လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၂ လတာကာလအတွင်း ခိုးဆိုးလုယက်တာနဲ့ ပစ္စည်းယူပြီး လူကိုပါသတ်ဖြတ်သွားတဲ့ ဖြစ်စဉ်တွေအဖြစ်များလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းယူပြီးနောက် မော်လမြိုင်ရဲ့ မြို့အဝင်အထွက်နေရာတွေမှာ လုံခြုံရေး အထူးတင်းကျပ်ထားသလို မြို့အတွင်းမှာလည်း CCTV ကင်မရာတွေ နေရာမလပ်ကျန် တပ်ဆင်ထားပေမယ့် ခိုးဆိုးလုယက်မှုတွေ တစ်စထက်တစ်စ အဖြစ်များလာခဲ့တာပါ။
အဲဒီထဲမှာတော့ မော်လမြိုင်မြို့ပေါ်မှာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာတော့ ဆိုင်ကယ်တက္ကဆီမောင်းသူနဲ့ ခရီးသည်အမျိုးသမီးတစ်ဦးကို ဓါးနဲ့လည်ပင်းလှီးပြီး ဆိုင်ကယ်လုယက်သွားတဲ့အထိ ဖြစ်ပေါ်ခဲ့တာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့နိုဝင်ဘာ ၃ ရက်နေ့ကလည်း မော်လမြိုင်မြို့နယ်၊ ကော့ခနိကျေးရွာအနီးမှာ ဆိုင်ကယ်တက္ကဆီမောင်းသူအမျိုးသားတစ်ဦး အသတ်ခံရပြီး ဆိုင်ကယ်လုယက်ခံလိုက်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာပါ။
မော်လမြိုင်မြို့ခံ ပြည်သူတစ်ဦးကတော့ ခိုးဆိုးလုယက်မှုတွေ အဖြစ်များလာပေမယ့် စစ်ကောင်စီဘက်က ဖော်ထုတ်အရေးယူနိုင်တာ မရှိတဲ့အတွက် လုံခြုံမှုမရှိတော့ဘူးလို့ ပြောပါတယ်။
“CCTVတွေကတော့ နိုင်ငံရေးလုပ်တဲ့သူအတွက်ပဲ သူတို့ထားထားတာပေါ့။ ဒီခိုးမှုတို့၊ ဘာတို့က သူတို့ အတွက်နဲ့ မဆိုင်ဘူးလေ။ ဒီခိုးမှုတွေ သူတို့ပြန်ကြည့်တာမှ မဟုတ်တာ။ ကိုယ့်ရဲ့ လုံခြုံမှုဆိုတာဘာမှမှ မရှိတာ။ အခြေအနေကတော့ တော်တော်လေး ဒီထက်ပိုဆိုးလာဖို့ပဲ ရှိတယ်ဗျာ။ လူတွေက ငတ်မယ်၊ ငတ်ပြီးရင် ခိုးမယ်၊ လုမယ်၊ လူ့အသက်တစ်ချောင်းကို သူတို့ မငဲ့တော့ဘူး။ ဆိုင်ကယ်တစ်စီးဟာဘယ် လောက်ပဲတန်တန် ရရင် သူတို့လုမှာပဲလေ။ တစ်ဖက်က သေသေ၊ ရှင်ရှင် အကုန်လုံးကကြပ်တည်း လာတော့ ငတ်နေပြီဆိုတဲ့ အတိုင်းအတာတစ်ခုမှာ လုပ်မိလုပ်ရာလုပ်ကြမှာ။ မိရင် ခံလိုက်မယ်။ မမိရင်တော့ စံလိုက်မယ် အဲဒီလိုပုံစံမျိုး”လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ မြို့တွင်းအင်အား အများအပြားအသုံးပြုကာ လှည့် လည်တာတွေ ပြုလုပ်နေသလို ရပ်ကွက်တွေအတွင်းမှာလည်း အရပ်ဝတ်တွေဝတ်ဆင်ကာ အိမ်စီးကား၊ ဆိုင်ကယ်တွေ အသုံးပြုပြီး လှည့်လည်စောင့်ကြည့်တာတွေ လုပ်ဆောင်နေပေမယ့် ခိုးဆိုးလုယက်မှုတွေ ပိုမိုဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
မော်လမြိုင်မြို့ခံ ပြည်သူတစ်ဦးကလည်း အခုလိုခိုးဆိုးလုယက်မှုတွေ အဖြစ်များလာတာဟာ စစ်ကောင်စီလက်ထက်မှာ တရားဥပဒေစိုးမိုးမှု မရှိတာကြောင့် ဖြစ်ပေါ်နေတာဖြစ်ပြီး ဖြစ်စဉ်တိုင်းဟာ ကိုယ်ဖြစ်ကိုယ်ခံ အခြေအနေဖြစ်နေရတယ်လို့ ပြောပါတယ်။
“ဒါတရားဥပဒေစိုးမိုးမှုမရှိလို့ ဖြစ်တဲ့ကိစ္စလို့ ကျွန်တော်ယူဆတယ်။ တရားဥပဒေစိုးမိုးမှုရှိမယ် ဆိုလို့ရှိရင် လုယက်မှုတွေလျော့နည်းလာမယ်။ ပြစ်ဒဏ်တွေကိုလည်း မှန်မှန်ကန်ကန်၊ ပြည့်ပြည့်ဝဝနဲ့ ပေးမယ်ဆိုလို့ရှိရင် ဖြစ်လာမယ်။ အခုဟာက ဘယ်လိုဖြစ်နေလဲဆိုတော့ နိုင်ငံရေးဘက်ကိုပဲ သွားပြီး မျှော်ကိုးပြီးတော့ ဒီပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက်ကို မလှည့်ကြည့်တဲ့အတွက် တရား ဥပဒေ စိုးမိုးမှု မရှိဘူး၊ အားကိုးလို့ကလည်း မဖြစ်ဘူး။ အခုခေတ်အနေအထားက ဘယ်လိုလဲဆိုတော့ ကိုယ်ဖြစ်ကိုယ်ခံပဲ”လို့ ဆိုပါတယ်။
အခုလိုခိုးဆိုးလုယက်မှုတွေ အဖြစ်များလာတာဟာ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူတို့ရဲ့ လုံခြုံရေးအတွက်ကိုသာ အဓိကထားလုပ်ဆောင်နေပြီး ဖော်ထုတ်ဖမ်းဆီးတာမရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံမှုမရှိတော့သလို ပိုမိုဆိုးရွားတဲ့အခြေအနေတွေနဲ့ ကြုံတွေ့လာရနိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
မော်လမြိုင်မြို့မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့အတွက် နေ့စဉ်နီးပါး ဆိုင်ကယ်ပျောက်ဆုံးတာတွေ၊ နေအိမ်အတွင်းရှိ ပစ္စည်းခိုးယူခံရတာတွေ ဖြစ်ပေါ်နေသလို လူ သတ်၊ ပစ္စည်းလုယက်မှုတွေကလည်း မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပါတယ်။