KNU တပ်မဟာ(၆)က သတ္တုမိုင်းလုပ်ငန်းခွင်တစ်ခုကို စစ်ကောင်စီ ဗုံးကြဲ၊ တရုတ်နိုင်ငံသားတွေ အပါအဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး

KNU တပ်မဟာ(၆)က သတ္တုမိုင်းလုပ်ငန်းခွင်တစ်ခုကို စစ်ကောင်စီ ဗုံးကြဲ၊ တရုတ်နိုင်ငံသားတွေ အပါအဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အနီးမှာရှိတဲ့ သတ္တုမိုင်းလုပ်ငန်းခွင်တစ်ခုကို ဒီကနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး တရုတ်နိုင်ငံသားတွေအပါအဝင် ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ(၁၆)ရက်နေ့ မနက်(၁)နာရီကျော်အချိန်ကစပြီး KNU တပ်မဟာ(၆)နယ်မြေ ဘုရားသုံးဆူမြို့အနီးမှာရှိတဲ့ သတ္တုမိုင်းတူးဖော်ရေးလုပ်ငန်းခွင် တစ်ခုကို စစ်ကောင်စီတပ်က ဖိုက်တာဂျက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် သတ္တုမိုင်းအတွင်းက တရုတ်နိုင်ငံသား(၃)ဦး သေဆုံးပြီး (၈)ဦး ဒဏ်ရာရရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသွားတဲ့သူတွေဟာ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ထိခိုက် ဒဏ်ရာရရှိသွားတဲ့လူတွေကိုတော့ ဘုရားသုံးဆူမြို့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေအတွင်းမှာ စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာပြီး နောက်ပိုင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့သလို စစ်ကောင်စီတပ်ရဲ့ စခန်းတွေနဲ့ ရဲစခန်းတွေကိုလည်း KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၆)ရက်နေ့ကလည်း ဘုရားသုံးဆူမြို့အနီးရှိ မက္ကသား ကျေးရွာထဲကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျေးရွာအတွင်းက ဘုန်းကြီးကျောင်းဆောင် မီးလောင်ပျက်စီးသွားခဲ့သလို ပြီးခဲ့တဲ့ရက်က ချောင်းနှစ်ခွနယ်မြေရဲစခန်းသိမ်းတိုက်ပွဲနဲ့ လွတ်ရှမ်းရွာက စစ်ကောင်စီဂိတ် စခန်းတိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေ လုပ်ဆောင်ထားပါတယ်။

January 6, 2025
အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေရဲ့ ထိန်းချုပ်နယ်မြေနဲ့...
January 3, 2025
တပ်စခန်းတွေနဲ့ စိုးမိုးနယ်မြေတွေ လျော့ကျလာချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး...
January 2, 2025
မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေက စီမံချက်နဲ့ ဖမ်းဆီးပြီးနောက်...
December 23, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်သားစုဆောင်းခံရသူ ၁၇၀၀ ထက်မနည်း...