ချင်းဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပြီးနောက်ပိုင်း ချင်းဒေသကနေ စစ်ဘေးရှောင်တွေဟာ မြန်မာနိုင်ငံအတွင်းက တခြားတိုင်းဒေသကြီးတွေနဲ့ အိန္ဒိယနိုင်ငံဖက်ကိုထွက်ပြေးကြရပြီး လက်ရှိမှာလည်း စစ်ဘေးရှောင်တွေဆက်တိုက်တိုးပွားနေပါတယ်။
စစ်ဘေးရှောင်တွေရဲ့လက်ရှိအခြေအနေနဲ့ ဘယ်လိုနေ့စဉ်ဘဝကို ဖြတ်သန်းနေလဲဆိုတာတွေနဲ့ပတ်သက်ပြီး စစ်ဘေးရှောင်တွေအနေနဲ့ စိန်ခေါ်မှုများစွာလည်း ရင်ဆိုင်နေရပါတယ်။ နိုင်ငံခြားဖက်ကို စစ်ဘေးမရှောင်တဲ့ ပြည်တွင်းက စစ်ဘေးရှောင်တွေရဲ့ အခြေအနေကတော့ များစွာအခက်အခဲရှိနေပါတယ်။
စစ်ဘေးရှောင်အချို့ရဲ့ ပြောပြချက်အရ စစ်ရှောင်အများစုကတော့ တိုက်ပွဲမဖြစ်တဲ့ ရပ်ရွာတွေမှာ စစ်ရှောင်ကြတာများပြီး အဓိကအားဖြင့် အလှူရှင်တွေရဲ့ထောက်ပံ့မှုကိုပဲအဓိကအားထားရတယ်လို့ ဆိုကြပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ စေတနာ့လုပ်အားရှင်တစ်ဦးက “စစ်ရှောင်ကတော့ ကိုယ့်မြို့နယ်တွင်းမှာပဲများပါတယ်။ မကွေးတိုင်းဖက်နဲ့တစ်ခြားတိုင်းဒေသကြီးတွေကို ရောက်သွားကြတယ်။ ချင်းပြည်နယ်တွင်းမှာပဲ စစ်ရှောင်တဲ့သူတွေကတော့ အလှူရှင်တွေပေးတဲ့ဟာနဲ့ပဲ စားဝတ်နေရေးကို ဖြေရှင်းရတယ်” လို့ဆိုပါတယ်။
ချင်းပြည်တွင်းက မြို့ပေါ်မှာစစ်ရှောင်ရတဲ့ ကျေးရွာကသူတွေဟာ တောင်ယာလုပ်ငန်းကို အနည်းငယ်ပြန်လုပ်နေကြရပါတယ်။ အရင်ကလို တောင်ယာလုပ်ငန်းမလုပ်နိုင်တာကြောင့် စိုက်ခင်းလုပ်ငန်းလေးတွေကိုပဲ ပြန်လုပ်ရတယ်လို့သိရပါတယ်။
စစ်ဘေးရှောင်ကူညီနေတဲ့ စေတနာ့လုပ်အားရှင်တစ်ဦးပြောပြချက်အရ “တစ်ချို့ကတော့ တောင်ယာလုပ်ငန်းနည်းနည်းပါးပါးပြန်လုပ်ကြတယ်။ စပါးစိုက်တာမျိုးတော့ တစ်နှစ်ပတ်လုံးလုပ်ရတာဆိုတော့ အဲဒါမျိုးတော့ မလုပ်ဖြစ်ကြတော့ဘူး။ စစ်ကြောင်းထိုးတာမျိုးနဲ့လည်း ကြုံနိုင်တာဆိုတော့လေ။ အဲဒါကြောင့် ချင်းပြည်နယ်အတွင်းမှာပဲစစ်ဘေးရှောင်တဲ့သူတွေကတော့ စိုက်ခင်းလေးတွေပဲလုပ်နိုင်တာပေါ့ “လို့ပြောပါတယ်။
ချင်းတောင်ဖက်ကနေ မကွေးတိုင်းဖက်ကို စစ်ရှောင်ရတဲ့သူတွေအနေနဲ့ကတော့ အလှူရှင်တွေရဲ့ထောက်ပံ့မှုကိုအဓိကအားထားရတာဖြစ်ပြီး သူတို့သွားရောက်ရာဒေသမှာ ဆွေမျိုးတွေရှိရင် ဆွေမျိုးတွေ လုပ်နေတဲ့လုပ်ငန်းတွေမှာ အလုပ်ဝင်တာမျိုးလည်းရှိပါတယ်။
