မြဝတီကုန်သွယ်ရေးဇုန်တွင် မြန်မာကုန်တင်ကားများကို ရဲနှင့်ယာဉ်ထိမ်းရဲတို့မှ တရားမဝင်ငွေကြေးကောက်ခံမှုများရှိနေ

မြဝတီကုန်သွယ်ရေးဇုန်တွင် မြန်မာကုန်တင်ကားများကို ရဲနှင့်ယာဉ်ထိမ်းရဲတို့မှ တရားမဝင်ငွေကြေးကောက်ခံမှုများရှိနေ

မဇ္ဈိမ ။ ။ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် တစ်ဖက်ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို ပြန်လည်သယ်ယူမည့် မြန်မာကုန်တင်ကားများကို ရဲနှင့်ယာဉ်ထိမ်းရဲတို့က တရားမဝင်ငွေကြေး ကောက်ခံမှုများ ရှိနေကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

အဆိုပါ ကုန်တင်ကားများသည် မြဝတီကုန်သွယ်ရေး ဇုန်အတွင်းသို့ ဝင်ရောက်ရန် တန်းစီရာတွင် ရဲနှင့်ယာဉ်ထိမ်းရဲတို့က ကားတစ်စီးလျှင် ငွေကျပ် ၃၀, ၀၀၀ မှ ၄၀,၀၀၀ အထိ တရားမဝင် ငွေကြေးကောက်ခံပြီး တန်းစီနေရာအလှည့်ကျော်ပေးနေကြောင်း သိရသည်။

“ပိုက်ဆံပေးတဲ့ကားဆို ကျော်တက်ဇုန်ထဲဝင်၊ မပေးတဲ့ကားဆို တန်းစီပေါ့။ (၂၇၅) တပ်ရင်းရှေ့က တန်းစီရင် သုံးရက်အိပ်ရတယ် ။ ဇုန်ထဲဝင်ဖို့၊ ဒီတော့ ကိုယ့်ကား ဝင်ဖို့အရေး ပိုက်ဆံပေးဝင်ရတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကားတန်းစီခြင်းကြောင့် လမ်းပိတ်သည်ဟုဆိုကာ မြဝတီကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူများက အစည်းအဝေးခေါ်ကာ တန်းစီစနစ်ကို ပြောင်းလဲလိုက်သည်။

အစည်းအဝေးပွဲတွင် လုပ်ငန်းရှင်တစ်ဦးမှ ရဲနှင့်ယာဉ်ထိမ်းရဲတို့ကို ပိုက်ဆံပေးရကြောင်း တိုင်ကြားခဲ့သောကြောင့် ၎င်းအစည်းအဝေးပြီးသည့်နောက်တွင် အဆိုပါ လုပ်ငန်းရှင်၏ ကားကို ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာဟုဆိုကာ ယာဉ်ထိမ်းရဲက ဖမ်းဆီးခဲ့သည်။

“အခွန်ဆောင်ပြီး စာရွက်စာတမ်းတွေစုံပြီဆိုရင် အကောက်ခွန်မှာ ယာဉ်စစ်ဆေးခွင့်တောင်း၊ ယာဉ်စစ်ဆေးခွင့်ရပြီးမှ မိမိတို့ ဂိုဒေါင်ကနေ ကားထွက်လာပေမယ့် ကားတန်းစီလို့မရဘူးပေါ့ ။ အစည်းအဝေးမှာ ဆုံးဖြတ်တယ်။ ဒါပေမဲ့ အစည်းအဝေးဆုံးဖြတ်တဲ့အတိုင်း လုပ်လားဆိုတော့ မလုပ်ကြဘူး။ ကားတန်းစီရတယ် အခွန်တွေဆောင်ပြီးလို့ ယာဉ်စစ်ဆေးခွင့်လက်မှတ်တွေလည်း ရပြီး ဇုန်ထဲဝင်ခွင့်မပေးဘူး စောင့်နေရတယ် ။ ယာဉ်ထိန်းရဲကို ပိုက်ဆံပေးပြီး ကျော်တက်ကြတာပဲ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ လုပ်ငန်းရှင် နောက်တစ်ဦးက ပြောသည်။

