မေး။ ။ လက်ရှိအစိုးရမှဖော်ဆောင်နေသောငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အမြင်သဘောထားလေးပြောပြပေးပါ။
ဖြေ။ ။ လက်ရှိအစိုးရဖော်ဆောင်နေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ပြီးခဲ့တဲ့အစိုးရသက်တမ်းမှာ ရေးဆွဲချမှတ်ပြီး တနိုင်ငံလုံးသဘောတူညီချက်အဖြစ်လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပြည်ထောင်စုအစိုးရနဲ့တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအကြားချုပ်ဆိုသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA အပေါ် အခြေခံတယ်၊ သည်စာချုပ်ရဲ့အဓိကအနှစ်သာရဟာ –
၁) ငြိမ်းချမ်းရေးဖြစ်စဉ်ကိုဆွေးနွေးညှိနှိုင်းနေဆဲကာလမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ လက်နက်စွန့်စရာမလိုဘူး၊
၂) အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဟာ တန်းတူရည်တူဆွေးနွေးခွင့်ရှိတယ်၊
၃) ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်ကနေ နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်။
ဆိုတဲ့ (၃) ချက်ဖြစ်တယ် – ဒီတော့ လက်ရှိအစိုးရဖော်ဆောင်နေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လိုမြင်သလဲဆိုရင် ပထမဆုံး အဆင့်အနေနဲ့ သည်ပေတံ (၃) ရပ်နဲ့တိုင်းတာရမှာဖြစ်တယ် –
၁) ငြိမ်းချမ်းရေးဖြစ်စဉ်ကိုဆွေးနွေးညှိနှိုင်းနေဆဲကာလမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ လက်နက်စွန့်စရာမလိုဘူးဆိုရင် တနိုင်ငံလုံးအပစ်ရပ်စဲရေးလက်မှတ်ထိုးထားတဲ့အဖွဲ့တွေရဲ့ အဖွဲ့ဝင်တွေ ဘာ ကြောင့်ဖမ်းခံထိနေသလဲ၊ အချို့အဖွဲ့တွေနဲ့ ဘာကြောင့်တိုက်ပွဲတွေပြန်ဖြစ်နေရလဲ သည်ကိစ္စတွေကို အစိုးရက ဘာမှလုပ်မပေးနိုင်ဘူး။
၂) အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဟာ တန်းတူရည်တူဆွေးနွေးခွင့်ရှိတယ် ဆိုတဲ့ အချက် ဟာ ငြိမ်းချမ်းဆွေးနွေးပွဲတွေရဲ့ အသက်ဘဲ တဘက်နဲ့တဘက်ဟာ ဆွေးနွေးပွဲစားပွဲပေါ် မရောက်ခင် ရန်သူ များအဖြစ်ကာလကြာရှည်တိုက်ခိုက်ခဲ့ကြသူများဖြစ်တယ်၊ တဘက်နဲ့တဘက်ယုံကြည်စိတ်ချရမှုရှိဖို့လိုတယ်၊ သည်လိုယုံကြည်စိတ်ချရဖို့ဆိုရင် တဘက်နဲ့တဘက်အပြန်အလှန် လေးစားမှုရှိဖို့လိုတယ်။
