ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကို စစ်ကောင်စီကကျူးလွန်ခဲ့ကြောင်းပြောကြားရန်ပင် စစ်ကောင်စီနှင့်ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ် နေသည့် အဖွဲ့အများစုအနေဖြင့် ဝန်လေးနေသည်ကိုတွေ့ရသည်။
စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သည့်အဖွဲ့များဖြစ်သည့် အဖွဲ့ ၁၀ ဖွဲ့တွင် ကိုးဖွဲ့ကသာ ကချင်ဒေသဖြစ်စဉ်နှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ကြသည်။
စစ်ကောင်စီနှင့်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးနေသော အဖွဲ့များမှာ ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေးပါတီ(UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (MNSP) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ဖြစ်သည်။
၎င်းတို့ထဲမှပါဝင်သည့်အဖွဲ့ခြောက်ဖွဲ့သည် ကချင်ဒေသနှင့်ပတ်သက်ပြီး PPST အနေဖြင့် သတင်းထုတ် ပြန်ခဲ့ပြီး ဝ ဒေသ၊ RCSSနှင့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA) မိုင်းလားအဖွဲ့တို့မှာ သီးခြားထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ကြသည်။ SSPP ကမူ လက်ရှိအချိန်ထိ ကချင်ဒေသဖြစ်စဉ်နှင့်ပတ် သက်ပြီး တစ်စုံတရာ ပြောကြားခြင်းမရှိသေးပေ။
RCSS တစ်ခုသာလျှင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အထိမ်းအမှတ်ပွဲတက်ရောက်နေ သည့်ပြည်သူများ၊ အနုပညာရှင်များစီးပွားရေးလုပ်ငန်းရှင်များ၊ KIO အရာရှိအရာထမ်းများ သေဆုံးဒဏ် ရာရရှိခြင်းများစွာရှိခဲ့ကြောင်း အတိအလင်းထုတ်ပြန်ထားသည်ကိုတွေ့သည်။
PPST ၏ ကချင်ဒေသနှင့်ပတ်သက်သည့်ထုတ်ပြန်ချက်ထဲတွင် လေကြောင်းအင်အားအလွန်အကျွံအသုံး ပြုတိုက်ခိုက်ခံရမှုကြောင့် ပြည်သူများအသက်ဆုံးရှုံးရသည်ဟု သုံးနှုန်းထားပြီး ထုတ်ပြန်ထားသည်။ “ဝ” ဒေသအတွင်းရှိ အဖွဲ့များဖြစ်သည့်ဝပြည်သွေး စည်းညီညွတ်ရေးပါတီ၊ ဝပြည်နယ်ပြည်သူ့အစိုးရနှင့် “ဝ” ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော်တို့၏ ပူးပေါင်းထုတ်ပြန်ချက်တွင်လည်း လေယာဥ်ဖြင့်တိုက် ခိုက်မှုကိုခံခဲ့ရပြီး လူပေါင်းများစွာသေကျေဒဏ်ရာရခဲ့သည့်သတင်းကိုကြားသိရကြောင်းဟု ဖော်ပြထား သည်။
ထို့ပြင် မိုင်းလားအဖွဲ့၏ ကချင်ဒေသအပေါ်ထုတ်ပြန်ချက်တွင်လည်း သတင်းမီဒီယာများ၏ ထုတ်ပြန် ချက်အရ သိရှိရပြီး လွန်စွာတုန်လှုပ်မိကြောင်းသာ ရေးသားထားသည်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်မဟာ(၉) အနန့်ပါ (A Nang Pa) ၌ အောက်တိုဘာလ (၂၅) ရက်နေ့တွင်ကျရောက်မည့် (၆၂)နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO)နေ့ အထိမ်းအမှတ်ပွဲ အကြို တေးဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း များစွာသေဆုံးခဲ့ရခြင်းဖြစ်သည်။
ကချင်ဒေသဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း KIO တာဝန် ရှိသူများက အတိအလင်းပြောကြားမှုများရှိသော်လည်း စစ်ကောင်စီကတိုက်ခိုက်သည်ဟူသော စကားလုံး ကို အသုံးပြုရန်ပင် အထက်ပါအဖွဲ့များအနေဖြင့် ဝန်လေးနေကြသည်ကို တွေ့ရသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ ကျန်တဲ့အဖွဲ့တွေက ကြားနေပြီးတော့ စစ်ကောင်စီကပေး တဲ့ ငြိမ်းချမ်းရေးအခွင့်အလမ်းပေါ်မှာ ကိုယ့်ဒေသအကျိုးစီးပွားအတွက် ဆွေးနွေးနေကြတာဖြစ်ပြီးတော့ တစ်ပြည်လုံးဖြစ်နေတဲ့ ပဋိပက္ခတွေဖြစ်နေတဲ့နေရာမှာတော့ ပညာရှိလိုနှာစေးနေတာပေါ့ ။ အဲဒါကြောင့် ထည့်မသုံးတာ။ “ဝ” နဲ့ မိုင်းလားကတော့ လက်နက်ကိုင်အင်အားကြီးအဖွဲ့ဖြစ်ပြီးတော့ သူတို့မှာ နောက်ခံ နိုင်ငံရေးအကာအကွယ် နိုင်ငံရေးအရထောက်ထားပြီး စဉ်းစားမှုတွေရှိပါတယ်”ဟု သုံးသပ်ပြောဆိုသည်။
ထုတ်ပြန်ချက်တွင်ပါဝင်သော အချက်များနှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းမှုများပြုလုပ်ရန်အတွက် သက်ဆိုင်ရာအဖွဲ့များထံသို့ မဇ္ဈိမအနေဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိသေးပေ။ “ဝ” ဒေသအတွင်းရှိအဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)မှ လားရှိုးမြို့ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက “ ထုတ်ပြန်ချက်အတိုင်းပါပဲနော်။ သီးခြားမှတ် ချက်ပြုစရာမရှိသေးပါ” ဟု မဇ္ဈိမသို့ပြောကြားခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