ကားတန်းစီရခြင်းမှာ ဇုန်အတွင်း ကားစစ်ဆေးရန် စောင့်ရသည့် နေရာသည် မြေအနေအထားမကောင်းခြင်း ၊လမ်းပျက်နေခြင်းကြောင့် ကားရပ်မရသည့်နေရာဖြစ်ပြီး အဆိုပါနေရာကို စစ်ကောင်စီက ပြုပြင်မှုမရှိခဲ့ပေ။

ရက်ကြာ ကားတန်းစီရခြင်းကြောင့် ကုန်ပစ္စည်းအချို့ ပျက်စီးထိခိုက်မှုများရှိနေပြီး ယာဉ်မောင်းများနှင့် ကုမ္ပဏီတို့ အချင်းများမှုများ ရှိနေသည်။

ကားပိတ်နေခြင်းဖြစ်ကြောင်း ယာဉ်မောင်းများမှ ကုမ္ပဏီကို သက်သေပြရန် ဓာတ်ပုံရိုက်ကူးသော်လည်း ရဲတပ်ဖွဲ့မှ ဗျူဟာမှူးက မရိုက်ခိုင်းသည့်အတွက်ဟုဆိုကာ ပိတ်ပင်ခံရကြောင်း သိရသည်။

“တစ်နေ့က ဓာတ်ပုံရိုက်လို့ ဇုန်ထဲ ရဲ ၁၂ ယောက်က ဝိုင်းရိုက်တာခံလိုက်ရတယ် ။ လမ်းရှင်းဖို့ တာဝန်ရှိလို့လာတာကို သိပါတယ် ။ ဒါပေမဲ့ ကားကျော်တက်ဖို့အတွက် ပိုက်ဆံပေးမှ ဇုန်ထဲဝင်လို့ရအောင်လုပ်နေတာက တဖြည်းဖြည်းနဲ့ဂွင်တစ်ခုလိုဖြစ်လာတယ် ။ ဇုန်ထဲကိုမပြင်ဘူး ။ မပြင်တော့ ကားရပ်ဖို့ နေရာမရှိဘူး ။ အပြင်မှာတန်းစီ၊ ရဲအလုပ်က လုံခြုံရေးအလုပ် အခုက ပိုက်ဆံတောင်းတဲ့အလုပ်ဖြစ်နေတယ် ။ လူကြီးတွေလည်း ခွဲတမ်းရတာကို ၊ ဒီတော့ သူတို့မမြင်ချင်ယောင်ဆောင်တာ နှစ်ဖွဲ့လုံး”ဟု အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့အပြင် ဇုန်အတွင်းဝင်ရန် ကားကြန့်ကြာနေခြင်းအပြင် မြဝတီမြို့မှ ရန်ကုန်သို့ သွားသည့် ကားလမ်းမကြီးတစ်လျှောက်တွင်လည်း စစ်ကောင်စီမှ အစစ်အဆေး တင်းကျပ်နေခြင်းကြောင့် ယခင်ထက်များစွာ အချိန်ကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်ခြမ်းမှ မြဝတီကုန်သွယ်ရေးဇုန်ကို တစ်နေ့လျှင် ပျမ်းမျှကားအစီးရေ ၃၀၀ကျော် ဝင်ရောက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စိုက်ပျိုးရေးပစ္စည်း၊အထည်ချုပ်လုပ်ငန်းသုံး ပစ္စည်းနှင့် စားသောက်ကုန်များ တင်ပို့လျက်ရှိသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

ဖာပွန်မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံအချို့ (ဓါတ်ပုံ- KNU- Mutraw News) (ပုံဟောင်းဖြစ်ပါသည်)
November 27, 2024
ကရင်ပြည်နယ်၊ ဖာပွန်-ကမမောင်းလမ်းတလျှောက် စစ်ကောင်စီကစစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ...
၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ။
November 27, 2024
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊...
“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...
ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...