ကမ္ဘာပေါ်က အောင်မြင်ခဲ့တဲ့ ဆွေးနွေးပွဲတွေကိုကြည့်ရင် တပ်မတော်ဟာ အစိုးရရဲ့ အစိတ်အပိုင်းတစ် ရပ်အနေနဲ့ ဆွေးနွေးပွဲတွေမှာပါ၀င်တယ် စေ့စပ်ညှိနှိုင်းမှုကို ဦးဆောင်သူတွေရဲ့ အစီအစဉ်မှာ စနစ်တကျပါ၀င် တယ်၊ စေ့စပ်ဆွေးနွေးမှုဆိုတာ အလျားလိုက်ဆောင်သောချဉ်းကပ်မှုနဲ့သွားရမယ်၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်ကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်များရဲ့ အလျားလိုက်ဆောင်သောချဉ်းကပ်မှုနဲ့ ချဉ်း ကပ်နေစဉ်မှာ စစ်တပ်က ဒေါင်လိုက်ချဉ်းကပ်မှုနဲ့ပါနေတယ်။
အမျိုးသားဒီမိုကရေစီအစိုးရအနေနဲ့ တိုင်းပြည်ရဲ့အုပ်ချုပ်မှုအာဏာရဖို့ အတိတ်က စစ်တပ်နဲ့ ဘယ်လို ဘဲအပေးအယူလုပ်ခဲ့ပါစေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ထိပ်က အာဏာယူထားတဲ့ စစ်တပ်ရဲ့ ပါ၀င်မှုကို အလျားလိုက်ဆောင်သောချဉ်းကပ်မှုနဲ့ပါ၀င်အောင် ပြတ်ပြတ်သားသားပြောသင့်တယ်။ သည်အတိုင်း သွားနေရင်တော့ ပြည်သူတွေလိုလားတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာ နောင်နှစ်တစ်ရာလည်း ရနိုင်မှာ မဟုတ်ပါ။
၃) ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်ကနေ နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်မယ်။
ဒီလိုဆိုရင် စစ်မှန်တဲ့ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးဆိုင်ရာလှုပ်ရှားခွင့်ရှိရမယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနဲ့ တနိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ်မပြောနဲ့၊ ပြည်နယ်အဆင့်ပဏာမ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးတာတောင် နိုင်ငံရေးလှုပ်ရှားမှုတွေကို လွတ်လပ်စွာလုပ်ခွင့်ရှိတယ် ဆိုလို့ လက်မှတ်ရေးထိုးတာဖြစ်တယ်။
သည်တော့ သည်နေ့သည်အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ မိမိလုပ်လိုတဲ့နိုင်ငံရေး ဆိုင်ရာအလုပ်တွေကို လွတ်လပ်စွာလုပ်ခွင့်ရှိပြီလား၊ NCA မထိုးရသေးတဲ့အဖွဲ့တွေ မပြောနဲ့ထိုးပြီးသားအဖွဲ့တွေ တောင်လုပ်လို့မရဘူး၊ ပိုဆိုးတာက သည်လိုတားဆီးမှုတွေကိုလုပ်နေတာစစ်တပ်ဖြစ်နေတာဘဲ အမှန်တကယ် ဆိုရင်စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ သည်တိုင်းပြည်မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက် ရေးအတွက် အတူပူးပေါင်းဖြေရှင်းရမဲ့အင်အားစုတွေဖြစ်တယ်။ အခုတော့ တဖွဲ့ကအပေါ်စီးနေမယ်၊ နောက်ပြီး ဖက်ဒရယ်မပြောနဲ့ ဒီမိုကရေစီတောင်သွားလို့မရတဲ့ ဖွဲ့စည်းပုံကို ကိုယ်ကျိုးစီးပွားရှေ့တန်းတင် ကာကွယ်နေ မယ်ဆိုရင်၊ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ဆိုတာဖြစ်လာမှာမဟုတ်ဘူး၊ ဖက်ဒရယ်စနစ်ကို မသွား နိုင်ဘူးဆိုရင်သည်တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဟာအာမခံချက်မရှိဘူး။
