“လက်နက်ကြီးက ကျနော့်ဘေးကျလာတာဖြစ်တော့ အသံအရမ်းကျယ်တယ်။ စက္ကန့် ၂၀ လောက်ကိုယ့်ဟာကိုယ်မသိတော့ဘူး။ ကိုယ့်ဟာကိုယ်သတိပြန်ရလာတော့ ကျနော့်ဒူးအောက်ပိုင်းက ခြေပြတ်သွားပြီ။ အသားစတစ်ချို့နဲ့ပဲ ခြေထောက်ကဆက်နေပြီး သွေးတွေပန်းထွက်နေတာကိုလည်း မြင်နေရတယ်”
ဒါကတော့ ထန်တလန်မြို့နယ်တွင်းက ကျေးရွာတစ်ရွာမှာ စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား စစ်ပွဲဖြစ်ပွားနေချိန် လက်နက်ကြီးထိမှန်တာကြောင့် ခြေထောက်နှစ်ဖက်လုံးဖြတ်လိုက်ရတဲ့ ချင်းလူငယ် ဆလိုင်းပီတာဆွီနှင်က သူကြုံခဲ့တာကို ပြန်ပြောင်းပြောပြတာဖြစ်ပါတယ်။
ဆလိုင်းပီတာဆွီနှင်ဟာ ထန်တလန်မြို့နယ်၊ လေတပ်ကျေးရွာဒေသခံဖြစ်ပြီး မောင်နှမသုံးဦးအနက် အလယ်ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၅ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်တစ်ဦးအနေနဲ့ လက်နက်ကြီးကြောင့် ခြေထောက်နှစ်ဖက်ကို ဖြတ်လိုက်ရတာဖြစ်ပါတယ်။
သူ့အနေနဲ့ အခုလိုစစ်ပွဲဖြစ်ပြီး နိုင်ငံရေးမတည်မငြိမ်သာမဖြစ်ခဲ့ရင် ကွန်ပျူတာနဲ့ပတ်သက်တဲ့ လုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းလုပ်ဖို့ ငယ်ငယ်ကတည်းက ရည်မှန်းချက်ထားခဲ့သူဖြစ်ပါတယ်။
ဆလိုင်းပီတာဆွီနှင်က “ကျနော်က ငယ်ငယ်ကတည်းကနေ ကွန်ပျူတာနဲ့အလုပ်လုပ်တာကို စိတ်ဝင်စားခဲ့တယ်။ ကွန်ပျူတာအသုံးပြုပြီး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ပတ်သက်ပြီး ဒီဇိုင်းပိုင်းကို စိတ်ဝင်စားခဲ့တာပေါ့။ အဲဒါကတော့ အဓိကရည်မှန်းချက်ပေါ့။ ဒါပေမယ့် မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် သင်တန်းတွေကို မတက်နိုင်ခဲ့ဘူး။ ဒါပေမယ့် Youtube တွေမှာ ကိုယ့်ဟာကိုယ်လေ့လာတယ်” လို့ပြောပါတယ်။
သူဟာ ကိုဗစ်ကာလမတိုင်ခင်လေးမှာ ကလေးတက္ကသိုလ်မှာ ပထဝီမေဂျာနဲ့ ကျောင်းပြီးထားပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်လာတဲ့ ကျောင်းပြီးတဲ့နောက်ပိုင်း အလုပ်လုပ်ဖို့အဆင်မပြေတဲ့အတွက် စေတနာ့ဝန်ထမ်း လုပ်ငန်းတွေကိုသာ ဆောင်ရွက်ခဲ့တယ်လို့ သူ့ရဲ့အတွေ့အကြံုကိုပြောပြပါတယ်။
