ကြိုးပေးကွပ်မျက်ခံခဲ့ရသူ ၄ ဦးအတွက် ၃ လပြည့်အထိမ်းအမှတ် ဆွမ်းကပ်ခဲ့သည့် အင်းစိန်ထောင်မှ နိုင်/ကျဉ်းများ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

ကြိုးပေးကွပ်မျက်ခံခဲ့ရသူ ၄ ဦးအတွက် ၃ လပြည့်အထိမ်းအမှတ် ဆွမ်းကပ်ခဲ့သည့် အင်းစိန်ထောင်မှ နိုင်/ကျဉ်းများ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က ရန်ကုန်တိုင်း၊ အင်းစိန်ထောင်တွင် ကြိုးပေး ခံခဲ့ရသည့် ဦးဂျင်မီအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူလေးဦးအတွက် သုံးလပြည့်ဆွမ်းသွတ်ခဲ့သည့် နိုင်ငံ‌ရေးအကျဉ်းသား ၂၁ ဦးကို ထောင်အာဏာပိုင်များက အသက်န္တရာယ်ခြိမ်းခြောက်ခဲ့ကြောင်းသိရ သည်။

အင်းစိန်ထောင်အတွင်း ဖမ်းဆီးထားစဉ် မတရားကြိုးပေးကွပ်မျက်ခံလိုက်ရသည့် ဦးကျော်မင်းယု (ခ) ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်(ခ) မောင်ကျော်၊ ဦးလှမျိုးအောင် (ခ) ကိုမျိုးနှင့် ကိုအောင်သူရဇော် (ခ) ကိုကတုံးတို့အတွက် နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုရဲရင့်ကို၊ ကိုရဲရင့်ဘို၊ ကိုဝသုံစံနှင့် ကိုဟန်သာ တို့က ဦးဆောင်၍ သုံးလပြည့် ဝမ်းနည်းခြင်း အထိမ်း အမှတ်ဆွမ်းကပ်ခြင်းပြုလုပ်ခဲ့ကြသည်။

ဆွမ်းကပ်ရာတွင် ဦးဆောင်သူ လေးဦးနှင့်အတူ ကိုသက်ကိုကိုထွေး၊ ကိုကျော်ကျော်ခန့်၊ ကိုစိုးကိုကို၊ ကိုအောင်ပြည့်စုံဦး၊ ကိုကျော်သက်ပိုင်၊ ကိုရဲလင်းအောင်၊ ကိုဇော်ဇော်ဟန်၊ ကိုဇေယျာဖြိုး၊ ကိုဖိုးကောက်၊ ကိုနတ်ဆိုး၊ ကိုရဲကျော်၊ ကိုဂျေညီ၊ ကိုညီဇင်လတ်၊ ကိုချမ်းမြေ့ကိုကိုဇင်၊ ကိုအောင်မင်းခန့်၊ ကိုနိုင်ထာဝရ နှင့် ကိုအောင်ကို စသည့်နိုင်ငံရေး အကျဉ်းသား ၂၁ ဦးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

အထက်ပါနိုင်ငံရေး အကျဉ်းသားများသည် ကြိုးပေးကွပ်မျက်ခံခဲ့ရသူများအတွက် သုံးလပြည့် ဝမ်းနည်း ကြောင်း အထိမ်းအမှတ်အနေဖြင့် လက်ပတ်အမည်းများ ဝတ်ဆင်ကာ ဆွမ်းကပ်ခဲ့ကြခြင်းဖြစ်သည်။

ထို့သို့ ပြုလုပ်ခဲ့သည့်အတွက် “နိုင်ငံရေး အကျဉ်းသားဆိုတာမရှိဘူး။ အကုန်အကျဉ်း သားတွေချည်းပဲ။ မင်းတို့ကို သတ်ပစ်လိုက်လို့ရတယ်။ စာရွက်တစ်ရွက်ပဲ ကုန်မယ်” ဟု အကျဉ်းထောင်အာဏာပိုင်က ပြော ကြား၍ အသက်န္တရာယ်ကိုခြိမ်းခြောက်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများနှင့် နီးစပ်သည့် သတင်းရင်း မြစ်တစ်ခုက မဇ္ဈိမကို ပြောသည်။

သုံးလပြည့်အထိမ်းအမှတ် ဆွမ်းကပ်ခဲ့ရာတွင် ဦးဆောင်ခဲ့သူ လေးဦးကို အကျဉ်းထောင် အာဏာပိုင်များ က အဆိုပါနေ့တွင်ပင် ခြေတွင် ဒေါက်(ခြေချင်း)တပ်ဆင်၍ တိုက်ပိတ်သည့်အပြင် မြက်နုတ်ခိုင်းခြင်း၊ ထမင်းအသိုးများကို မြေကြီးပေါ်နင်းခိုင်းခြင်း၊ မိလ္လာခပ် ခိုင်းခြင်းနှင့် ကျင်းတူခြင်းများကို ပြုလုပ်ခိုင်း ကြောင်း၊ အလုပ်လုပ်ရာတွင်‌ နှေး‌ကွေးပါကရိုက်နှက်ကြောင်း ထောင်တွင်း သတင်းရင်းမြစ်က ယမန်နေ့ ညပိုင်းတွင် မဇ္ဈိမကိုပြောသည်။

ဆွမ်းကပ်ရာတွင် ပါဝင်ခဲ့သည့် အခြား ၁၇ ဦးကိုမူ နှစ်ယောက်တစ်တွဲ ခြေတွင် ဒေါက်များတပ်၍ ၅ ဆောင်ရှိ အခန်းများသို့ပို့ဆောင်ထားကြောင်း သိရသည်။

“အခုလိုရိုက်နှက်ခံထားရတော့ ကျန်းမာရေးအတွက်လည်းစိုးရိမ်တယ်။ ထောင်တွင်း ဆေးကုသခွင့် လို ချင်ပါတယ်။ ဆေးကုသခွင့်မပေးဘူးဆိုရင်တောင် ပါဆယ်မှာ ဆေးတွေထည့်ပေးလိုရအောင် ပါဆယ်ပိုခွင့် အမြန်ဆုံးရချင်ပါတယ်” ဟု အကျဉ်းသား ၂၁ ဦးတွင်ပါဝင်သူတစ်ဦး၏ မိသားစုဝင်က မဇ္ဈိမကိုပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို လက်မခံဘဲ အာဏာဖီဆန်ကာ တော်လှန်ခဲ့ကြသူများကို စစ်ကောင်စီက ဖမ်းဆီး၍ အကျဉ်းထောင် အသီးသီးတွင် ပုဒ်မအမျိုးမျိုးတပ်ကာ အမှုဖွင့်လှစ်ခဲ့သည်။

ထိုသို့ အမှုဖွင့်တရားစွဲဆိုသူများအနက်တွင် ဦးဂျင်မီတို့လေးဦးသည် စစ်ကောင်စီ၏ မတရားစွဲဆိုသည့် အမိန့်များဖြင့် ပထမဆုံးကွပ်မျက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများဖြစ်သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။စောဖေ

Most read this week

“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...
ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...
အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...