အကျပ်အတည်းမှသည် အခွင့်အရေးဆီသို့

အကျပ်အတည်းမှသည် အခွင့်အရေးဆီသို့
by -
ဟင်္သာမီဒီယာ
ယခုနှစ်သြဂုတ်လဆန်းမှစ၍ တစ်ကျော့ပြန်ရောက်လာသော မြန်မာပြည် အနောက်တံခါးဆီမှ အကြမ်းဖက်မှုများသည် တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုပြင်းထန်လာသော ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ဖြစ်သော ARSA မှာ လူအင်အား၊ လက်နက်အင်အား၊ နည်းပညာ၊ စစ်ရေးပညာမှအစ သိသိသာသာတိုးတက်လာသည့် လက္ခဏာများ မြင်တွေ့ခဲ့ရသည်။ အစိုးရအဆက်ဆက်ရင်ဆိုင်ကြုံတွေ့ခဲ့ရသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထက် အချိန်တိုတိုအတွင်း ကမ္ဘာ့နိုင်ငံများ၏ အာရုံစိုက်ခြင်း၊ ကုလသမဂ္ဂအထိအရောက်ပို့နိုင်ခြင်းတို့၏ နောက်ကွယ်တွင် အင်အားကြီးနိုင်ငံများပါဝင် ပတ်သက်နေခြင်းကို မှန်းဆနိုင်ပါသည်။

အိမ်နီးချင်းနိုင်ငံကလည်း အဆိုပါအရေးတွင် မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ပါဝင်နေခြင်းကြောင့် ထိုမျှအထိ လက်ရဲဇက်ရဲနိုင်နေသည်ဟု ကောက်ချက်ဆွဲနိုင်ပါသည်။

တစ်ချိန်တည်း တစ်ပြိုင်တည်း လုံခြုံရေး ရဲစခန်း၊ ကင်းစခန်းပေါင်း ၃ဝ ကို အကြမ်းဖက်တိုက်ခိုက်နိုင်သော အင်အားနှင့် နည်းဗျူဟာမှာ သာမန်လူမျိုးရေး၊ ဘာသာရေးဖိနှိပ်မှုကြောင့် ပေါ်ထွက်လာသော လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်မဟုတ်ဘဲ စနစ်တကျကြိုတင်ပြင်ဆင်ထားသော အချုပ်အခြာအာဏာကို ထိပါးလာသည့် ကျုးကျော်စစ်အသွင် ပေါ်နေပါသည်။ ARSA ဘင်္ဂါလီအကြမ်းဖက်အဖွဲ့သည် နောက်ခံအင်အားသာမက ကမ္ဘာ့မီဒီယာကို ကောင်းစွာအသုံးချနိုင်ခြင်းမှာလည်း ယင်းတို့ဘာလုပ်လုပ်၊ အမှန်ချည်းဖြစ်အောင် ပုံဖျက်သတင်းများဖြင့် အသာစီးရနေလျက်ရှိသည်။ အကြမ်းဖက်သမားများ၏ လတ်တလောရည်မှန်းချက်မှာ ရခိုင်ပြည်နယ်ထဲသို့ ကုလသမဂ္ဂတပ်များ ဝင်ရောက်ရေးပင်ဖြစ်သည်။ ထို့ကြောင့်လည်း တစ်ဖက်မှ အကြမ်းဖက်လုပ်ရပ်များကို တရစပ်လုပ်နေလျက်မှ မီဒီယာအသီးသီးပေါ်တွင် မြန်မာအစိုးရက လူမျိုးတုံးသတ်ဖြတ်နေကြောင်း သတင်းမှားများလုပ်ကြံဖန်တီးလျက် လမ်းကြောင်းပေးနေခြင်းဖြစ်သည်။

မြန်မာဒီမိုကရေစီရေး အပြောင်းအလဲကို အကျည်းတန်အရုပ်ဆိုးစေသည့် အကြမ်းဖက်ကျုးကျော်မှုများ၏ နောက်ကွယ်၌ အင်အားကြီးနိုင်ငံကြီးများ၏ Power game ၏ ကစားကွင်းဖြစ်နေခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် မြန်မာနိုင်ငံ၏နိုင်ငံရေးအပြောင်းအလဲတွင် မိတ်ဆွေယောင်ဆောင်၍ ကိုယ်ကျိုးရှာမည့် အိမ်နီးချင်းနိုင်ငံများသာရှိပြီး မိတ်ကောင်းဆွေကောင်းမရှိခြင်းကို ယင်းဖြစ်ရပ်များက ညွှန်ပြလျက်ရှိနေသည်။

မိတ်ဆွေကောင်းမရှိခြင်းနှင့်အတူ ပြည်တွင်းနိုင်ငံရေးအင်အားစုများ၌လည်း စည်းလုံးညီညွတ်မှုပျက်ပြားနေခြင်းမှာ စိုးရိမ်စရာကောင်းလှသည်။ ဥပမာအားဖြင့် ARSA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ လွှတ်တော်၌ တင်သွင်းသည့် အဆိုများအားလုံး အရာမထင်ခြင်းမှာ တပ်မတော်နှင့် အာဏာရနိုင်ငံရေးပါတီအကြားမှာ သံသယထုထည်ကို လှစ်ပြနေခြင်းဖြစ်သည်။ သေရေးရှင်ရေး ကာလကို ဖြတ်သန်းနေရသော်လည်း တစ်ဖက်နှင့် တစ်ဖက်နိုင်ငံရေးအသာစီးရသွားမည်ကို စိုးရိမ်နေကြပုံပေါ်သည်။ အမျိုးသားရင်ကြားစေ့ရေး၊ ယုံကြည်မှုတည်ဆောက်ရေးအတွက် စကားလုံးများနှင့်သာ အချိန်ဖြုန်းနေမည်ဆိုပါလျှင် မြွေပါလည်းဆုံး၊ သားလည်းဆုံး ဇာတ်သိမ်းဖြင့် အဆုံးသတ်ရပါလိမ့်မည်။

သို့ပါသောကြောင့် ဘင်္ဂါလီအကြမ်းဖက်မှုကို ဘုံရန်သူအဖြစ် သတ်မှတ်၍ ပြည်သူ၊ အစိုးရ၊ တပ်မတော်ပေါင်းစည်းကာ ယင်းအကျပ်အတည်းကို အခွင့်အရေးအဖြစ်အသုံးချနိုင်ရန် ကြိုးပမ်းကြပါဟု ဟင်္သာမီဒီယာက တိုက်တွန်းအပ်ပါသည်။

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...