စစ်တွေတွင် ALP အဖွဲ့က သေနတ်ပစ်ခတ်ပြီး သံတုတ်ဖြင့်ရိုက်နှက်၍ အရပ်သား ၂ ဦး ဒဏ်ရာပြင်းထန်ရရှိ၊ ကျူးလွန်သူ ရဲဘော် ၅ ဦးတိမ်းရှောင်နေဟုဆို

စစ်တွေတွင် ALP အဖွဲ့က သေနတ်ပစ်ခတ်ပြီး သံတုတ်ဖြင့်ရိုက်နှက်၍ အရပ်သား ၂ ဦး ဒဏ်ရာပြင်းထန်ရရှိ၊ ကျူးလွန်သူ ရဲဘော် ၅ ဦးတိမ်းရှောင်နေဟုဆို

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွင် ယမန်နေ့ အောက်တိုဘာ ၉ ရက် သီတင်းကျွတ်လပြည့်နေ့၌ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ တပ်ဖွဲ့ဝင်အချို့က သေနတ်ပစ်ခတ်ပြီး သံတုတ်ဖြင့် ရိုက်နှက်သဖြင့်  အရပ်သား ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ပြီး လက်ရှိတွင် ကျူးလွန်သူများမှာ ရှောင်တိမ်းနေသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူများမှာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် အေးသာယာလမ်းမှ ဦးခင်မောင်ဝင်း (၃၇ နှစ်)နှင့် သူ၏ ယောက်ဖဖြစ်သူ ဦးရန်နောင်စိုး (၃၉ နှစ်)တို့ဖြစ်ကြသည်။

ယမန်နေ့ အောက်တိုဘာ ၉ ရက် နံနက် ၁ဝ နာရီကျော်တွင် ရပ်ကွက်အတွင်းရှိ ဦးခင်မောင်ဝင်း ပိုင်ဆိုင်သည့် အရက်ဘီယာအရောင်းဆိုင်၌ ရပ်ကွက်ထဲမှ (ALP)တပ်ဖွဲ့ဝင် လူငယ် ၃ ဦးက အရက်လာဝယ်စဉ် အရောင်းဝန်ထမ်း အမျိုးသမီးငယ်က ယခင်ဝယ်ယူထားသည့်အကြွေးအား ပေးရန်တောင်းဆိုရာမှ ထိုလူငယ်များအနက် ၁ ဦးက ဒေါသဖြင့် ဆဲဆိုကြိမ်းမောင်း၍ ထွက်ခွာ သွားခဲ့သည်ဟု ဦးခင်မောင်ဝင်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ယင်းနောက် ALP တပ်ဖွဲ့ဝင် ၈ ဦးသည် သေနတ်များ၊ တုတ်/ဓား လက်နက်များကိုင်ဆောင်ကာ ကားတစ်စီးဖြင့် ပြန်လာပြီး ဆိုင်အတွင်း ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု မျက်မြင်များက ပြောသည်။

ယင်းသို့ပစ်ခတ်မှုကြောင့် ဆိုင်ရှင် ဦးခင်မောင်ဝင်း ထွက်ပြေးရာ လဲကျသွားခဲ့ပြီးနောက် သူ့ကို သေနတ်ဖြင့်ပစ်ပြီး ဓားဖြင့်ပါ ထိုးသွားခဲ့သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“သူက လဲကျသွားတာနဲ့ ဓားနဲ့လည်း ထိုးပစ်တယ်။ ဆက်တိုက်လည်း ပစ်လိုက်လို့ ပေါင်မှာ ၃ ချက် ပစ်လိုက်ပါသေးတယ်”ဟု ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ဦးခင်မောင်ဝင်း၏ညာဘက်တင်ပါးတွင် သေနတ်ကျည် ဖောက်ထွက်ကာ ဝမ်းဗိုက်ကျည်ထိမှန်ပြီး ဘယ်/ညာ ပေါင်တစ်ဘက်စီတွင်လည်း သေနတ်ကျည်ဆံထိမှန်ခဲ့သည်ဟု ဆိုသည်။ ၎င်းပြင် ဝမ်းဗိုက်အား ဓားထိုးဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့သည်ဟု ပြောသည်။

အလားတူ လာရောက်ကြားဝင်ဖျန်ဖြေသည့် ဦးခင်မောင်ဝင်း၏ယောက်ဖ ဦးရန်နောင်စိုးကိုလည်း ALP တပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့မှုကြောင့် ဦးခေါင်းကွဲသည့်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဒဏ်ရာရနေသည့် ဦးခင်မောင်ဝင်းနှင့် ဦးရန်နောင်စိုးတို့ ၂ ဦးကို ALP တပ်ဖွဲ့ဝင်များက ရပ်ကွက်တွင်းရှိ သူတို့ရုံးသို့ ဖမ်းဆီးခေါ်သွားခဲ့သည့်အတွက် သူတို့ ၂ ဦးကို ဆေးဝါးကုသလို၍ ပြန်လွှတ်ပေးရေး ကူညီပေးရန် မိသားစုက ရပ်ကွက်ရှိ နယ်မြေရဲစခန်းအားအကြောင်းကြားခဲ့ရပြီး ရဲတပ်ဖွဲ့က ပြောဆိုပြီးမှ ဆေးရုံတင်ခွင့်ရရှိခဲ့သည်ဟု ၎င်းတို့က ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သို့ ဆက်သွယ်ရာ  ဒုဗိုလ်မှူးကြီးကျော်ဇောက ယခုလို ပြောဆိုသည်။