သူက “ ကျနော်ကျောင်းပြီးတာနဲ့ ကိုဗစ်ကစတာဆိုတော့ လုပ်ငန်းဆောင်ရွက်တာမျိုးတွေတော့ များများမရှိဘူး။ ကိုဗစ်ကာလမှာ ဟားခါးမြို့က ကိုဗစ်ကာကွယ်ရေးလုပ်ငန်းမှာ စေတနာ့လုပ်အားရှင်အနေနဲ့ ပါ၀င်တာ၊ နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးရေးမှာပါ၀င်ခဲ့တယ်။ ပြီးတော့ စတူတီယိုလုပ်ငန်းမှာ အချိန်ကာလအနည်းငယ် လုပ်ဖြစ်ခဲ့တယ်” လို့ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုဖြစ်လာတဲ့နောက်ပိုင်းမှာတော့ ဆန္ဒဖော်ထုတ်မှုတွေမှာတက်တက်ကြွကြွပါ၀င်ခဲ့ပြီးနောက်တော်လှန်ရေးမှာလည်း ပါ၀င်ခဲ့ပါတယ်။ လက်နက်ကြီးထိမှန်ပြီးနောက်ပို်င်းလက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဖက်မှာ နေထိုင်ရပါတယ်။
“နိုင်ငံသားတစ်ဦးအနေနဲ့ ဒီနွေဦးတော်လှန်ရေးမှာ တာဝန်ရှိတယ်လို့ခံယူထားတယ်။ ကိုယ့်ဒေသကို ကာကွယ်ဖို့က ကျနော်တို့လူငယ်တွေအတွက် တာဝန်တစ်ရပ်ဖြစ်လာတာပေါ့။ ဒါကြောင့် တော်လှန်ရေးမှာပါ၀င်ခဲ့တယ်။ ကျနော်တို့ နိုင်ငံကောင်းဖို့အတွက် ကိုယ်ကိုယ်တိုင်ပါ၀င်ဆောင်ရွက်ဖို့လိုတဲ့အတွက် တော်လှန်ရေးမှာပါ၀င်ခဲ့တာဖြစ်ပါတယ်” လို့ဆလိုင်းပီတာဆွီနှင်ကပြောပါတယ်။
သူလက်နက်ကြီးထိမှန်ခဲ့တာကတော့ ထန်တလန်မြို့နယ် Lungler ကျေးရွာမှာဖြစ်ပါတယ်။ ရာသီဥတုဆိုးရွားပြီး မိုးသည်းထန်စွာရွာသွန်းတဲ့အချိန်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားချိန် ရုတ်တရက် စစ်ကောင်စီတပ်ဖက်က ပစ်ခတ်တဲ့ လက်နက်ကြီးဟာ သူ့ဘေးမှာကျလာတယ်လို့ဆိုပါတယ်။ သူဒဏ်ရာရရှိခဲ့တဲ့ အခြေအနေကိုအခုလို ပြန်ပြောင်းပြောပြပါတယ်။
“မနက်ပိုင်းမှာ မိုးကလည်းအရမ်းရွာနေတယ်။ လက်နက်ကြီးပစ်တာတွေလည်း မကြားရဘူး။ အဲဒီချိန်မှာပဲ လက်နက်ကြီးက ကျတော့ဘေးနားမှာကျလာပြီး ကျနော်ဒဏ်ရာရသွားတာဖြစ်ပါတယ်။ ဘယ်ဖက်ခြေထောက်ကကျတော့ ကျည်စတွေမှန်ထားတယ်။ ဒါပေမယ့် ဘယ်ဖက်ခြေထောက်ကို သိပ်မထိခိုက်ဘူးလို့ထင်တာပေါ့။ ဒါပေမယ့် ခြေသည်းချောင်းတွေမရှိတော့တာ၊ ခြေမျက်စိတွေ မရှိတော့တာဖြစ်နေတယ်။ ကံကောင်းတာလို့ပြောရရင် ခြေထောက်ပဲထိပြီး တစ်ခြားခန္ဒာကိုယ်အစိတ်အပိုင်းတွေကို မထိဘူး။ လက်နက်ကြီးမှန်တာဆိုတော့ ဒဏ်ရာတွေက ကျဉ်နေတော့ ချက်ခြင်းအနာကိုမသိဘူး။ နေရာတောင်ရွှေ့နိုင်သေးတယ်။ အဲဒါပြီးတော့ သူငယ်ချင်းတွေက လာခေါ်တာပေါ့” လို့ဆလိုင်းပီတာဆွီနှင်ကပြောပါတယ်။
သူကဆက်ပြီး လက်နက်ကြီးထိမှန်ခဲ့စဉ်က အခြေအနေကို အခုလိုဆက်ပြောပြပါတယ်။