မေး။ ။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို အစိုးရက ဘယ်နိုင်ငံရေးမူဘောင်နဲ့ဦးဆောင်နေသလဲ။
ဖြေ။ ။ နိုင်ငံရေးမူဘောင်ကိစ္စက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှာ ပါပြီးဖြစ်ပါတယ်၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလက်မှတ်ထိုးပြီး နှစ်ပါတ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေးခေါ်၊ ရက်ပေါင်း ၃၀ အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုပူးတွဲကော်မတီ (UPDJC) ကိုဖွဲ့စည်း၊ ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးမှုမူဘောင်ရေးဆွဲဆိုတဲ့ အချိန်ဇယားနဲ့ လုပ်ငန်းစဉ်တွေအပေါ် ပြီးခဲ့တဲ့အစိုးရရဲ့ငြိမ်းချမ်းရေးလုပ်ငန်း အမွေကို ဆက်ခံပြီးသည်အစိုးရက လုပ်ခဲ့ပါတယ်၊ (UPDJC) ကိုဖွဲ့စည်းပြီး ၂၀၁၆-ခုနှစ်၊ သြဂုတ်လ အတွင်း နိုင်ငံရေးဆွေးနွေးမှုမူဘောင်ရေးဆွဲရေးအစည်းအဝေးနှစ်ကြိမ်ခေါ်ပြီး တက်သုတ်ရိုက်ရေးဆွဲပြီး ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ခေါ်ယူခဲ့ပါတယ်။
နိုင်ငံရေးမူဘောင်ရေးဆွဲရေးအစည်းအဝေးတွေမှာ NCA မထိုးရသေးတဲ့တိုင်းရင်းသားတွေကို ဖိတ်ခေါ် ခဲ့တယ်ဆိုပေမဲ့ တကယ့်ကိုကျေကျေလည်လည်ဆွေးနွေးခွင့်ရတဲ့အနေအထားမျိုးမဟုတ်ဘူး၊ နိုင်ငံရေးမူဘောင်ဟာ သည်တိုင်းပြည်ရဲ့နိုင်ငံရေးစနစ်ကိုပြောင်းလဲဖို့အတွက် အရေးကြီးတဲ့နိုင်ငံရေးလုပ်ငန်းစဉ်လမ်း ညွှန် သဘောဖြစ်တာကြောင့် အရေးကြီးတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေကို မစတင်ခင်မှာ နိုင်ငံရေးမူဘောင်ကို ပါ၀င်သင့် ပါ၀င်ထိုက်သူတွေကြားမှာ ကျေကျေ လည်လည်ဆွေးနွေးချမှတ်ပြီးဖြစ်နေရမှာပါ၊ ရေးဆွဲလိုက်တဲ့ နိုင်ငံရေး မူဘောင်ဟာလည်း တိုင်းပြည်ရဲ့နိုင်ငံရေးအကျပ်အတည်းတွေကို အမှန်တကယ်ဖြေရှင်းပေးနိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ပုံဖော်နိုင်တဲ့ မူဘောင်မျိုးဖြစ်ရမှာပါ။ အခုရေးဆွဲတဲ့ နိုင်ငံရေးမူဘောင်ဟာ တိုင်းပြည်အတွင်း က ပြည်နယ်တွေအရရော တိုင်းရင်းသားလူမျိုးများအရရော လွှမ်းခြံုကိုယ်စားပြုတဲ့ မူဘောင်လို့ပြောလို့မရပါ ဘူး၊ နိုင်ငံရေးမူဘောင်မခိုင်မာတဲ့အတွက် ရလာဒ်ကလည်း အားရကျေနပ်လောက်စရာမဖြစ်လာဘူးဆိုတာ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံများက သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ရှေ့ဆက် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံတွေ မစတင်ခင်မှာ နိုင်ငံရေးမူဘောင်ကို ပါ၀င်သင့်ပါ၀င်ထိုက်သူများနဲ့ ပြန်သုံးသပ်ဖို့လိုပါ တယ်။
