ကုန်တင်ယာဉ်ပေါ်မှ ကုန်ပစ္စည်းများကို ခွန်အားစိုက်ကာ ပြောင်းရွှေ့နေကြသည့် ကုန်တင်၊ ကုန်ချ လုပ်ငန်းခွင်ထဲတွင် အမျိုးသားများနှင့်အတူ အမျိုးသမီးအချို့ကိုလည်း တွေ့မြင်ရသည်။ ထိုလုပ်ငန်းခွင်ထဲတွင် အလုပ်သမား ၂၀ ကျော်ရှိရာ အမျိုးသမီးအလုပ်သမား ၇ ဦးပါဝင်နေသည်။
ထိုလုပ်ငန်းခွင်မှ အလုပ်သမားခေါင်းဆောင်ဖြစ်သည့် အသက် (၃၇) နှစ်အရွယ် ဒေါ်စန္ဒာအပါအဝင် အလုပ်သမားများသည် ကုန်တင်ယာဉ်များကို အမှီပြုကာ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသည်။
ဒေါ်စန္ဒာတို့ ကုန်တင်ကုန်ချအလုပ်မှာ ပုံမှန်မရှိဘဲ ကုန်တင်ယာဉ်ရောက်မှသာ အလုပ်ဖြစ်ကြသည်။ ရန်ကုန်ဘက်မှ ကုန်တင်ယာဉ်များမှာ တစ်ပတ်လျှင် အများဆုံးလေးရက်ခန့်သာ ဝင်ရောက်မှုရှိသည်။ အဓိက စားသောက်ကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းများကို ဒေါ်စန္ဒာတို့ အလုပ်သမားများက အတင်အချလုပ်ကြရသည်။
“အလုပ်က ကားအပေါ်မှာ မူတည်တယ်။ ကျမတို့အတွက် တစ်ရက်မှာ ကားသုံးစီး ကုန်တင်ကုန်ချလုပ်ရလေ ပိုကောင်းလေပဲ”ဟု ဒေါ်စန္ဒာကပြောသည်။
ဒေါ်စန္ဒာတို့ အလုပ်သမားများမှာ ကုန်တင်ကုန်ချလုပ်ရာတွင် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးကို ငွေကျပ်ငါးသောင်းနှင့် ၆ ဘီးကုန်တင်ယာဉ်တစ်စီးလျှင် ငွေကျပ်သုံးသောင်းစီ ရရှိကြသည်။ ယခုကဲ့သို့ မိုးရာသီတွင် ၁၂ ဘီး ကုန်တင်ယာဉ်များ ဝင်ရောက်ခြင်းမရှိ၍ ၆ ဘီးကုန်တင်ယာဉ်များကိုသာ အဓိက ကုန်တင်ကုန်ချ လုပ်ကြရသည်။ ရရှိလာသည့်လုပ်အားခကို အလုပ်သမားများက ညီတူညီမျှ ခွဲဝေယူကြသည်။
“လုပ်အားခက အလုပ်သမားတွေအပေါ်မှာလည်း မူတည်တယ်။ ပုံမှန်ဆိုရင် အလုပ်သမား (၁၀) ယောက် လောက်လုပ်ရင် တစ်ယောက်သုံးထောင်ရတယ်။ အလုပ်သမား ၅ ယောက်လောက်လုပ်ရင်တော့ တစ်ယောက် ငါးထောင်ရတာတွေရှိတယ်”ဟု ဒေါ်စန္ဒာကပြောပြသည်။
ထိုသို့ အမျိုးသားများနှင့်တန်းတူ ခွန်အားစိုက်ရုန်းကန်နေရသော်လည်း လက်ရှိ အခြေခံ စားသောက်ကုန်များ တစ်နေ့ထက်တစ်နေ့ ဈေးနှုန်းမြင့်တက်နေမှုကြောင့် ထမင်းနပ်မှန်နိုင်ရေးအတွက် မလွယ်ကူကြောင်း ဒေါ်စန္ဒာကဆိုသည်။
