စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ကျောက်တော်မြို့နယ်မှ ဒေသခံ ၆ ဦး မိသားစုနှင့် အဆက်အသွယ်မရဘဲပျောက်ဆုံးနေ

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ကျောက်တော်မြို့နယ်မှ ဒေသခံ ၆ ဦး မိသားစုနှင့် အဆက်အသွယ်မရဘဲပျောက်ဆုံးနေ

စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ကျောက်တော်မြို့နယ်မှ ဒေသခံ ၆ ဦးမှာ မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်ဟု သတင်းရရှိသည်။  

အဆက်အသွယ်မရ ပျောက်ဆုံးနေသူ ၆ ဦးမှာ ကျောက်တော်မြို့နယ်၊ ကာဒီ (ခ) သဇင်ရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း (၄၃) နှစ်၊ အပေါက်ဝ ကျေးရွာမှ မောင်ချေ (ခ) ဦးမောင်သက်စိုး (၃၉) နှစ်၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ အရပ်ဘက်ဆေးဆရာ ဦးကျော်ဟိန်း၊ ကျောက်တော်မဟာမုနိဘုရား အနီး ထမင်းဆိုင်က အဖမ်းခံရသူ ဦးမောင်စောသာအပါအဝင် ၃ ဦး တို့ ဖြစ်ကြသည်။

ကျောက်တော်မြို့နယ်၊ ကာဒီ (ခ) သဇင်ရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့် အပေါက်ဝ ကျေးရွာမှ မောင်ချေ (ခ) ဦးမောင်သက်စိုးတို့ကို ကန်စောက် အခြေစိုက်  (၅၃၉) တပ်ရင်းမှ တပ်ရင်းမှူးက ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့က တွေ့ဆုံ ဆွေးနွေးစရာရှိသည်ဟုဆိုကာ ခေါ်ယူသွားပြီး ယနေ့အချိန်ထိ ပျောက်ဆုံးနေသည်ဟု မိသားစုက ပြောသည်။

ကဝိရတနာစစ်ဘေးရှောင်စခန်းမှ အရပ်ဘက်ဆေးဆရာဦးကျော်ဟိန်းကို ဇူလိုင် ၁၉ ရက် ည ၉ နာရီကျော်ခန့်တွင် ကျောက်တော် ရထားဘူတာ စစ်ဘေးရှောင် စခန်းသို့ ဆေးကုသပေးရန် သွားရောက်စဉ် စစ်တပ်၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ယနေ့ချိန်ထိ အဆက်အသွယ်မရ ပျောက်ဆုံးသည်ဟု ဇနီးဖြစ်သူက ပြောသည်။

အလားတူ ဩဂုတ်လ ၁ ရက်နေ့က ကျောက်တော်မဟာမုနိဘုရားအနီးရှိ ထမင်းဆိုင်တစ်ဆိုင်မှ လူမြင်ကွင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူ သရက်တစ်ပင်ရွာသား ကိုမောင်စောသာနှင့် သုံးဦးမှာလည်း အဆက်အသွယ် မရဘဲ ယနေ့ အချိန်ထိ ပျောက်ဆုံးနေသည်ဟု မိသားစုများက ပြောသည်။

 

ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့် အဖော်ဖြစ်သူ မောင်ချေ (ခ) ဦးမောင်သက်စိုးနှင့် (၅၃၉) တပ်ရင်းမှူးက ခေါ်ယူ၍ သွားရောက် တွေ့ဆုံခဲ့ပြီးနောက် ယနေ့အချိန်အထိ သတင်းတစ်စုံတစ်ရာ မရဘဲ ပျောက်ဆုံးနေသဖြင့်  များစွာစိုးရိမ်နေရကြောင်း ဦးလှမောင်သန်း၏ ဇနီး ဒေါ်လှအေးဆန်းက နိရဉ္စရာကို ပြောသည်။

"အခုဆို (၁၀) ရက်ရှိသွားပြီ ဘာသတင်းမှလည်းမကြားရပါဘူး။ ဖမ်းထားတယ် ဆိုရင်တောင် ဘယ်မှာဖမ်းထားလဲ သိချင်ပါတယ်။ ကျမအမျိုးသားက နေလည်းမကောင်းပါဘူး။ အခုက ဘာမှသိခွင့်လည်းမရ ၊ သွားမေးတော့လည်း မသိရလို့ နှစ်ယောက်လုံးအတွက် စိတ်ပူနေရပါတယ်" ဟု ပြောသည်။

ဇနီးဖြစ်သူနှင့် ဖုန်းပြောချိန်တွင်လည်း စစ်တပ်ကခေါ်ယူ၍  ဦးလှမောင်သန်းနှင့် ဦးမောင်သက်စိုးတို့သည် (၅၃၉) တပ်ရင်းသို့ရောက်ရှိနေကြောင်း အခိုင်အမာ ပြောခဲ့သည်ဟု သူမက ပြောဆိုသည်။

သို့သော် တပ်ရင်းသို့ သွားရောက်စုံစမ်းရာတွင်လည်း သူတို့နှစ်ဦး ရောက်ရှိ လာခြင်းမရှိဟု ပြောဆိုသည့်အတွက် လက်ရှိမှာ များစွာစိုးရိမ်စရာဖြစ်နေသလို မည်သို့လုပ်ဆောင်ရမည်ကိုလည်း မသိဘဲ ဖြစ်နေရကြောင်း သူမက ဆိုသည်။

မောင်ချေ (ခ) ဦးမောင်သက်စိုး၏ ဇနီးဖြစ်သူကလည်း  ဖမ်းဆီးထားသည် ဆိုလျှင်လည်း မည်သည့်နေရာတွင်ဖမ်းဆီးထားသည်ကို အကျိုးအကြောင်း ပြောပြစေလိုကြောင်း၊  အပြစ်တစ်စုံတစ်ရာ လုပ်ထားသည်ဆိုပါကလည်း ဥပဒေကြောင်းအရ စီစဉ် ဆောင်ရွက်သင့်ကြောင်း၊ အပြစ်မရှိ ဆိုပါကလည်း  အမြန်ဆုံးပြန်လွှတ်ပေးသင့်ကြောင်း ပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူများကို နေ့စဉ်နှင့်အမျှ ဖမ်းဆီးနေပြီး ထိုအထဲမှ တချို့ကို ရဲလက်သို့ မလွှဲပြောင်း၊ တရားရုံးမတင်ဘဲ ပျောက်ဆုံးနေမှုအပေါ် သက်ဆိုင်ရာမိသားစုများက အထူးစိုးရိမ်စရာ ဖြစ်နေသည်ဟု ပြောဆိုကြသည်။

စစ်တပ်က ဖမ်းဆီးထားသည့် လူအနည်းအကျဉ်းကိုသာ ပြန်လွှတ်ပေးကာ ကျန်လူများကို မိသားစုနှင့် အဆက်ဖြတ်ခြင်း၊ စစ်ကြောရေးတွင် နှိပ်စက်ခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

Most read this week

January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...
January 2, 2025
ရန်ကုန်မြို့ နေရာအများအပြားတွင် စစ်ကောင်စီတပ်က ရခိုင်လူမျိုးများနေထိုင်သည့် အဆောင်များ၊...
December 20, 2024
ရခိုင်က ဂွမြို့နယ်မှာ ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့...
December 17, 2024
ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ပြည်မဘက်သို့ စစ်ဘေးရှောင်သွားရာတွင် ဖြတ်သန်း...