ရေစကြိုမြို့နယ် မြေခဲတောင်ရွာရှိ ဒေသခံပြည်သူ ၂ ဦး ကို ဒလန်ဟု စွပ်စွဲ သတ်ဖြတ်

ရေစကြိုမြို့နယ် မြေခဲတောင်ရွာရှိ ဒေသခံပြည်သူ ၂ ဦး ကို ဒလန်ဟု စွပ်စွဲ သတ်ဖြတ်

မဇ္ဈိမ။ ။မကွေးတိုင်း၊ ရေစကြို မြို့တောင်ဘက် ၁၀ မိုင် ခန့်အကွာရှိ မြေခဲတောင် ကျေးရွာတွင် နေထိုင်သည့် ဦးအောင်ကိုဝင်းသည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူး ရာထူးမှ နုတ်ထွက်ထားသူ တစ်ဦး ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၅ ရက် ည ၁၀ နာရီခန့်တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုမှ အင်အား ၄၀ ခန့်ဖြင့် ဝင်ရောက်၍ ဦးအောင်ကိုဝင်း နှင့် ဦးအောင်ကျော်မြင့် (ရပ်ကျေး မီးကော်မတီ) တို့၏ နေအိမ်များကို ရှာဖွေမှုများပြုလုပ်ခဲ့ ကြောင်းသိရသည်။

ထိုသို့ရှာဖွေရာတွင် ဦးအောင်ကိုဝင်း ၏ နေအိမ်တွင် ဦးအောင်ကိုဝင်းအား မတွေ့၍ သားဖြစ်သူ ကိုဇော်မျိုးသန့် အသက်(၃၂)နှစ်ကို သတ်ဖြတ်ခဲ့သည်။ ထို့အပြင် ဖုန်းနှစ်လုံး၊ ဆိုင်ကယ်တစ်စီး ၊ အဝတ်အစားများ နှင့် ပိုက်ဆံများကိုယူ၍ ကိုအောင်ကိုဝင်း၏ နေအိမ်ကို အမည်မသိ လက်နက်ကိုင်များက မီးရှို့ ဖျက်ဆီးခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံပြည်သူ တစ်ဦးက မဇ္ဈိမကို ပြောကြားသည်။

ထို့နောက် ဦးအောင်ကျော်မြင့် ၏ နေအိမ်ကို ရှာဖွေမှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး ဦးအောင်ကျော်မြင့် ကို မတွေ့၍ အိမ်နီးချင်း ဖြစ်သူ ဦးတူး(ခ) ဦးသန်းထွန်းအောင် ထံမှ ကားသော့ တောင်းယူသည်ဟု သိရသည်။

ဦးသန်းထွန်းအောင်က "မသိဘူး" ဟု ဆိုသောကြောင့် အိမ်တိုင်တွင် ထောင်ထားသည့် သံတူရွင်းဖြင့် ရိုက်နှက်ထားခဲ့၍ ရွာသားများက ဦးသန်းထွန်းအောင် ကို ညတွင်းချင်း အရေးပေါ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံပြည်သူ တစ်ဦးထံက သိရသည်။

"ကျွန်တော်တို့သာ အချိန်မီ ရောက်မသွားရင် ဦးသန်းထွန်းအောင် လည်း သွေးထွက်လွန်ပြီ သေဖို့များတယ်။ ကျွန်တော်တို့ ရောက်သွားတော့ သတိတွေ လစ်နေ ပြီဗျ။ ဒါက မဟုတ်ဘဲ ခံနေရတဲ့ ပြည်သူတွေ။ ကြာလာတော့ ကျွန်တော်တို့က လက်နက်ကိုင်နေတဲ့ ပြည်သူအချင်းချင်း ပြန်ကြောက်နေရတယ်။ ဒီလူတွေ ဆိုရင် ရပ်ကျိုးရွာအကျိုး သယ်ပိုးနေတဲ့ လူတွေဗျ။ ဒါဟာ ပုဂ္ဂိုလ်ရေးအရ သပ်သပ် လုပ်ကြံမှု တွေ။ ကိုဇော်မျိုးသန့် ကတော့ ကျွန်တော်တို့ ရောက်သွားတဲ့ အခါမှာ ပေါင်တွေ ၊ ခြေသလုံးတွေ ၊ ပါးတွေ ၊ လည်းပင်းတွေမှာ ဓားချက်ပေါင်း များစွာ နဲ့ သွေးအိုင်ထဲ မှာ သေနေတာကို တွေ့ခဲ့ရတယ်။ စစ်ကောင်စီတပ်က လုပ်သလိုမျိုး အလောင်းကို နေအိမ်ထဲမှာ ထည့်ပြီး မီးရှို့ ထားခဲ့တယ်။ မီးကိုတော့ ကျွန်တော်တို့ ရွာသားတွေ အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့တယ်" ဟု ဒေသခံပြည်သူ တစ်ဦးက မဇ္ဈိမ ကိုပြောသည်။