မေး။ ။ ပထမနဲ့ဒုတိယ ပင်လုံညီလာခံ (၂) ခုကြားက သိသာထင်ရှားတဲ့ကွာဟမှုနဲ့ ပြောင်းလဲမှုအခြေအနေကို ပြောပါဆိုတော့ –
ဖြေ။ ။ ပထမပင်လုံညီလာခံက ဘာဆွေးနွေးချက်မှ မရှိပါဘူး၊ အစုအဖွဲ့အသီးသီးက စာတမ်းတွေတင်တယ်၊ ဖတ်တယ်၊ ကြားနာတယ် သည့်ထက်မပိုပါဘူး၊ ကိုယ်တိုင်တက်ခဲ့တာပါ။
ဒုတိယပင်လုံညီလာခံကြတော့ ကိုယ်တိုင်မတက်ပါဘူး ကြားသိရတဲ့အခြေအနေတွေအပေါ် သုံးသပ် ရရင်တော့ ညီလာခံ ၂ ခုကြားက ကရင်ပြည်နယ်၊ တနင်္လာရီတိုင်းနဲ့ နေပြည်တောင်ကောင်စီနယ်မြေက ကွက်ကြားမိုး အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကနေတင်ပြတဲ့စာတမ်းများ၊ ရှမ်းပြည်မှာ ပြည်နယ် အစိုးရက ကျင်းပတဲ့ ဒေသအလိုက်နိုင်ငံရေးဆွေးနွေးပွဲများက တင်ပြတဲ့စာတမ်းတွေ သည်အပေါ်မှာအခြေခံ ဆွေးနွေးပြီး နောက်ဆုံးတော့ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း-(၁)ကို ထုတ်ပြန်ခဲ့တာကိုတွေ့ ရပါတယ်။
ပြောရမယ်ဆိုတော့ ပထမညီလာခံကိုတော့ အင်အားစုတော်တော်စုံစုံညီညီတက်ရောက်ပေမဲ့ ဆွေးနွေးမှုတွေမရှိခဲ့ဘူး၊ ဒုတိယညီလာခံမှာ ဆွေးနွေးမှုရှိပေမဲ့လူမစုံဘူး ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်းတွေကို ချမှတ်ထုတ်ပြန်ဖို့အဆင့်ရှိတဲ့ ညီလာခံမျိုးမဟုတ်ပါဘူး အဓိကကတော့ ပြည်ထောင်စုကို ကိုယ်စားြ့ပုတဲ့တိုင်းရင်းသားလူမျိုးများမစုံတာရယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးမှု တိုင်းပြည်ရဲ့ဒေသ အချို့မှာသာ ကွက်ပြီးကျင်းပခဲ့လို့ဖြစ်ပါတယ်။
မေး။ ။ ဒုတိယအကြိမ်ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ UPDJC က အဆိုပြုတင်သွင်းလာသော ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း-(၁)ပါ အချက်အလက်များကို ဘယ်လိုမြင်သလဲ။
ဖြေ။ ။ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း-(၁)ပါ အချက်အလက်များကိုကြည့်တဲ့အခါမှာ တိုင်းပြည် ရဲ့နိုင်ငံရေးစနစ်ကိုပြောင်းလဲဖို့အတွက် လိုအပ်တဲ့အခြေခံမူတွေကို ထင်ဟပ်စေတဲ့ အချက်များလို့ယေဘူယျ ကောက်ချက်ချနိုင်တဲ့အတွက် သည်အပေါ်မှာ မှတ်ချက်မပြုလိုသော်လည်းဘဲ သည်လိုပြည်ထောင်စုသဘော တူစာချုပ်အဆင့်အထိရရှိတယ်ဆိုပြီးထုတ်ဖော်တင်ပြလာတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်အပေါ်ကို ပိုပြောချင်ပါတယ်။