“တဖြည်းဖြည်းနဲ့ ကုန်ဈေးနှုန်းတွေက သိပ်ကိုမြင့်လာတယ်။ အလုပ်သမားတွေက ဒီနေ့လုပ်မှ ဒီနေ့စားရတဲ့ လူတန်းစားတွေဆိုတော့ တစ်ယောက်မှလိုက်မမီနိုင်ဘူး။ အလုပ်မလုပ်ရတဲ့နေ့ဆိုရင် ပြောစရာမလိုဘူး”ဟု ၎င်းကပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်တွင် ဒေါ်လာဈေး၊ ရွှေဈေးများမြင့်တက်လာကာ ကုန်ဈေးနှုန်းများမှာလည်း လက်လုပ်လက်စားများ၏ဘဝကို ခြိမ်းခြောက်လျက်ရှိနေသည်။
စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်ရှိ အဝေးပြေးကုန်တင်ယာဉ်များ ရပ်နားသည့်နေရာတွင် ကုန်တင်ကုန်ချလုပ်နေကြသည့် အလုပ်သမားများထဲမှ လုပ်သားခေါင်းဆောင် ဒေါ်စန္ဒာသည် ကလေးနှစ်ဦးမိခင် မုဆိုးမတစ်ဦးဖြစ်သည်။
သူမ အသက် (၂၇) နှစ်အရွယ် အိမ်ထောင်သက် (၁၀) နှစ်ပြည့်ချိန်တွင် လင်ယောက်ျားဖြစ်သူ ဆုံးပါသွားခဲ့သည်။ ထိုအချိန်တွင် သမီးကြီးမှာ (၉) နှစ်အရွယ်ရှိသေးပြီး သမီးငယ်မှာ (၂) နှစ်အရွယ်သာရှိသေးသည်။
သမီးနှစ်ဦး၏ အနာဂတ်လှပရေးနှင့် ဝမ်းရေးအတွက် ဒေါ်စန္ဒာတစ်ယောက်တည်း ကျောက်ထမ်း၊ သဲထမ်း၊ ပန်းရံ၊ ကြုံရာကျပန်းလုပ်ကိုင်ရင်း လက်ရှိတွင် ကုန်တင်ကုန်ချအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေခြင်းဖြစ်သည်။
“အမျိုးသားသေဆုံးသွားလို့ ကျန်ခဲ့တဲ့သားသမီးတွေက ထမင်းငတ်လို့ သေရမှာလားဆိုတဲ့ မာနထားပြီး လုပ်ကိုင်ခဲ့တယ်”ဟု ဒေါ်စန္ဒာကပြောပြသည်။
လက်ရှိ ဒေါ်စန္ဒာ၏ အကြီးဆုံးသမီးမှာ အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ) တွင် တက်ရောက်နေပြီး အငယ်ဆုံးသမီးမှာ အဋ္ဌမတန်း တက်ရောက်လျက်ရှိသည်။
သမီးကြီးမှာ အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ) တွင် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာရပ် (EP) ဖြင့် တတိယနှစ်အောင်မြင်ရာတွင် (Star) နှစ်ခုပါခဲ့သည်။ ထို့ကြောင့် အဆိုပါဘာသာရပ်ကို အစိုးရစက်မှုလက်မှုသိပ္ပံ (သံတွဲ) တွင် (၃) နှစ် ဆက်ပြီးသင်ကြားရမည်ဖြစ်သည်။ သမီးကြီးမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် သံတွဲမြို့သို့ သွားရတော့မည်ဖြစ်၍ လက်လုပ်လက်စား ဒေါ်စန္ဒာမှာ ပူပင်နေရသည်။
မည်ကဲ့သို့သော စိန်ခေါ်မှုများပေါ်ပေါက်စေကာမူ သမီးများ၏ပညာရေးကို ဆုံးခန်းတိုင်အောင် ပံ့ပိုးပေးရန်ဆုံးဖြတ်ထားသည်ဟု ဒေါ်စန္ဒာကဆိုသည်။