ချင်းတောင်နဲ့အနီးစပ်ဆုံးဖြစ်တဲ့ မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းမှာ ခိုလှုံတာမျိုးမဟုတ်ပဲ တစ်ခြားဒေသမှာ ခိုလှုံသူတွေအနေနဲ့ကတော့ ရောက်ရှိတဲ့အရပ်မှာ ကြုံရာလုပ်ငန်းတွေ ဝင်လုပ်ပြီး ဝင်ငွေရှာဖွေနေကြရပါတယ်။
ရန်ကုန်ကိုရောက်ရှိလာတဲ့ စစ်ဘေးရှောင်တစ်ဦးက “မကွေးတိုင်းမဟုတ်တဲ့ ဒေသမှာရောက်သွားသူတွေကတော့ ကိုယ်တတ်နိုင်တဲ့အလုပ်ရှာပြီးရပ်တည်တာများပါတယ်။ လုပ်ငန်းတွေက ခြံလုပ်ငန်း၊ လယ်ယာလုပ်ငန်းတွေမှာဝင်လုပ်ကြတဲ့သူများတယ်ဆိုတော့ အဆင်ပြေတာပေါ့။ အများစုကတော့ လုပ်ငန်းမရှိကြတာများတယ်” လို့ပြောပါတယ်။
ပလက်ဝဒေသမှာ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော်တို့အကြား ၂၀၁၇ ကတည်းကတိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ပလက်ဝဒေသခံအချို့ဟာ ရန်ကုန်ကိုရွှေ့ပြောင်းလာပြီး အလှူရှင်တွေအနေနဲ့ စစ်ဘေးရှောင်စခန်းဆောင်ရွက်ပေးတဲ့နေရာတွေမှာလည်း အခုကာလစစ်ဘေးရှောင်တွေသွားရောက် ခိုလှုံရတာတွေရှိပါတယ်။
ရန်ကုန်ရောက်စစ်ဘေးရှောင်တစ်ဦးက “ရန်ကုန်မှာဆိုရင် အရင်က ပလက်ဝဖက်က စစ်ဘေးရှောင်တွေနေခဲ့တဲ့မှော်ဘီဖက်မှာ သွားနေရတဲ့ မိသားစုဝင်တွေလည်းရှိတာပေါ့။ အများစုကတော့ သူတို့ရောက်တဲ့ နေရာကသူတွေရဲ့ထောက်ပံ့ပြီး နေထိုင်ရာတာများတယ်” လို့အခြေအနေကို ရှင်းပြပါတယ်။
မကွေးတိုင်းဖက်ကို စစ်ရှောင်တဲ့ ချင်းတောင်က အရပ်သားတစ်ချို့ဟာ ချင်းတောင်ဒေသနဲ့ မြေပြန့်ဒေသရဲ့လုပ်ငန်းလုပ်ဆောင်တဲ့ ပုံစံတွေမတူတဲ့အတွက်ကြောင့် အခက်အခဲကြုံရသလို နေ့စားလုပ်ငန်းတွေကို ရှာဖွေပြီး ဝင်ငွေရှာဖွေနေရတယ်လို့ မကွေးတိုင်းဒေသကြီး၊ ကျောက်ထုမြို့ဒေသခံတစ်ဦးကပြောပါတယ်။
ကျောက်ထုမြို့ဒေသခံတစ်ဦးက “ကျောက်ထုဖက်မှာဆိုရင်တော့ စစ်ဘေးရှောင်ထောက်ပံ့မှုတွေနဲ့နေတာများတယ်။ အလုပ်အကိုင်မရှိကြဘူး။ တစ်ချို့ကတော့ ပေါင်းရှင်း၊ မြက်ရှင်းနဲ့နေ့တွက်လေးရတာတော့ရှိတယ်။ တောင်ပေါ်ဒေသကနေ စစ်ဘေးရှောင်လာကြတော့ တောင်ပေါ်က သူတို့လုပ်ကိုင်စားသောက်ပုံနဲ့ မြေပြန်ရဲ့အခြေအနေကမတူတော့ အလုပ်အကိုင်အတွက်လည်း ခက်တယ်။ အဲဒါတောင်မှ အပြင်ထွက်ရဲတဲ့သူတွေပဲ အလုပ်နည်းနည်းပါးပါးရတာ” လို့ပြောပါတယ်။
စစ်ဘေးရှောင်တွေရဲ့ အဓိကအခက်အခဲအနေနဲ့ကတော့ ဆန်ရရှိရေးဖြစ်တဲ့အတွက် အလှူရှင်တွေရဲ့ ဆန်ထောက်ပံ့မှုမပြတ်လတ်ဖို့ စောင့်မျှော်နေရတယ်လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။