"မနေ့ကဖြစ်စဉ်တွေကိုတော့ ကျနော်မေးထားပြီးပါပြီ။ ကျနော်တို့ ရဲဘော် နှစ်ယောက်က ဖိနပ်ဝယ်ဖို့ သွားတယ်။ အဲ့ဒီအိမ်ကတော့ အရက် ရောင်းတယ်ပေါ့လေ။ ကျနော်ရဲဘော်တွေက လူငယ်သဘာဝ အရက် အကြွေးသောက်ထားလား။ သို့မဟုတ် အရက်ဝယ်သောက်လားမသိဘူး။ အဲ့ဒီလိုတော့ ပြောတယ်။ဆိုင်ပိုင်ရှင်ကို အရက်ကြွေး ၃၅၀၀ သွားဆပ်ရင်း စကားများဖြစ်တယ်လို့ ပြောတယ်။ မင်းတို့ ALP ကဘာဖြစ်တယ်။ ညာဖြစ်တယ်ပေါ့။ပါတီကိုမကောင်းပြောတော့ စကားများ ဖြစ်ကြတယ်။အဲ့ဒီအချိန်မှာ  ဆိုင်မှာအငှားလိုက်နေတဲ့ မိန်းခလေးတစ်ယောက်က ALP တပ်ဖွဲ့ကဆိုပြီး အော်တယ်တဲ့။ အဲ့ဒီလိုအော်တော့ ဆိုင်ပိုင်ရှင်၊ ဆိုင်ပိုင်ရှင်ယောက်ဖအပါအဝင် ဘေးနားက ၇ ယောက်၊ ၈ ယောက်က ဘေးတွဲသမားတွေပါဝင်ပြီး ကျနော်တို့ရဲဘော်တစ်ယောက်ကို ရိုက်ကြတယ်လို့ ပြောတယ်။ နောက်ရဲဘော်တစ်ယောက်ကထွက်ပြေးလာပြီး စခန်းကိုလာအကြောင်းကြားလို့ စခန်းက တချို့တပ်မှူးငယ်တွေထွက်ပြီးလိုက်တယ်။ ဒီကလိုက်သွားတော့လည်း သူတို့က တုတ်နဲ့ဓားနဲ့ ခုတ်တယ်၊ သတ်တယ်လို့ပြောတယ်။ ဒီကအေးဆေးပြဿနာကိုဖြေရှင်းဖို့ လိုက်ဖို့ပြောတယ်။ မလိုက်တော့ တုတ်နဲ့သတ်တယ်။ လက်လုပ်သေနတ်ကိုဝင်လုလို့ လက်လုပ်သေနတ်နဲ့ပစ်ခတ်မှုဖြစ်တယ်။ ကျတာက ပေါင်မှာကျတယ်။ သေလောက်တဲ့ဒဏ်ရာတော့မဟုတ်ဘူး”  ဟု ပြောဆိုသည်။

၎င်းပြင် ပြည်သူတွေအနေဖြင့် ဖြစ်ဖြစ်၊ မီဒီယာအနေနှင့်ဖြစ်ဖြစ် ပါတီတစ်ခုကို အလွန်အကျွံ ပုတ်ခတ်ပါက ပဋိပက္ခပိုများနိုင်သည်ဟု ၎င်းက ပြောသည်။

“ ကျနော်တခုပြောချင်တာက ပြည်သူတွေအနေနဲ့ဖြစ်ဖြစ်၊ မီဒီယာအနေနဲ့ ဖြစ်ဖြစ် ပါတီအဖွဲ့အစည်း တစ်ခုကို အလွန်အကျွံပုတ်ခတ်ပြီး အလွန်အကျွံ အသုံးမကျတဲ့ပုံစံပြောနေရင် ပဋိပက္ခများမယ်။ ကျနော်တို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီဟာ နှစ်ပေါင်း (၅၀) ကျော်ပြည်သူ အတွက် ရပ်တည် လာတာဖြစ်တယ်။ တချို့လူတွေက ALP  ရပ်တည်မှုကို မကြိုက်မနှစ်သက်တဲ့ အပေါ် တချို့သော ပြည်သူတွေနဲ့ရောပြီး ALP ပျက်သုဥ်းရေးကို လုပ်နေကြတယ်လို့ မီဒီယာတွေမှာရော၊ ဖေ့စ်ဘုတ်စာမျက်နှာတွေမှာရော မဟုတ်မမှန် အပုတ်ချပြောနေတာတွေကို  အမြဲတမ်း သုံးသပ်နေကြတယ်။ ဒါကပဲ  ALP ၏ရပ်တည်မှုကို မရိုးသားတဲ့လူတွေက ရိုးသားတဲ့မိဘပြည်သူတွေနဲ့ ရောနှောပြီး အသုံးချနေတာကို ပြည်သူတွေအနေနဲ့ သတိထားဖို့ပြောချင်တယ်" ဟု ပြောဆိုသည်။

