စစ်ကောင်စီက အငြိုးအတေးထားပြီး စစ်ရေးအရှိန်မြှင့်တင်လာတဲ့အတွက် တိုက်ပွဲတွေ ပိုမို ပြင်းထန်လာရတာလို့ KNU ပြော

စစ်ကောင်စီက အငြိုးအတေးထားပြီး စစ်ရေးအရှိန်မြှင့်တင်လာတဲ့အတွက် တိုက်ပွဲတွေ ပိုမို ပြင်းထန်လာရတာလို့ KNU ပြော

စစ်တပ် အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး(KNU)အနေနဲ့ စစ်အာဏာရှင်စနစ်ကို လက်မခံဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့အပေါ်မှာ စစ်ကောင်စီက အငြိုးတကြီးထားပြီး စစ်ရေး အရှိန်မြှင့်တင်လာတဲ့အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာရတာလို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောဆိုလိုက်ပါတယ်။

KNU ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ ပြီးခဲ့တဲ့ (၂၀၂၁)ခုနှစ် တစ်နှစ်တာကာလအတွင်း ကရင်အမျို းသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ ကရင်အမျိုးသားကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တို့နဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF တပ်တို့အကြား တိုက်ပွဲပေါင်း(၃၁၅၂)ကြိမ်ဖြစ်ပွားခဲ့သလို အခုနှစ် (၂၀၂၂) ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ တိုက်ပွဲပေါင်း (၃၈၄၅)ကြိမ်ဖြစ်ပွားခဲ့တာပါ။

KNU ရဲ့ ထုတ်ပြန်ချက်အရ အခုနှစ် (၂၀၂၂)ခုနှစ် ၁၀ လတာအတွင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ ထိခိုက်၊ သေကြေ၊ ဒဏ်ရာရရှိမှုတွေဟာ ပြီးခဲ့တဲ့ (၂၀၂၁)ခုနှစ်က တစ်နှစ်တာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေထက် ပိုမိုများပြားလာခဲ့တာဖြစ်ပါတယ်။

အခုလို တိုက်ပွဲတွေ ပိုမိုများပြားလာရတာဟာ စစ်အာဏာသိမ်းမှုကို လုံးဝလက်မခံတဲ့ KNU ရဲ့ ရှင်းလင်းပြတ်သားတဲ့မူဝါဒနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူပေါင်းလုပ်ဆောင်နေတာကြောင့် စစ်ကောင်စီက အငြိုးအတေးထားပြီး စစ်ရေး အရှိန်မြှင့်တင်လာတဲ့အတွက် တိုက်ပွဲတွေပိုမိုပြင်းထန်လာရတာလို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

“သူတို့ဘက်က ဘယ်လိုမှ သည်းမခံနိုင်တဲ့ အရာတွေ လုပ်လာတဲ့ အခါကျတော့ တိုက်ပွဲက ဘယ်လိုမှ ထိန်းလို့ မရတော့ဘူးလေ။ အထူးသဖြင့် ဒီတပ်မဟာ (၆) ပေါ့နော်။ အဲဒီမှာ တိုက်ပွဲအရမ်းများလာတာ။ အရင်က တပ်မဟာ (၅) မှာ အများဆုံးပေါ့နော်။ ဒီ၂၀၂၂ ဝင်လာခဲ့အခါမှာ တပ်မဟာ (၅)နဲ့ တပ်မဟာ (၆)က ထိပ်မှာ ပြေးနေတယ်။ တိုက်ပွဲတွေ အများကြီးဖြစ်တယ်။ ဘာလို့လဲဆိုတော့ စစ်အာဏာရှင်စနစ်ကို လက်မခံပဲ ပူးပေါင်းပြီး တိုက်ခိုက်တဲ့အပေါ် သူကပြန်ပြီး အငြိုးတကြီးနဲ့ တိုက်ခိုက်လာလို့ပဲ” လို့ ဆိုပါတယ်။

KNU အနေနဲ့ တိုက်ပွဲတွေ ပိုပြီးတော့မကျယ်ပြန့်လာအောင် အတတ်နိုင်ဆုံး ကိုင်တွယ်ထိန်းသိမ်းဆောင် ရွက်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ လုပ်ဆောင်မှုတွေကြောင့် KNU အနေနဲ့ ဘယ်လိုမှ သည်းမခံနိုင်တော့ပဲ တိုက်ပွဲတွေအရမ်းများလာခဲ့ပြီး တပ်မဟာ(၅)သာမက တပ်မဟာ(၆)ဘက်မှာလည်း အခုနောက်ပိုင်းမှာ တိုက်ပွဲတွေအများဆုံးဖြစ်ပွားလာခဲ့တယ်လို့ ဆိုပါတယ်။