သူက “ဆန်ကတော့ အဓိကအရေးကြီးဆုံးပဲ။ ဆန်ရှိရင်တော့ ထမင်းစားလို့ရမှာဆိုတော့ အဲဒါကတော့ အရေးကြီးဆုံးပါပဲ။ စစ်ရှောင်တွေအတွက် ထောက်ပံ့မှုမှာ ဆန်မပြတ်လပ်ဖို့အဓိကလိုတာပေါ့” လို့ဆိုပါတယ်။
ပြည်တွင်းမှာ စစ်ရှောင်သူအချို့ထဲက မိသားစုနောက်ခံ အဆင်ပြေတဲ့ တစ်ချို့အနေနဲ့ကတော့ ရန်ကုန်မှာ အိမ်ငှားပြီး အလုပ်လုပ်နေတာမျိုးတွေလည်း အများအပြားရှိတယ်လို့ မင်းတပ်မြို့နယ်၊ ကျေးရွာတစ်ရွာကနေ ကျောက်ထုဖက်ကို စစ်ရှောင်လာသူတစ်ဦးက ဆိုပါတယ်။
စစ်ဘေးရှောင်စဉ်က အရင်စုမိဆောင်းမိတာတွေနဲ့ စစ်ရှောင်ရပြီး အချိန်ကြာလာတဲ့အခါမှာ ကြုံရာအလုပ်ကို ရှာဖွေဆောင်ရွက်ရတာဖြစ်တယ်လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတစ်ဦးကရှင်းပြပါတယ်။
စစ်ရှောင်ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး သူက “စစ်ဘေးစရှောင်ကတည်းက အရင်က စုမိဆောင်းမိတဲ့ဟာတွေကိုယူပြီး စစ်ရှောင်တာပေါ့။ ဒါပေမယ့် ရုတ်တရက် စစ်ရှောင်တဲ့သူတွေဆိုရင် လုံးဝအဆင်မပြေတာမျိုးတွေကြုံရတာပေါ့။ ပခုက္ကူဖက်စစ်ရှောင်တွေ ဆိုရင်အစာပြတ်လပ်တာတောင်ဖြစ်တယ်။ နောက်ပိုင်းမှာတော့ ကြုံရာအလုပ်တွေ လုပ်တာမျိုးတွေနဲ့တော့ အဆင်ပြေအောင်ကြိုးစားပြီးနေကြတယ်” လို့ပြောပါတယ်။
သူကဆက်ပြီး “အခုချိန်က စီးပွားရေးအခက်အခဲကအားလုံးဖြစ်နေတာဆိုတော့ အလှူရှင်တွေက ပေးတာကို မျှော်ပြီးစားတာတွေရှိတယ်။ ရှိသမျှပစ္စည်းတွေလည်းထုခွဲရောင်းရတယ်။ အရင်က စီးပွားရေးအဆင်ပြေတယ်လို့ထင်ရတဲ့သူတွေတောင်မှ အခက်အခဲအများကြီးကြုံရတယ်” လို့ပြောပါတယ်။
စစ်ရှောင်တဲ့နေရာမှာ လူတိုင်းက အရင်အစိုးရဝန်ထမ်းတွေကိုယ်တိုင် အလုပ်အကိုင်မရှိတော့ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကျဆင်းမှုလည်းများနေတာကြောင့် အမျိုးသမီးတွေဆိုရင် အိမ်တွင်းအကြမ်းဖက်မှုတွေ ကြုံတာမျိုးတွေ များပြားနေတယ်လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူကပြောပါတယ်။
