ဖားကန့်မြို့နယ်တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီး‌ခေါ်ဆောင်ခံရသော ပြည်သူ ၂၀၁ ဦးထိရှိလာ

ဖားကန့်မြို့နယ်တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီး‌ခေါ်ဆောင်ခံရသော ပြည်သူ ၂၀၁ ဦးထိရှိလာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ ယနေ့အထိ စစ်ကောင်စီ စစ်ကြောင်းတွင် လူသားဒိုင်း အဖြစ် ဖမ်းဆီး‌ခေါ်ဆောင်ခံရသော အရပ်သား ၂၀၁ ဦးထိ ရှိလာပြီဟု စုံစမ်းသိရှိရသည်။

စစ်တပ်သည် ဖားကန့်မြို့နယ် ကျေးရွာများတွင် စစ်ကြောင်းထိုးသွားလာရာတွင် ဒေသခံများကို ဖမ်းဆီးပြီး ၎င်းတို့၏ ရိက္ခာ၊ လက်နက်ခဲယမ်းများကို ထမ်းစေခဲ့သည်ဟု ဖားကန့် ဒေသခံတစ်ဦး ပြောသည်။

“သူတို့တစ်ရွာနဲ့တစ်ရွာ ကူးသွားတဲ့ချိန်ဖမ်းထားတဲ့သူကို ကာဗာလုပ်ပြီးသွားတာ အထမ်းလည်း ထမ်းခိုင်းတယ်လို့ သိရတယ်“ဟု ပြောသည်။

ဒေသခံများကို မေးမြန်းပြီး KNG သတင်းဌာန၏ ပြုစုထားသည့် စာရင်းအရ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့မှစပြီး ဆိုင်းတောင်၊ ကောင်စံဘက်သို့ ဝင်ရောက်စစ်ကြောင်းထိုးလာသည့် စစ်‌ကြောင်းသည်  နိုဝင်ဘာ ၂၃ ရက်နေ့ ကရင်ချောင်ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်မှ လုပ်သား ၃၀ ကျော်ကိုစတင်ဖမ်းဆီးပြီးနောက် ညပိုင်းတွင် နောက်ထပ် ပြည်သူ ၂၀ ကျော်ခန့်ကို ထပ်မံဖမ်းဆီးခဲ့သည်။

ထို့နောက် နိုဝင်ဘာလ  ၂၅ ရက်နေ့ ကျောက်သွေးတောင်မှ ယူမာဘက်ဆက်ပြီး စစ်ကြောင်းထိုးသွားပြီး လမ်းတစ်လျှောက် ထပ်မံဖမ်းဆီးရာ နောက် ၃၀ ဦးခန့် ဖမ်းဆီးခံလိုက်ရသည်။

ခလရ ၄၂ ၊ ခမရ ၁၁ မှ စစ်အင်အား ၈၀ ခန့်ရှိသည့် စစ်ကြောင်းသည် နိုဝင်ဘာလ ၃၀ ရက်နေ့ ဂတ်နွယ်ရွာနှင့် ဂေါ့လူရွာ လမ်းတစ်လျှောက်မှ အရပ်သားပြည်သူ ၇၀ ဦးနှင့် ဒီဇင်ဘာလ ၁ ရက်နေ့ ပျဉ်တောင်ရွာမှ အရပ်သားပြည်သူ ၄၀ ဦးကို ဖမ်းဆီးခဲ့သည်။

အလားတူ ဒီဇင်ဘာလ ၅ ရက်နေ့တွင်လည်း မှော်ပုံကျေးရွာမှ အရပ်သား ၁၁ ဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့ကြောင့် နိုဝင်ဘာလ ၂၃ ရက်နေ့မှ  ဒီဇင်ဘာလ ၁၅ ရက်နေ့ထိ ဖမ်းဆီးခံရသူ စုစုပေါင်း ၂၀၁ ဦးထိ ရှိလာပြီဖြစ်သည်။

“ဖမ်းသွားတဲ့ထဲက တစ်ချို့တစ်လေပြန်လွှတ်တာတော့ရှိတယ်လို့ သိရတယ်။ ဒါပေမယ့် အနည်းပိုင်းဘဲ အများပိုင်းကတော့ ဖမ်းထားတုန်း ဖမ်းထားတဲ့ထဲက သူတို့မသင်္ကာတဲ့သူဆို ဗျူဟာကုန်းထိဖမ်းသွားပြီး စစ်ကြောရေးပို့တာလည်း ရှိတယ်လို့ ကြားတယ်“ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ဖမ်းဆီးခံရသူများအနက် ပြန်လည် လွှတ်မြောက်လာသူများ ရှိသော်လည်း KNG အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဖားကန့်မြို့နယ်တွင် ဖုန်း၊ အင်တာနက်လိုင်းအခက်ခဲကြောင့် စစ်ကောင်စီမှ ဖမ်းဆီးခဲ့သော ဒေသခံများ၏ အချက်လက် တိတိကျကျ ရယူနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

Most read this week

January 6, 2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ MPT ဖုန်းဆင်းကဒ် တစ်ကဒ်ကို ကျပ်သုံးသောင်းခွဲအထိ...
January 6, 2025
စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ပြည်တွင်းအဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအပြင် နိုင်ငံတကာအစိုးရတွေနဲ့လည်း...
January 3, 2025
မြစ်ကြီးနား – မန္တလေး ကားလမ်းပိုင်း၊ ကန့်ဘလူနယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား...
December 21, 2024
“ကျနော်တို့ လစ်လျူရှုခံရတာက မြင်သာနေတာပဲ၊ အောက်ခြေ ပြည်သူလူထုရဲ့ သဘောထားပါ မထင်ဟပ်ကြတော့ဘူး...