သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာရှိ ကျွဲ၊ နွား ရောင်းဝယ်သည့် နေအိမ်တစ်လုံး ယနေ့ (နိုဝင်ဘာ ၁၆)ရက် နံနက် ၃ နာရီဝန်းကျင်တွင် ဗုံးဖောက်ခွဲခံရကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် နေအိမ်သည် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းအနီးတွင်ရှိပြီး ပျက်စီးမှုအများပြားရှိပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အိမ်ရှင်နှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ ဗုံးကဘယ်ကနေ ပစ်လာလဲတော့မသိဘူး။ တစ်လုံးပဲပေါက်တာ။ အိမ်နံရံကလည်း အပေါက်ကြီးဖြစ်နေတာ။ ပေါက်ကွဲတာနဲ့ အိမ်ထဲက ပစ္စည်းတွေ အကုန်ပျက်စီးသွားတယ်။ အိမ်ထဲက ကလေးတစ်ယောက်တော့ နည်းနည်းလေး ထိခိုက်ဒဏ်ရာ ရသွားတယ်။ မစိုးရိမ်ရတော့ဘူး” ဟု ၎င်းကဆိုသည်။
ထိုဗုံးပေါက်ခွဲခံရသည့် အိမ်သည် မှန်များ၊ တခြားပစ္စည်းများလည်း အကုန်ပျက်စီးကာ တန်ဖိုးငွေ ကျပ်သိန်း ၁၀၀ ခန့်ဆုံးရှံးကြောင်းသိရသည်။
“ အဲအိမ်က ရဲစခန်းနဲ့ နီးတယ်။ သူများက ရဲစခန်းကို ပစ်ချင်လို့ ပစ်မှတ် မှားသွားတာလားတော့မသိဘူး။ ပြီးတော့ အဲအိမ် ကလည်း ကျွဲ၊ နွားရောင်းဝယ်ရေး လုပ်တဲ့အိမ်ဖြစ်တယ်။ ဘယ်သူလက်ချက်လည်းတော့ မသိရဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။
သို့သော် ဗုံးပေါက်ကွဲပြီးနောက်ပိုင်း တာဝန်ရှိသည့် အုပ်ချုပ်ရေးမှူးပိုင်းက လာရောက်ကြည့် သော်လည်း လမ်းသွားလမ်းလာများသည် ပုံမှန်သွားလာလို့ရနေကြောင်း သိရသည်။
“ ပုံမှန်ဆိုရင်ဗုံးပေါက်ကွဲရင် သူတို့က လုံခြုံရေးတွေတင်းကြပ်ပြီးစစ်ဆေးတာရှိတယ်လေ။ အခုတော့ မရှိဘူး။ ကျနော်ဒီနေ့မနက် ခရီးသွားလာလည်း ပုံမှန်ပဲ။ လမ်းမှာ ဂိတ်စောင့်နေတဲ့ ရဲတွေ၊ စစ်သားတွေလည်း အေးဆေးပဲနေ နေတာ။ ဘာမှ မဖြစ်သလိုပဲ။ နည်းနည်းတော့ထူးခြားတာပေါ့” ဟု နမ့်ပေါင်ကျေးရွာဒေသခံတစ်ဦး ကပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုမတိုင်ခင် ၂ ရက်အလိုတွင်လည်း စစ်ကောင်စီဘက်မှ ထူးခြားမှုရှိလာနိုင်သည်ဟုဆိုကာ နမ့်ပေါင်ကျေးရွာအတွင်းရှိ စာသင်ကျောင်းကို ပိတ်ခိုင်းပြီး အရပ်သားများကို သတိထားခိုင်းထားကြောင်း ဒေသခံအမျိုးသားက ပြောသည်။
ထိုကြောင့် ဗုံးပေါက်ကွဲမှုသည် စစ်ကောင်စီ လက်ချက်ဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။
“ ဗုံးပေါက်ကွဲမှုမဖြစ်ခင်မှာတော့ စစ်ကောင်စီဘက်တော့ ထူးခြားမှုရှိလာနိုင်တယ်ဆိုပြီး ကျောင်းတွေ ပိတ်ခိုင်းထားတာ။ ဘာကြောင့်လဲဘာအတွက်လည်းလို့တော့ မပြောဘူး။ အရပ်သားတွေကိုလည်း သတိထားခိုင်းတာ” ဟု ၎င်းကပြောသည်။
နမ့်ပေါင်ကျေးရွာတွင် ယခုလို ဗုံးပေါက်ကွဲမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။