ယခုအခါ ၎င်းပြစ်မှု ကျူးလွန်သူ ရဲဘော် ၅ ယောက်မှာ လရှောင်တိမ်းနေပြီး စူး၊ ဓား၊ သေနတ်များ ပါသွားနိုင်သဖြင့် နောက်ထပ်ပြဿနာမဖြစ်ဖို့ လက်လှမ်းတမီ တားဆီးနေသည်ဟုပြောကြားသည်။

"ကျနော်တို့က သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကိုအပ်လိုက်တယ် အမှုအခင်းနဲ့ ပတ်သက်လို့ ။ မနေ့က ဖြစ်တဲ့ကိစ္စက တပ်မှူးငယ် အပါအဝင် ရဲဘော် ၅ ယောက် အဲ့ဒီရဲဘော်တွေ ပါတီဥပဒေအရ၊ တပ်စည်းကမ်းဥပဒေအရ အရေးယူအပြစ်ပေးခံရမှာကိုသိလို့ အခုရှောင်နေကြတယ်။ ကျနော်တို့လည်း လိုက်စုံစမ်းနေပါတယ်။ ဒီအတွက် ကျနော်တို့ အနေနဲ့လည်း ရဲဘော်တွေ ဆုံးရှုံးမှာ၊ ဒီရဲဘော်တွေ အဝေးကို ရောက်သွားမှာကို စိုးရိမ်နေရတယ်။ နောက်ထပ်ပြဿနာမဖြစ်ဖို့ကို လက်လှမ်းတမီ တားဆီးနေပါတယ်။ အဲ့ဒီရဲဘော်တွေနဲ့အတူ တချို့သော ဆူး၊ဓား၊ သေနတ်ကတော့ အဲ့လောက် ကြီးကြီးမားမားပါတာမရှိဘူး။ သို့သော် အနည်းအကျဉ်း လက်လုပ်လေးတွေ ဘာလေးတွေ ပါသွားတာရှိနိုင်တယ်လို့ ကျနော်သုံးသပ်တယ်။ ဒဏ်ရာရသွားသူတွေကိုတော့ အတတ်နိုင်ဆုံး ဆေးရုံတင်ထားတယ်။ ကျနော်တို့စဉ်းစားထားတာက သူတို့ဘက်ကသာ လာရောက်ညှိနှိုင်းရင် ကျနော်တို့ဘက်က အစွမ်းကုန်ဝင်ရောက်ကူညီပေးဖို့၊ လုပ်ပေးဖို့အဆင်သင့်ရှိပါတယ်။ သို့သော် ကျနော်ပြောချင်တာက ပြည်သူအတွက် နှစ်ပေါင်း (၅၀) ကျော်ဖြတ်သန်းလာတဲ့ပါတီတစ်ခုဖြစ်တယ်။ ALP ရဲ့ရပ်တည်မှုကို မကြိုက်မနှစ်သက်သူဟာ ရိုးသားတဲ့ မိဘပြည်သူ မဟုတ်ဘူးလို့သာ ကျနော်ပြောချင်တယ်" ဟု ဆိုသည်။

လက်ရှိတွင် သူတို့ ၂ ဦးသည် စစ်တွေမြို့ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသ နေရပြီး ဦးခင်မောင်ဝင်း၏ တင်ပါးမှတဆင့် ဝမ်းဗိုက်သို့ဝင်ရောက်သွားသည့် ကျည်ဆံအား ပြီးခဲ့သည့်ညက ခွဲစိတ်ဖယ်ရှားလိုက်ရသည်ဟု မိသားစုဝင်က ပြောသည်။

ဒဏ်ရာရရှိခဲ့သူများ၏မိသားစုဝင်များကမူ နောက်ထပ် ယခုကဲ့သို့ သွေးထွက် သံယိုဖြစ်စဉ်များ မဖြစ်ပွားစေလိုဘဲ အေးအေးချမ်းချမ်းသာသာ လုပ်ကိုင်စားသောက်လိုသည်ဟု ပြောဆိုကြသည်။

December 20, 2024
ရခိုင်က ဂွမြို့နယ်မှာ ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့...
December 17, 2024
ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ပြည်မဘက်သို့ စစ်ဘေးရှောင်သွားရာတွင် ဖြတ်သန်း...
December 17, 2024
အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းရှိ နေရာအများအပြားကို အာရက္ခတပ်တော် (AA...
ဓာတ်ပုံ - ပုံဟောင်းသာ
December 16, 2024
ဧရာ၀တီတိုင်း ပင်လယ်ကမ်းခြေ မြို့နယ်ခွဲတစ်ခုဖြစ်သော ငွေသောင်ယံတွင် စစ်ဘေးရှောင်နေကြသည့်...