“သားသမီးကို ပညာတတ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် သူတစ်ပါးဆီမှာလည်း အောက်မကျစေချင်ဘူး။ ကိုယ့်ပညာအရည်အချင်းနဲ့ဆိုရင် ဘယ်နေရာမှာမဆို လုပ်စားလို့ရတယ်။ ကျမလို မခံစားစေချင်လို့ သားသမီးကို ပညာတတ်စေချင်တာ”ဟု ၎င်းကပြောသည်။
လက်ရှိတွင် ဒေါ်စန္ဒာတို့မိသားစုသည် စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်၌ တစ်လလျှင် ငွေတစ်သိန်းကျပ် ပေးရသည့် တိုက်ခန်းတစ်ခုငှားကာ နေထိုင်လျက်ရှိနေသည်။
မိသားစု၊ ဆွေမျိုးများက နောက်အိမ်ထောင်ပြုရန် တိုက်တွန်းမှုကိုလည်း ဒေါ်စန္ဒာက ခါးခါးသီးသီး ငြင်းဆန်ခဲ့သည်။ သမီးများနှင့် အဖေအရင်းမဟုတ်သည့် ပထွေးကြားတွင် ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာမည်ကို ဒေါ်စန္ဒာက မလိုလားပေ။ ထို့ကြောင့် ပေါ်ပေါက်လာမည့် အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံ လျှောက်လှမ်းနေသည်ဟု ဒေါ်စန္ဒာကဆိုသည်။
“ဒီနေ့အချိန်ထိ ဘယ်လောက်ပင် အခက်အခဲကြုံရကြုံရ မျက်ရည်ကျခဲ့တာပဲရှိတယ်။ ဒီနေ့အချိန်ထိ နောက်အိမ်ထောင်မပြုဘူး။ ဘာဖြစ်လို့လဲဆိုရင် သားသမီးကိုချစ်လို့”ဟု သူကပြောသည်။
သမီးနှစ်ယောက် လူလားမြောက်ရေးနှင့် ဂုဏ်သိက္ခာရှိစွာဖြင့် ကိုယ့်ခြေထောက်ကိုယ် ရပ်တည်နိုင်ရန်အတွက် ဒေါ်စန္ဒာက ရည်မှန်းထားသည်။
“ကျမဘဝမှာ သမီးနှစ်ယောက် ပညာတတ်တာကို မြင်ချင်တယ်။ ကျမအဆင်ပြေဖို့ ပြောတာမဟုတ်ဘူး။ သူတို့ နှစ်ယောက် ပညာတတ်ဖြစ်ပြီး အိမ်ထောင်တွေကျသွားရင်တောင်မှ လင်ယောက်ျားအပေါ်မှာ အောက်ကျနောက်ကျ မခံရဘူး။ ကိုယ်ပညာနဲ့ကိုယ် ကိုယ့်အလုပ်နဲ့ကိုယ် လုပ်စားလို့ရတယ်။ လူတွေဆိုလည်း နှိမ်လို့မရဘူး။ ဆင်းရဲပေမယ့် ပညာတတ်တယ်။ ကိုယ့်အနေအထားနဲ့ကိုယ် လူလေးစားစေချင်တယ်”ဟု ဆိုသည်။
အလုပ်အကိုင်ရှားပါးမှုနှင့် စားဝတ်နေရေးကျပ်တည်းမှုများ ကြုံတွေ့ရချိန်တွင် ထွက်ပေါက်ရှာပြီး နိုင်ငံရပ်ခြားတွင် အလုပ်သွားရောက်လုပ်ကိုင်ရန် စိတ်ကူးမိသော်လည်း သမီးနှစ်ဦးကို မခွဲနိုင်၊ စိတ်မချနိုင်၍ မသွားဖြစ်ဟု ဒေါ်စန္ဒာကပြောပြသည်။
“အိမ်ကသားသမီးတွေ ကျမနောက်ကွယ်ရာမှာ တစ်ခုခုလုပ်မှာကို အကြောက်ဆုံးဖြစ်တယ်”ဟု ၎င်းကဆိုသည်။
ဆက်လက်၍ ဒေါ်စန္ဒာတစ်ယောက် ခွန်အားစိုက်ထုတ်ကာ ကုန်တင်ကုန်ချအလုပ်ကိုလုပ်ရင်း သမီးနှစ်ဦးအတွက် အသက်ရှင် တိုက်ပွဲဝင်နေအုံးမည်ဖြစ်ပါကြောင်း…။
မင်းထွန်း - ရေးသည်။