သူက “အမျိုးသမီးအိမ်ထောင်ရှင်တွေဆိုရင်လည်း တစ်ချို့က ဝန်ထမ်းဘဝကနေ CDM ဝင်တာမျိုးတွေရှိတယ်။ ဝင်ငွေဆိုလုံးဝမရှိတော့ဘူး။ ဝင်ငွေမရှိတဲ့ အခြေအနေများများဖြစ်သွားတာပေါ့။ စစ်ရှောင်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း စိတ်ဓာတ်ကျမှုတွေ ကြုံရတော့ အမျိုးသမီးတွေက အိမ်တွင်းအကြမ်းဖက်ခံရမှုတွေကြုံလာရတာပေါ့။ ကိုယ့်အမျိုးသားတွေလည်း သောက်စားတာမျိုးဖြစ်လာတော့ အဲဒါမျိုးပိုဖြစ်လာတာပေါ့။ အမျိုးသမီးကတော့ အသောက်အစားနည်းတယ်လေ။ ဒါကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေများလာတယ်” လို့ပြောပါတယ်။
အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက အမျိုးသမီးတွေရဲ့ လူမှုဘဝအခြေအနေနဲ့ပတ်သက်ပြီး အခုလိုအားပေးစကားပြောပါတယ်။
သူက “အခုကာလကတော့ အားတင်းထင်းဖို့ပြောချင်တယ်။ ကိုယ့်ခံယူချက်အတိုင်းရပ်တည်ဖို့နဲ့ ကိုယ့်မိသားစု ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲပေါင်းများစွာကို ကြံ့ကြံ့ခိုင်ပြီး ရင်ဆိုင်ကျော်လွှားဖို့နဲ့ ကိုယ်ယုံကြည်တဲ့ ဘုရားကို အားကိုးဖို့ပြောချင်ပါတယ်”
သူကဆက်ပြီး အိမ်တွင်းအကြမ်းဖက်မှု ကြုံတွေ့ရတဲ့ အမျိုးသမီးတွေအနေနဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ အကူအညီတောင်းတာမျိုး၊ အကြံတောင်းတာမျိုး၊ ဆွေးနွေးတာမျိုးတွေ လုပ်ဖို့ အရေးကြီးတယ်လို့ပြောပါတယ်။
အိန္ဒိယနိုင်ငံဖက်ကိုရောက်သွားတဲ့ စစ်ဘေးရှောင်တွေအများစုဟာလည်း နေ့စားလုပ်ငန်းကိုအဓိက လုပ်ဆောင်နေရတယ်လို့သိရပါတယ်။
အိန္ဒိယနိုင်ငံ၊ ကျောင်းဆရာလုပ်ငန်းကနေ CDM လုပ်ကာလောင်တလိုင်ကျေးရွာမှာ ရောက်ရှိနေသူတစ်ဦးက “ နေ့စားလက်သမားလုပ်ငန်း လုပ်တယ်။ ပြီးတော့ တစ်ပတ်နှစ်ရက်ကတော့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတွေက စီစဉ်ဆောင်ရွက်တဲ့ ကျောင်းပညာသင်ကြားမှုမှာ အချိန်ပေးပြီး စာသင်ပေးတာမျိုးလုပ်တယ်။ ဒါပေမယ့် အဲဒါကတော့ ဝင်ငွေမရှိဘူး။ စေတနာနဲ့ တစ်ပတ်ကို နှစ်ရက်စာသင်ချိန်ဝင်ပေးတယ်” လို့ပြောပါတယ်။
လက်ရှိအခြေအနေအရ ချင်းဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် စစ်ရှောင်တွေလည်းထပ််တိုးလာပါတယ်။ UNHCR ရဲ့စာရင်းအရ ချင်းတောင်ဒေသက လူဦးရေ ၂၀ ရာခိုင်နှုန်းဟာ စစ်ဘေးရှောင်ရပြီး စစ်ဘေးရှောင်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ပြည်တွင်းမှာ စစ်ရှောင်ပြီး ၃၀ ရာခိုင်နှုန်းဟာ အိန္ဒိယနိုင်ငံဖက်ကို စစ်ဘေးရှောင်ရတယ်လို့ဆိုပါတယ်။
Photo By Myanmar RedCross Society