သည်အချက်တွေဟာ ပြည်ထောင်စုသဘောတူစာချုပ်အဆင့်မှာ ရရှိခဲ့တယ်လို့ဆိုရင် ပြည်ထောင်စုအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများရဲ့ခိုင်မာသော သဘောဆန္ဒများပါရှိရမှာဖြစ်ပါတယ်၊ သည်လို အဆင့်ကို ရရှိဖို့ဆိုရင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများမှ တင်သွင်းလာစော စာတမ်းများအပေါ် အခြေခံဆွေးနွေးပြီး ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်းများအဖြစ်သတ်မှတ်မဲ့အစား သက်ဆိုင်ရာ ပြည်နယ်တိုင်းအလိုက် အခြေချနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများရဲ့ အမျိုးသားသဘောတူညီချက် အဆင့်ကို ရရှိအောင်ဆောင်ရွက်ပြီး ပြည်ထောင်စုအဆင့်မှာ သည်အမျိုးသားသဘောတူညီချက်များကို ကျေကျေလည်လည်ဆွေးနွေးပြီး ပြည်ထောင်စုသဘောတူညီချက်အဖြစ် သတ်မှတ်ဆုံးဖြတ်တာက ပိုလက် တွေ့ကျမယ်ထင်ပါတယ်။
မေး။ ။ ဒုတိယအကြိမ်ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို UNFC မတက်ခြင်းအပေါ် အမြင်။
ဖြေ။ ။ UNFC ဆုံးဖြတ်တာ လက်တွေ့ကျပါတယ်၊ တစ်အချက်က သည်ပြည်ထောင်စုညီလာခံဟာ ကျေလည် တဲ့နိုင်ငံရေးမူဘောင်အောက်မှာ ကျင်းပတာမဟုတ်ဘူး၊ အထူးဖိတ်ကြားသူအဖြစ်ဖိတ်ကြားသည့်တိုင် ဆွေးနွေး နိုင်တဲ့အခွင့်အာဏာမရှိဘူးဆိုင်ရင် တက်ပြီးဘာလုပ်မှာလည်းလို့မေးစရာရှိပါတယ်။
မေး။ ။ UNFC အဖွဲ့ဝင်တချို့ခွဲထွက်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ပေါင်းခြင်းက ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လို သက်ရောက်မှုရှိနိုင်သလဲ။
ဖြေ။ ။ အများကြီး အကျိုးသက်ရောက်မှုရှိပါတယ် –
ပထမတချက်အနေနဲ့ တပ်မတော်အပေါ် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ယုံကြည်မှုကျဆင်းခြင်း နဲ့ အတူ တပ်မတော်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထက်စီးကနေပြီးချဉ်းကပ်နေဦးမယ်ဆိုရင် ငြိမ်းချမ်းရေး လမ်းစဉ်ဟာ လမ်းကြောင်းပိတ်သွားချင်း၊ သို့မဟုတ်နောက်ပြန်ဆုတ်သွားနိုင်တဲ့အခြေအနေအထိဦးတည်နိုင် ပါတယ်။
ဒုတိယတစ်ချက်က ယခင်က သီးခြားနေလေ့ရှိတဲ့ မြောက်ပိုင်းအင်အားကြီးအုပ်စုတွေဖြစ်တဲ့ ၀နဲ့ မိုင်း လားက သည်ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထဲထဲဝင်ဝင်ပါ၀င်လာခြင်းဖြင့် လက်ရှိရှေ့မတိုးနိုင်ဖြစ်နေတဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ပိုပြီးဘေးကျပ်နံကျပ်ဖြစ်စေနိုင်ပါတယ်။