အလားတူ စက်တင်ဘာလ ၁၄ ရက် နေ့လယ် ၁၂ နာရီခန့်တွင် မြေခဲတောင်ရွာ မှ ဦးမြင့်ဝေ ကို အမည်မသိ လက်နက်ကိုင်တစ်စုက ဆိုင်ကယ် သုံးစီး လူခြောက်ယောက် ဖြင့် လာရောက်၍ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူ တစ်ဦးထံက သိရသည်။

"ဦးမြင့်ဝေက ကျနော်တို့ ကျေးရွာမှာ မီးကော်မတီဝင်ထဲ က တစ်ယောက်ပါ။ ဦးမြင့်ဝေ က အသောက်အစားမရှိဘူး။ ခပ်အေးအေး နေထိုင်ပြီး အိမ်ဈေးဆိုင် ဖွင့်ပြီး ဈေးရောင်းနေသူ တစ်ဦးပါ။ ဦးအောင်ကျော်မြင့်(မီးကော်မတီဝင်)ကို လက်နက်ကိုင် တစ်စု သတ်ဖို့ကြံစည်ကတည်းက အုပ်ချုပ်ရေးမှူးဟောင်းနဲ့ မီးကော်မတီဝင်တွေကို ပစ်မှတ်ထားပြီး လုပ်ကြံနေတယ်လို့ သိတယ်။ ဒါကြောင့် ညပိုင်းရောက်ရင် ပခန်းကြီး ကျေးရွာကိုသွားပြီး အိပ်တယ်။ နေ့ပိုင်း ရောက်မှ သူ့အိမ်က ဈေးဆိုင်ကို လာပြီး ဈေးရောင်းတယ်။ ဒါတွေကို သိထားတဲ့ လက်နက်ကိုင်တစ်စုက နေ့ခင်းပိုင်းမှာ ဆိုင်ကယ် သုံးစီး လူခြောက်ယောက်နဲ့လာတယ်။ ပြီးတော့ ကိုဇော်မျိုးသန့် ကို သတ်ဖြတ်ထားသည့် ပုံစံ အတိုင်း ဦးမြင့်ဝေကိုလည်း ဓားနဲ့ လှီးပြီး သတ်ဖြတ်ခဲ့တယ်"ဟု ဒေသခံပြည်သူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

မြေခဲတောင် ကျေးရွာတွင် စစ်ကောင်စီတပ် ၊ ရဲ တို့နှင့် ဆက်သွယ်ထားသည့် သက်သေ အထောက်အထား မရှိဘဲ သတ်ဖြတ်နေမှုများကြောင့် ကျန်ရှိနေသည့် မီးကော်မတီဝင် ၁၄ ဦး အပြင် ရွာသူရွာသားများမှာ ကြောက်လန့်နေကြကြောင်း သိရသည်။

"ကျွန်တော်တို့ရွာက ပြောရရင် အစိမ်းကို မရှိတာ။ ဒလန်သူဘျှို လုပ်ဖို့ဆိုတာဝေး။ အခုကလည်း ရပ်ရွာ အကျိုး သယ်ပိုးနေတဲ့ လူတွေ အသတ်ခံနေရတာ ။ ညဘက် ခွေးတွေ ဟောင်ရင်ကို လန့်နေရတာဗျ။ မီးကော်မတီ ဝင်ထဲက လူတွေ နဲ့ တစ်ချို့ ရွာသူရွာသားတွေ တော့ ကြောက်ပြီ ရှောင်နေရတယ်" ဟု ဒေသခံပြည်သူတစ်ဦးက ဆိုသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...
October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...