KNU နယ်မြေအတွင်းမှာ ပြီးခဲ့တဲ့ မိုးတွင်းကာလကတည်းက စစ်ကောင်စီတပ်က တပ်မ(၃)ခုနဲ့ တခြားအရံတပ်ရင်းတွေ၊ နယ်ခြားစောင့်တပ် BGF တပ်ရင်းတွေအပါအဝင် ထိုးစစ်ဆင်မှုတွေလုပ်ဆောင်နေပြီး လက်ရှိအချိန်ထိ တပ်တွေကို ပြန်မရုတ်သိမ်းသေးဘဲ ထိုးစစ်ဆင်နေပေမယ့် စစ်ကောင်စီရဲ့လုပ်ဆောင်မှုတွေဟာ ဘာမှအရာမထင်သလို ထိခိုက်သေကြေမှုတွေ ပိုမိုများပြားလာခဲ့တာ ဖြစ်တယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

ဒါ့အပြင် အခုနောက်ပိုင်းမှာလည်း KNU ထံ အလင်းဝင် CDM ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အ ရေ အတွက်လည်း ပိုမိုများပြားလာခဲ့သလို တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိတဲ့ လက်နက်ချ စစ်ကောင် စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းအရေအတွက်ကလည်း မကြုံစဖူးအောင် များပြားလာခဲ့တယ်လို့ ပဒိုစောတောနီးက ဆက်ပြောပါတယ်။

“အထူးသဖြင့် လက်နက်ကိုင် CDM ဝင်လာတဲ့သူတွေရှိတယ်။ အဲဒီအပိုင်းမှာတော့ ရပ်မသွားပါဘူး။ ဆက်ပြီးတော့ ရှိနေတုန်းပါပဲ။ အဲဒီအပြင် ဒီဟာနဲ့ ဆက်နွယ်ပြီးတော့ တိုက်ပွဲထဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းအရေ အတွက်ကလည်း မကြုံဖူးအောင်များတယ်ဆိုတာ တော်တော် မြင်နေရတယ်။ တိုက်ပွဲတွေက ခဏတ ဖြုတ်နဲ့ မိနစ်ပိုင်း ကြာတဲ့ တိုက်ပွဲတွေရှိနေသလို၊ ရက်နဲ့ ချီပြီး ကြာတာတွေလည်း ရှိတယ်။ သို့သော် စခန်းသိမ်းတဲ့အခါမှာ ဘာသွားတွေ့ရလဲဆိုရင် စခန်းသိမ်းတာတောင် မိနစ်ပိုင်းပဲ ကြာတဲ့၊ နာရီပိုင်းလေးပဲ ကြာတဲ့ ဟာမျိုးတွေ သွားတွေ့လာရတယ်။ ဒီတော့ စစ်သုံ့ပန်း အရေအတွက်များလာတယ်။ ၂၀၊ ၁၅၊ ၁၆ ယောက်တို့တွေ့လာရတာ ထူးခြားချက်ပဲ” လို့ ပြောပြခဲ့ပါတယ်။

အခုလို တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေ လက်နက်ချအဖမ်းခံတာတွေ အရင်ကထက်ပိုမိုများပြားလာရတာဟာ စစ်ကောင်စီတပ်ဘက်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ယိုးယွင်းပျက်စီးလာနေပြီး တိုက်ရည်ခိုက်ရည်မရှိတဲ့အပြင် တိုက်ပွဲဖြစ်လာပါက လေကြောင်းပစ်ကူကိုသာ မျှော်နေရသလို လေကြောင်းပစ်ကူသာ မရောက်လာပါက အချိန်ခဏတာအတွင်းမှာ လက်နက်ချအညံ့ခံခဲ့တာ ဖြစ်ပါတယ်။

KNU ရဲ့ထုတ်ပြန်ထားချက်အရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက တိုက်လေ ယာဉ်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ KNU လက်အောက်ခံ တပ်တွေအပေါ် လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း (၁၀၇)အထိရှိတယ်လို့ သိရပါတယ်။

Most read this week

January 13, 2025
စစ်ကောင်စီအနေနဲ့ မြေပြင်စစ်ရေးတိုက်ပွဲတွေမှာ အရေးနိမ့်မှုတွေနဲ့အတူ စိုးမိုးနယ်မြေများစွာ...
January 6, 2025
အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေရဲ့ ထိန်းချုပ်နယ်မြေနဲ့...
January 3, 2025
တပ်စခန်းတွေနဲ့ စိုးမိုးနယ်မြေတွေ လျော့ကျလာချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး...
January 2, 2025
မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေက စီမံချက်နဲ့ ဖမ်းဆီးပြီးနောက်...