PDF တွေကို KIA က မလိုချင်ဘူး ဆိုတာနဲ့ အိမ်ပြန်ရင် သတ်ပစ်မယ်လို့ KNU က ခြိမ်းခြောက်ကြောင်း သတင်းမှားဖြန့်

PDF တွေကို KIA က မလိုချင်ဘူး ဆိုတာနဲ့ အိမ်ပြန်ရင် သတ်ပစ်မယ်လို့ KNU က ခြိမ်းခြောက်ကြောင်း သတင်းမှားဖြန့်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ကချင် လွတ်လပ်ရေး အဖွဲ့ KIA က လက်မခံချင်တော့ဘူးဆိုတာနဲ့ PDF တွေ အိမ်ပြန်ရင် သတ်ပစ် မယ်ဆိုပြီး ကရင်အမျိုးသား အစည်းအရုံး KNU က ခြိမ်းခြောက်ထားတယ်ဆိုတဲ့ သတင်းအမှားတစ်ခုကို စစ် မာန် ဇော် ဆိုသူ Facebook အကောင့်ပိုင်ရှင်က နိုဝင်ဘာလ ၅ ရက်နေ့က တင်ထားပါတယ်။

စစ် မာန် ဇော် ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က “ရှေ့တိုးတော့သေ နောက်ဆုတ်လည်းသေရမဲ့ ဘဝပိုင်ရှင် များ” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ရေးသားထားပြီး အဲဒီအထဲမှာဆိုရင် “ကချင်မှာလည်း PDF ကို KIA ကလက် မခံ ချင်သလို ဖြစ်နေသလို၊ ကရင်ကလည်း တောပဒက် အကြမ်းဖက်သမားတွေကို ရှေ့တန်းသေတွင်းထဲ ပို့နေပြီ ဖြစ်ပါတယ်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသားထားပါတယ်။

ဒါ့အပြင် PDF တွေ အိမ်ပြန်ရင် KNU က သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ထားတယ်ဆိုပြီး ရေးသား ထားပါ တယ်။

“PDF အတွင်းသတင်းအရဆိုရင် PDF တွေအိမ်ပြန်လာချင်တာ အများကြီးရှိသလို စိတ်ညစ်နေကြရကြောင်း အိမ်ပြန်လို့မရကြောင်း၊ အိမ်ပြန်လျှင် KNU ကသတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း၊ Mission မရှိလျှင် NUG က ထောက်ပံ့မပေးတာကြောင့် ဆက်ကြေးကောက်ခြင်း၊ ဖောက်ခွဲခြင်းကို လုပ်ဆောင်နေရကြောင်း သိရသည်။ အိမ်ပြန်ချင်နေကြတဲ့ တောပဒက်တွေခမျာ ဝမ်းနည်းရသော်လည်း ပြုံးပျော်ချင်ယောင်ဆောင်နေ ရပြီး လိုင်း ပေါ် တင်ရ ရင်ဖွင့်နေရခြင်းဖြစ်ကြောင်း PDFအကြမ်းဖက်သမား ၃ ဦးက ဖွင့်ဟပြောပြလာပါတယ်....စိတ် တော့ မကောင်းပါဘူး မိမိတို့လုပ်ရပ်ကို မိမိတို့ပြန်လည်ခံစားရတယ်လို့ပဲ ပြောချင်ပါတယ်” ဆိုပြီး ရေးသား ထား ပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ KIA က PDF တွေကို လက်မခံတော့ဘူးဆိုတာ မဟုတ်သလို KNU ကလည်း အိမ်ပြန်ချင်တဲ့ PDF တွေကို ခြိမ်းခြောက်တယ်ဆိုတာ ကလည်း မဟုတ်လို့ပဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ် အခြေစိုက် ကချင်သတင်းဌာနတွေနဲ့ ယုံကြည်စိတ်ချရတဲ့ တခြားသတင်းဌာနတွေက သက်ဆိုင် တဲ့ တာဝန်ရှိသူတွေကို မေးမြန်းပြီး ရေးသား ထုတ်လွှင့်ထားတဲ့ သတင်းတွေကို ကြည့်မယ်ဆိုရင် KIA က PDF တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို အတူတကွ တော်လှန်တိုက်ခိုက်နေတာဟာ စစ်အာဏာသိမ်းကတည်းက စတင်ခဲ့တာဖြစ်ပြီး အခုလည်း အတူတကွ ဆက်လက်တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် KIA နဲ့ PDF တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့  ချကုန်ပြီ၊ ပြဿနာတက်ကြပြီ၊ KIA က PDF တွေကို ဖမ်းပြီ၊ လက်မခံ တော့ဘူး စတဲ့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားမျိုးကို သတင်းအမှား ဖြန့်ဝေသူတွေက စစ်အာဏာသိမ်း ပြီးတဲ့ နောက်မှာ ဆက်တိုက် ဆိုသလို ရေးသား ဖြန့်ဝေနေတာပါ။

သတင်းအမှား ဖြန့်ဝေသူတွေ ရေးသားထားတဲ့ KIA နဲ့ PDF တွေအကြားက သတင်းအမှား ပို့စ်တစ်ခုကို သတင်း နှင့် မီဒီယာကွန်ရက် - NMG သတင်းဌာန က ၂၀၂၂ ခုနှစ် မတ်လအတွင်းက စိစစ်ထားတာကို ဒီမှာ https://bit.ly/3NHHzgU ဝင်ကြည့်လို့ရ ပါတယ်။

နောက်ပြီးတော့ KNU က ထွက်ပြေးတဲ့ PDF တွေကို KNU က ပစ်သတ်ဖို့ အမိန့်ပေးထားတယ်။ ခြိမ်းခြောက် တယ်ဆိုတဲ့ ရေးသားမှုဟာလည်း အခုမှ မဟုတ်ပါဘူး စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တော်တော်များများ တွေ့လာရတဲ့ သတင်းအမှား ပို့စ်တစ်ခုပဲ ဖြစ်ပါတယ်။

ထွက်ပြေးတဲ့ PDF တွေကို KNU က ပစ်သတ်ဖို့ အမိန့်ပေးထားတယ်၊ ခြိမ်းခြောက်တယ်ဆိုတဲ့ သတင်းပို့စ်ဟာ သတင်းအမှားဖြစ်ကြောင်း သတင်းနှင့် မီဒီယာ ကွန်ရက် - NMG သတင်းဌာန က ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းက စိစစ်ထားတာကို ဒီမှာ https://bit.ly/3fPILCm ဝင်ဖတ်လို့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို စိစစ်ကြည့်လိုက်တဲ့အခါမှာ စစ် မာန် ဇော် ဆိုသူ Facebook အကောင့်ပိုင်ရှင် ရဲ့ ရေးသားမှုဟာ KIA ၊KNU တို့ကို PDF နဲ့ ရန်တိုက်ထားတဲ့အပြင် KIA နဲ့ KNU တို့ကို ပြည်သူတွေ အထင်အမြင် မှား အောင်၊ မယုံကြည်အောင်၊ မကူညီအောင်၊ ကြည့်မရအောင် ဝါဒဖြန့်ဖို့အတွက် လိမ်ညာ လုပ်ကြံ ရေးသား ထား တဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုး တမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

 

 

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...