တတိယတစ်ချက်က တိုင်းရင်းသားလက်နက်ကိုင်တွေကို နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးမယ်ဆိုတဲ့ အယူအဆရဲ့ အစွန်းတစ်ဘက်ကို တွန်းပို့လိုက်တာမျိုးဖြစ်သွားနိုင်တဲ့အတွက် စစ်ရေးပစ် မှတ်တွေဟာ ရှေ့တန်းစစ်မြေပြင်မှာသာမကတော့ဘဲ မြို့ပေါ်နဲ့ အစိုးရထိန်းချုပ်ရာဒေသများအထိပါရောက်ရှိလာ နိုင်တဲ့အပြင် အပြိုင်လက်နက်တပ်ဆင်မှုများနဲ့ အင်အားစုဆောင်းခြင်းတို့ကနေ ရပ်ဆိုင်းလို့မရတဲ့စစ်ပွဲများက တစ်ကြော့ပြန်လက်နက်ကိုင် ပဋ္ဋိပက္ခတွေဆီကိုဦးတည်သွားနိုင်ပါတယ်။
စတုတ္ထအချက်ကတော့ မြောက်ပိုင်းပဋ္ဋိပက္ခတွေဟာ အိမ်နီးခြင်းအင်အားကြီးနိုင်ငံရဲ့ နယ်နမိတ်နဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်တယ်လို့ယူဆပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို တတိယအုပ်စုရဲ့ ၀င်ရောက်စွက်ဖက် မှုတွေကြံုတွေ့လာနိုင်တဲ့အနေအထားရှိပါတယ်။
နောက်ဆုံးနဲ့ အဆိုးဆုံးအချက်ကတော့ သည်စစ်ပွဲတွေကို မရပ်နိုင်ဘူး၊ တပ်မတော်ကလည်း လူ့အခွင့် အရေးချိုးဖောက်မှုတွေကို တိုုင်းရင်းသားနယ်မြေတွေမှာ ဆက်တိုက်ကျူးလွန်လာမယ်ဆိုရင် သည်နေ့ခေတ် လို သတင်းအချက်အလက်တွေအမှောင်ချထားလို့မရတဲ့ခေတ်ကြီးမှာ သာမန်စစ်ပွဲတွေကနေ အမျိုးသားရေးဆိုင် ရာပဋ္ဋိပက္ခ အဆင့်အထိတက်လှမ်းသွားနိုင်ပါတယ်။
မေး။ ။ လူထုအနေနဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လိုပါ၀င်သင့်သလဲ။
ဖြေ။ ။ ထဲထဲဝင်ဝင်ပါ၀င်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်ပါ စာချုပ်များ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို ဘယ်သူတွေက ချိုးဖောက်နေသလဲ ဆိုတာဖော်ထုတ်ပါ တပ်မတော်ဘဲ မှားမှား၊ တိုင်းရင်းသား လက်နက်ကိုင်တွေဘဲ မှားမှား မှားတဲ့သူကိုရဲရဲဝင့်ဝင့်ထောက်ပြပါ လူထုက ပါ၀င်တဲ့နေရာမှာ ဘက်လိုက်မှု ကင်းပြီး အင်နဲ့အားနဲ့ပါ၀င်ပါ သည်နေ့မှာ လူထုဆီမှာအာဏာရှိတဲ့ခေတ်ရောက်ပြီဖြစ်ပါတယ်။
မေး။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) သို့ ကရင်နီပြည်ကိုယ်စားပြုပါ၀င်နိုင်ရေးအတွက် ဘာလုပ်ရမလဲ၊ ဘယ်သူတွေက ကိုယ်စားပြုပါ၀င်သင့်သလဲ။
ဖြေ။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ နိုင်ငံရေးမူဘောင်အရဆွေးနွေးနိုင်တဲ့ အုပ်စုထဲမှာ အစိုးရ ဘက်က (၃) အုပ်စုကိုဖယ်ထုတ်ရင် သည်ဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီတို့ ကျန် ပါတယ်။
ကရင်နီမှာက ကရင်နီအမျိုးသားတိုးတက်ရေးပါတီက လက်မှတ်မထိုးရသေးတဲ့အတွက် မပါနိုင်သေး ပေမဲ့ ၂၀၁၅ ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်နေရာအနိုင်ရရှိတဲ့ ဒေသခံပါတီ (အခုတော့ နှစ်ပါတီပေါင်းပြီး) ရှိလာတဲ့အတွက် သူ့အတွက် ဆွေးနွေးရေးခုံ တစ်ခုံစာတော့ရှိပါတယ်။
