား ကြိုးပမ်းဆောင်ရွက်နေပြီး၊ ၎င်းတို့သိမ်းယူထားသော အာဏာအား ပြည်သူများမှ တရားဝင်အပ်နှင်းသယောင် လုပ်ဆောင်နေခြင်းမှာထင်ရှား၍ အုပ်ချုပ်မှုနယ်မြေအတွင်း ရွေးကောက်ပွဲကျင်းပရန်ခွင့်မပြုခြင်းဖြစ်ကြောင်း၊ ထုတ်ပြန်တားမြစ်ထားသည့်တိုင် လုပ်ဆောင်လာပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက် ပြောခွင့်ရသူက "ဖားအံမြို့နယ်၊ KNLA တပ်ရင်း(၁)ရဲ့နယ်မြေအတွင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် စာရင်းကောက်ပေးရင် ကျင်းပပေးရင် ပြင်းပြင်းထန်ထန်အရေးယူသွားမယ် ဆိုတဲ့အကြောင်းသိစေချင်လို့ ဖားအံမြို့နယ်အလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်တဲ့ ကျနော်တို့ တပ်ရင်းမှူးရဲ့ညွှန်ကြားချက်အရ အခုလိုထုတ်ပြန်ရတာ ဖြစ်ပါတယ်။" ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် သထုံခရိုင်အတွင်းရှိ ကျေးရွာများတွင် တော်လှန်ရေးတပ်ပေါင်းစုများ၏ နယ်မြေစိုးမိုးထားမှုအရ လက်ရှိအချိန်ထိ အိမ်ထောင်စုစာရင်းလိုက်လံကောက်ခံခြင်း မရှိသေးသော်လည်း မြို့ပေါ်တွင်မှု ပြီးခဲ့သည့် နှစ်ပတ်ခန့်မှစ၍ လိုက်လံကောက်ခံနေကြောင်း ၎င်းပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
စစ်ကောင်စီက ၂၀၂၃ ခုနှစ်အတွင်း ကျင်းပမည့်ရွေးကောက်ပွဲအတွက် ဇန်နဝါရီလ(၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ "တစ်အိမ်တက်တစ်အိမ်ဆင်း" စနစ်ဖြင့် အိမ်ထောင်စုစာရင်း လိုက်လံကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပြီးနောက်ပိုင်းတွင် တော်လှန်ရေးအင်အားစုအသီးသီးမှ စစ်ကောင်စီနှင့်မပူးပေါင်းရန်၊ ပူးတွဲလုပ်ဆောင်သူများအား သတင်းပေးပို့ရန်နှင့် လက်တွဲလုပ်ဆောင်ပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားကြသည်။