မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များ တွေ့ဆုံမှုမှာ ထူးခြားသော ဆောင်ရွက်မှုများ မဖြစ်လာနိုင်ဟု သုံးသပ်မှုများရှိနေ

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များ တွေ့ဆုံမှုမှာ ထူးခြားသော ဆောင်ရွက်မှုများ မဖြစ်လာနိုင်ဟု သုံးသပ်မှုများရှိနေ
 Photo- Dhaka Tridune | MYANMAR ALIN NEWSPAPER
Photo- Dhaka Tridune | MYANMAR ALIN NEWSPAPER

ရခိုင်နှင့် ပလက်ဝဒေသတို့တွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲမကြာ ခဏဖြစ်ပွားနေချိန်၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ် အရာရှိများ အကြား တွေ့ဆုံဆွေးနွေးမှုများရှိနေသော်လည်း ယင်းတွေ့ဆုံမှုများမှာ နိုင်ငံအကြား ထူးထူးခြားခြာ းပူးပေါင်းဆောင်ရွက်မှုရှိလာရန် မျှော်လင့်ချက် မရှိကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့်တွေ့ဆုံကာ နယ်စပ်လုံခြုံရေးအစည်းအဝေးတရပ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ခ်မြို့၊ Shahparirdwip လှေဆိပ်၌ ကျင်းပခဲ့ပါကြောင်း နိုဝင်ဘာလ ၁ ရက်နေ့ စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီး ရဲဝေစိုး ဦးဆောင်သော ကိုယ်စားလှယ် ၆ ဦးအဖွဲ့နှင့် အမှတ်(၂) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (တက္ကနာ့ဖ်)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Sheikh Khalid Mohammad Iftekhar ဦးဆောင်သော ကိုယ်စားလှယ် ၈ ဦး အဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အခြေပြုလှုပ်ရှားနေသော သောင်းကျန်းသူ စခန်းများ၏ တည်နေရာများအား မြေပုံနှင့်တကွ အသိပေးခြင်း၊ နယ်စပ် တရားဥပဒေစိုးမိုးရေး မူးယစ်ဆေးဝါး၊ တရားမဝင် နယ်စပ် ဖြတ်ကျော်မှုများ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ နယ်စပ်ဒေသတွင် အခြေပြုလှုပ်ရှားသည့် အကြမ်းဖက်သမားများ တိုက်ဖျက်ရေး ပူးပေါင်းဖြေရှင်းရန် စသည့်အချက်တို့ကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အဆိုပါ နယ်ခြားစောင့်ရဲတပ်ဖွဲ့များအနေဖြင့်တွေ့ဆုံခြင်းမှာ သမရိုးကျလုပ်ထုံး၊ လုပ်နည်းတစ်ခုသာဖြစ်ပြီး စစ်ကောင်စီအတွက် အကျိုးရှိလာမည် မဟုတ်ကြောင်း မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က DMG သို့ပြောသည်။

“အဲဒါကတော့ နှစ်နိုင်ငံချစ်ကြည်အရေးအရ အပြန်အလှန်တွေ့ဆုံမှုတွေ လုပ်ကြဖြစ်မယ်။ ဒါပေမယ့် အခုက အခြေအနေတွေက ပိုပြီးတော့ ရူပ်ထွေးလာတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ AA နဲ့စစ်ကောင်စီကြားမှာ စစ်ရေး ပဋိပက္ခတွေ ပိုပြီးတော့ ပြင်းထန်လာတဲ့အတွက်ကြောင့် အရင်ကထက် နှစ်နိုင်ငံဆွေးနွေးမှုတွေ ပိုပြီး တော့ များလာတာပေါ့။ ဒီတိုက်ပွဲတွေအတွင်းမှာ လက်နက်ကျည်ဆံတချို့ကလည်း ဘင်္ဂလားဒေ့ရှ်ဖက်ကိုကျလို့ ဘင်္ဂလားဒေ့ရှ်ဖက် အကြိမ်ကြိမ်ခေါ်ယူသတိပေးတာတွေ ရှိတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကာကွယ်မလဲဆိုတာကို ဆွေးနွေးတာဖြစ်နိုင်တယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့ မြန်မာစစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ဘင်ဒရိုဘင်ခရိုင်၊ ခေါင်းတုံးဒေသအတွင်းသို့ ကျရောက်ပေါက်ကွဲကာ အသက် ၁၇ အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ နောက်ထပ် ၅ ဦးမှာလည်း ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ရက္ခိုင့်တပ်တော်(AA)က စက်တင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် စစ်ကောင်စီပိုင် မြန်မာအလင်းသတင်းစာက အဆိုပါ လက်နက်ကြီးပစ်ခတ်မှုမှာ မိမိတို့ လက်ချက်မဟုတ်ဘဲ AA နှင့် ARSA တို့ပူးပေါင်း၍ ရဲကင်းစခန်းများကို ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်များဖြစ်ပြီး ယင်းကျည်များမှာ ရဲကင်းစခန်းနှင့် နယ်စပ်ခြံစည်းရိုးကို ကျော်လွန်ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု စက်တင်ဘာလ ၁၇ ရက်နေ့က ညပိုင်းက ထပ်မံထုတ်ပြန်ခဲ့သည်။

