ရက္ခိုင့်တပ်တော် AA ကိုတိုက်ရန် ALP က အင်အားကြီးမားစွာဖြင့် လှုပ်ရှားလာဟု သတင်းမှားဖြန့်

ရက္ခိုင့်တပ်တော် AA ကိုတိုက်ရန် ALP က အင်အားကြီးမားစွာဖြင့် လှုပ်ရှားလာဟု သတင်းမှားဖြန့်

ရက္ခိုင့်တပ်တော် AA ကို တိုက်ထုတ်ဖို့အတွက် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP က ရခိုင်ပြည်နယ် အတွင်း ကို အင်အား ၃၀၀၀ နဲ့ စတင်လှုပ်ရှားလာတဲ့အပြင် AA တပ်ဖွဲ့ဝင်တွေကလည်း စစ်ကောင်စီတပ်ထဲကို အလင်းဝင် လာတယ်ဆိုတဲ့ သတင်းပို့စ်တစ်ခုကို Myanmar News ဆိုတဲ့ Facebook စာမျက်နှာ က အောက်တိုဘာလ ၁၃ ရက်နေ့က တင်ထားတာကို တွေ့ရပါတယ်။

“ရခိုင်မျိုးချစ်အဖွဲ့ (ALP) စတင်လှုပ်ရှားပြီ” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ရေးတင်ထားတာဖြစ်ပြီး အဲဒီအထဲမှာ ဆိုရင် “ရခိုင်လူမျိုးကောင်းစားရေးအတွက်ဟုဆိုကာ ခေါင်းစဉ်ပြထားသော်လည်း မြေပြင်အမှန်တွင် ရခိုင်လူ မျိုးများ အား စစ်ဒဏ်သင့်အောင်လုပ်ပြီး ရခိုင်လူထုဆီကရသမျှ အခွန်ငွေနဲ့ မုတ်ဆိတ်ကိုနေရာ ပေးရေးသာ ဆောင်ရွက် လာသည့် ရခိုင့်မျိုးဖျက်အဖွဲ့ (AA) အားတိုက်ထုတ်ရန်နှင့် ရခိုင်ပြည်နယ်တွင်း မြေပေါ်မြေအောက် လှုပ်ရှားမှု မလုပ်နိုင်ရန်အတွက် ရခိုင်မျိုးချစ်အဖွဲ့ (ALP)မှ အင်အား ၃၀၀၀ ကျော်ဝင်ရောက်လာပြီး စတင် လှုပ် ရှားနေပြီ ဖြစ်ကြောင်း သိရသည်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသားထားတာကို တွေ့ရပါ တယ်။

ဒါ့အပြင် ALP က စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး AA ကို တိုက်ခိုက်တာ၊ မြို့ထဲ ရွာထဲတွေမှာ အရပ်သားလိုနေပြီး AA သတင်းကို စုံစမ်းတာအပြင် AA အဖွဲ့ထဲကို စိမ့်ဝင်ပြီး စစ်ကောင်စီတပ်အတွက် သတင်းစုဆောင်းပေးတာ တွေကို လုပ်ဆောင်နေတယ်ဆိုပြီး ရခိုင် လက်နက်ကိုင် အဖွဲ့အစည်း နှစ်ခုကို ရန်တိုက်ပေးတဲ့ ပုံစံမျိုးနဲ့ ရေးသား ထားတာကိုလည်း တွေ့ရပါတယ်။

AA တပ်ဖွဲ့ဝင်တွေက ထွက်ပြေးပြီး စစ်ကောင်စီတပ်ထံ အလင်းဝင်လာတဲ့အကြောင်းတွေ၊ ALP နဲ့ လာရောက် ပူး ပေါင်းဖို့ စာရင်းပေးထားတဲ့ ULA/AA တပ်ဖွဲ့ဝင် ၈၀၀၀ ခန့် ရှိတယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ထည့်သွင်း ရေးသားထားတာကို တွေ့ရပါတယ်။

အဆိုပါရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Myanmar News Facebook စာမျက်နှာက ULA/AA နဲ့ ALP/ALA တို့ကို နှစ်ဖက်ကြား သံသယတွေ ဖြစ်အောင်၊ ကြည့်လို့မရအောင်၊ ပြဿနာ ဖြစ်အောင် လုပ်ကြံဖန်တီး ရေးသားထားလို့ပဲ ဖြစ်ပါတယ်။

လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ ALP/ALA နဲ့ ULA/AA တို့ နှစ်ဖက်အကြား တင်းမာမှုတွေ ရှိနေပေမယ့် Myanmar News Facebook စာမျက်နှာက ရေးသားထားသလိုမျိုး အဖြစ်အပျက်တွေဟာ မြေပြင်မှာ တကယ် ဖြစ်ပွားတာမရှိသလို ALP အဖွဲ့မှာလည်း အင်အား ၃၀၀၀ ရှိမနေလို့ပဲ ဖြစ်ပါတယ်။

သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP- Myanmar) က ပြုစုထားတဲ့ ALP/ALA အကြောင်းနဲ့ တပ်အင်အားတွေကို ဒီမှာ https://bit.ly/3D5E8gi တွေ့နိုင်ပါတယ်။

ဒါ့အပြင် Myanmar News Facebook စာမျက်နှာ က ပြောထားသလိုမျိုး စစ်ကောင်စီ တပ်ထဲကို ULA/AA တပ်ဖွဲ့ ဝင်တွေ အလင်းဝင်လာတယ်ဆိုတာကလည်း မဟုတ်ပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကသာ ULA/AA ထဲကို လာ ရောက်ပူးပေါင်းခဲ့တယ်ဆိုတာကို စက်တင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ ULA/AA ရဲ့ ပဉ္စမအကြိမ်မြောက် သတင်းရှင်းလင်းပွဲမှာ ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ပြောထားတာကို ဒီမှာ https://bit.ly/3TesBBg ဝင်ကြည့်ရင် တွေ့နိုင်ပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်ကြည့်လိုက်တဲ့အခါမှာ Myanmar News Facebook စာမျက်နှာ ရဲ့ ရေး သားမှုတွေဟာ ရခိုင် လက်နက်ကိုင် အဖွဲ့အစည်း ၂ ခုကို တစ်ဖက်နှင့် တစ်ဖက် သံသယတွေ ဖြစ်လာအောင်၊ တင်းမာမှုတွေ၊ ပြဿနာတွေ ပိုမိုကြီးမားလာအောင်၊ ရခိုင်တိုင်းရင်းသား အချင်းချင်း တိုက်ခိုက် မှုဖြစ်အောင် လိမ်ညာဝါဒဖြန့်ဖို့အတွက် ရေးသားထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

Myanmar News Facebook စာမျက်နှာက ရေးတင်ထားတဲ့ သတင်းပို့စ်ကို စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုး သားအရေး လှုပ်ရှားသူတွေ တော်တော်များများက သူတို့ရဲ့ Facebook အကောင့်မှာ ကူးယူပြီး တင်ထားတာ ကို လည်း တွေ့ရပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ တာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

Most read this week

December 20, 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့်...
December 19, 2024
မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ လမ်းမကြီးဘေးတစ်လျှောက်ရှိ...
December 17, 2024
ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF...
December 17, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်တို့မှ လိုင်စင်မဲ့ယာဉ်များကို...