“ညာဖက်ခြေထောက်ကတော့ ချက်ခြင်းပြတ်သွားတာပေါ့။ ဘယ်ဖက်ခြေထောက်မှာလည်း ဒဏ်ရာထိထားတာတွေက မသက်သာနိုင်တော့ဘူးဆိုကြလို့ ဘယ်ဖက်ခြေထောက်ပါဖြတ်ပစ်လိုက်ရတယ်။ ကျနော်ဒဏ်ရာရတော့ သွေးအရမ်းထွက်တယ်။ ဒါကြောင့် သူငယ်ချင်းတွေက ဘုန်တလန်ရွာကို ဆိုင်ကယ်နဲ့ခေါ်သွားတယ်။ အဲဒီကနေ ကားငှားပြီး ထန်ဇန်ရွာကိုဆက်သွားတယ်။ အဲဒီမှာ ဒေါက်တာတစ်ဦးရောက်နေတော့ သူကဒဏ်ရာကို အရင်ကုပေးတယ်” ဆိုပါတယ်။
အဲဒီနောက်ပိုင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဖက်ကို ကားငှားပြီး အိုင်ဇောလ်မြို့မှာ ဆက်လက်ဆေးကုသခံယူခဲ့ပါတယ်။ သွေးထွက်လွန်နေခဲ့တာကြောင့် ရောက်ရောက်ချင်းသွေးလေးပုလင်းသွင်းရပြီး အဲဒီနောက်ပိုင်း ခွဲစိတ်မှုဆောင်ရွက်ခဲ့ရတယ်လို့သိရပါတယ်။
သူ့အနေနဲ့ အိုင်ဇောလ်မြို့မှာ ခြေထောက်တစ်ဖက်ဖြတ်လိုက်ပြီးနောက် တစ်ခြားတစ်ဖက်ဟာလည်း သက်သာမှုမရှိတာကြောင့် နယူးဒေလီကို သွားပြီးနောက်ထပ်ခြေတစ်ဖက်ကို ထပ်ဖြတ်ရပါတယ်။ အဲဒီမှာပဲ ခြေတုတပ်ဆင်ပေးတာကို တစ်ခါတည်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ခြေထောက်ဒဏ်ရာကြောင့် ဆေးရုံမှာနေခဲ့ရတဲ့ ကာလဟာ ငါးလကျော်တယ်လို့ ဆလိုင်းပီတာဆွီနှင်ကပြောပါတယ်။
သူ့အနေနဲ့ ခြေထောက်နှစ်ဖက်ဖြတ်ထားပေမယ့် စိတ်ဓာတ်မကျပဲ၊ တော်လှန်ရေးမှာမပါ၀င်နိုင်တော့တာကိုပဲစိတ်မကောင်းဖြစ်တယ်လို့ဆိုပါတယ်။
သူက “ဒဏ်ရာထိခိုက်ခါစမှာတော့ ကျနော့်စိတ်မှာဘာရယ်လို့တော့မရှိဘူး။ နောက်ပိုင်းစိတ်ထဲမှာ ရှိလာတာကတော့ ဒီတော်လှန်ရေးမှာ ကျတော့်မိတ်ဆွေတွေကို မကူညီနိုင်တော့ဘူးဆိုတဲ့ စိတ်ထဲမှာဖြစ်တာပေါ့” လို့ပြောပါတယ်။
သူ့အနေနဲ့ တော်လှန်ရေးပြီးသွားရင် သူ့ရည်မှန်းချက်အတိုင်း သင်တန်းကောင်းကောင်းဆက်တက်ချင်တယ်လို့ ဆိုပါတယ်။
သူက “တော်လှန်ရေးပြီးရင်တော့ ကျနော့်အိပ်မက်အကောင်အထည်ဖော်ဖို့သင်တန်းတွေလည်း ဆက်တက်ပါမယ်။ ဗီဒီယိုပိုင်းနဲ့ပတ်သက်ပြီး ဒါရိုက်တာဖြစ်မလား၊ script writer လုပ်မလားဆိုတာတွေကို လုပ်နိုင်ပါသေးတယ်။ အဲဒီအတွက် ကျတော်ကြိုးစားပါအုံးမယ်” လို့ဆိုပါတယ်။
ဆလိုင်းပီတာဆွီနှင်က မိုင်းအန္တရယ်နဲ့ပတ်သက်ပြီး မြန်မာစစ်တပ်တွေအနေနဲ့ သူတို့ထောင်ထားတဲ့ မိုင်းတွေကို ပြန်ဖော်မှာမဟုတ်တဲ့အတွက် ချင်းတောင်ဒေသမှာ ရေရှည်အထိ အန္တရယ်များမှာဖြစ်တဲ့အတွက် ဒေသခံကာကွယ်ရေးတပ်တွေကပဲ စနစ်တကျပြန်ရှာဖို့လိုလိမ့်မယ်လို့ ပြောပါတယ်။