ထိုသို့ ဘင်္ဂလားဒေ့ရှ်ဖက်ခြမ်းသို့ လက်နက်ကြီးကျရောက်မှုကိစ္စနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဒေ့ရှ် အစိုးရဘက်ကလည်း သဘောထားတင်းမာမှုများနှင့်အတူ မြန်မာအာဏာပိုင်များကို ပြင်းထန်စွာကန့်ကွက်ပြီး အကြိမ်ကြိမ် သတိပေးခြင်းများ ရှိခဲ့သည်။

ထိုသို့ လက်နက်ကြီးကျရောက်မှုကိစ္စကြောင့် မြန်မာစစ်တပ်နှင့် AA တို့ နှစ်ဘက်အပြန်အလှန်စပ်စွဲပြီးနောက်ပိုင်း နယ်စပ်ဒေသ နှစ်ဘက်လုံခြုံရေး တပ်ဖွဲ့တာဝန်ရှိသူတို့မှာ ယခုတွေ့ဆုံမှုသည်ပထဆုံးအကြိမ်လည်းဖြစ်သည်။

ယင်းကြောင့် ထိုတွေ့ဆုံခြင်းနောက်ကွယ်တွင် မြန်မာစစ်တပ်၏ လုပ်ရပ်များကို ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က သိထားသည့်အတွက် အစိုးရနှစ်ရပ်ကြားမှာ စစ်ရေးအရသော်လည်းကောင်း ထူးခြားသည့် ပူးပေါင်းဆောင်ရွက်မှုများ ရှိလာမည်မဟုတ်ကြောင်း ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခ ပြောသည်။

“ထူးခြားမှုရှိတာက လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ကျရောက်ပေါက်ကွဲမှုကို ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်ခဲ့တဲ့နောက်ပိုင်းမှာ ဒီဟာက ပထမအကြိမ်တွေ့ဆုံမှုဖြစ်တယ်။ တစ်ဖက်ကလည်း နေပြီးတော့ ဘင်္ဂလားဒေ့ရှ်အနေနဲ့က မြန်မာစစ်တပ်ရဲ့ သဘောသဘာဝနဲ့ စစ်ကောင်စီရဲ့အခြေအနေကို အားလုံးသိပြီးသား ဖြစ်တယ်။ နောက်ပြီးတော့ မြန်မာပြည်သူ တွေရဲ့ လက်ရှိ ရုန်းကန်နေရတဲ့ အခြေအနေတွေကိုလည်း ဘင်္ဂလားဒေ့ရှ်ဖက်က အားလုံးသိပြီးသားဖြစ်တဲ့ အတွက် မြန်မာစစ်တပ်နဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာ ထူးထူးခြားခြား ပူးပေါင်းဆောင်ရွက်မှုကတော့ ရှိလာဖို့လို့တော့ မမျှော်လင့်ဘူး”ဟု ဦးခိုင်သုခက ဆိုသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားမှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများရှိသည့်အတွက် နယ်စပ်ဒေသတွင်းနေထိုင်သည့်  ရခိုင်၊ ဒိုင်းနက်၊ မွတ်ဆလင်လူမျိုးများမှာ စိုးရိမ်မှုများရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်လူမျိုး နတ်ချောင်းဆရီခရိုင်၊ ချောင်းနားကျေးရွာတွင် နေထိုင်သည့် ဦးမောင်ကျော်ထွန်းက DMG သို့ ပြောဆိုထားသည်။

“ ဘင်္ဂလားဒေ့ရှ်ဒေ့ရှ် အစိုးရကတော့ မြန်မာဘက်ခြမ်းက အကြိမ်ကြိမ်ကျူး လွန်လာတဲ့ဟာကို သတိပေးထား တွေရှိနေတယ်။ ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်ဖက်က စစ်မက်ဖြစ်လာမှာကို သိပ်ပြီးတော့ မလိုလားပုံဖြစ်တယ်။ ဆိုတော့ သူတို့က ကမ္ဘာ့ကုလသမဂ္ဂကိုတိုင်တယ်။ နိုင်ငံတကာကို ဖြေရှင်းဖို့ အကူအညီတောင်းထားတယ်။ ဆက်လက်ပြီးဖြစ်လာရင် နိုင်ငံတကာအားကိုယူပြီး ဖြေရှင်းဖို့ လုပ်ဆောင်မယ်လို့ မြင်ရတယ်”ဟု ဦးမောင်ကျော်ထွန်းက ရှုမြင်သည်။

လက်ရှိ ရခိုင်တကျော့ပြန်စစ်ပွဲများမှာ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး အဓိကအားဖြင့် နယ်စပ်ဒေသများဖြစ်သော ဘင်္ဂလားဒေ့ရှ်-မြန်မာ-အိန္ဒိယနယ်စပ်ချင်းဆက်နေသည့် နေရာများဖြစ်သော မောင်တောနှင့် ပလက်ဝဒေသတို့တွင် ပိုမိုဖြစ်ပွားနေသည်ကို တွေ့ရသည်။

ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့ကလည်း မောင်တောမြောက်ပိုင်း ကျေးတောပြင် ကျေးရွာအနီးတွင် မြန်မာစစ်တပ်ကားတစ်စီးကို AA က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

October 16, 2024
ရခိုင်က မြို့နယ်အားလုံးတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ လုံးဝပြတ်တောက်နေသောကြောင့် ဒေသအတွင်း...
October 15, 2024
ရခိုင်ဒေသကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသလို...
October 14, 2024
အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ကျေးရွာပေါင်း ၁၀...
October 14, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ဒေသတွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၁၈ နှစ်အောက်...