သည့်အပြင် ယှဉ်ပြိုင်သွားနေတဲ့ဆွေးနွေးရေးဖြစ်စဉ်အရ အရပ်ဘက်အဖွဲ့အစည်းတွေအတွက်တော့ ထိုင်ခုံတွေရှိပါတယ်။
ဒါပေမဲ့ သည်ဆွေးနွေးပွဲကို သွားနိုင်တဲ့သူတွေက ဆွေးနွေးမဲ့ ကဏ္ဍကြီး (၅) ရပ်နဲ့ပါတ်သက်ပြီး ပြည်သူ လူထုရဲ့ဆန္ဒသဘောထားကိုသာ ကိုယ်စားပြုပြောဆိုဆွေးနွေးရမှာဖြစ်ပါတယ်။ သူတို့အတွက်လိုအပ်နေတဲ့ သည်ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကဏ္ဍကြီး (၅) ရပ်နဲ့ပါတ်သက်ပြီး ပြည်သူလူထုရဲ့ ဆန္ဒ သဘောထားကို ရယူစုစည်းနိုင်တဲ့ နိုင်ငံရေးပြင်ဆင်မှုမျိုးကို ပြည်နယ်ထဲမှာ အကောင်အထည်ဖော်ရမှာဖြစ် ပါတယ်။
မေး။ ။ လက်ရှိအစိုးရက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါ၀င်ရေးမူကို ဆုပ်ကိုင်ထားပေမဲ့ အားလုံးမပါနိုင်တာ ဘာကြောင့်လဲ။
အဖြေက ရှင်းရှင်းလေးပါ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါ၀င်ရေးမူကို အစိုးရကဘဲ ဆုပ်ကိုင်ပြီး တပ်မတော်က မဆုပ်ကိုင်လို့ပါ။
ဖြေ။ ။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရေးပါဆုံးအခန်းကဏ္ဍတွင်ဆောင်ရွက်နေတာ ဘယ်သူတွေလဲ၊ ဘယ်အဖွဲ့အစည်းတွေလည်း။
လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို အရေးပါဆုံးအခန်းကဏ္ဍတွင်ဆောင်ရွက်နေတာ လူအနေနဲ့ပြောရရင် နိုင်ငံတော်အတိုင်ပင်ခံ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌများနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများရဲ့ထိပ်ဆုံးကခေါင်းဆောင်ပိုင်းများဖြစ်ပါတယ်။
အဖွဲ့အစည်းအနေနဲ့ပြောရရင်တော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ NRPC, PC, DPN (UNFC) နဲ့ မြောက်ပိုင်းမဟာမိတ်အုပ်စုလို့ယေဘူယျပြောလို့ရမယ်ထင်ပါတယ်။
မေး။ ။ တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) နဲ့ပါတ်သက်လို့ ကော-
ဖြေ။ ။ အချိန်ယူပြီးပြင်ဆင်ပါ၊ နိုင်ငံရေးမူဘောင်ကို ပြန်လည်သုံးသပ်ပြင်ဆင်ခွင့်နဲ့ အားလုံးပါ၀င်နိုင်တဲ့အခွင့် ကိုဆောင်ကျဉ်းပေးပါ။ ညီလာခံမတိုင်မှီ နှစ်ဘက်တိုက်ခိုက်နေမှုများကို တဖြည်းဖြည်းလျှော့ချပါ။ တပ်မတော်က ငြိမ်းချမ်းရေးဖြစ်စဉ်ကို အလျားလိုက်ပါ၀င်ပါစေ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို နေရာအနှံ့ ကျင်းပပါ ပြည်ထောင်စုသဘောတူစာချုပ်ကို အားလုံးကြေလည်မှချမှတ်ပါ။
မေး။ ။ အထူးဖြည့်စွက်ချက်ပါတွေပြောချင်ပါလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါတနာဖြစ်တဲ့တပ်မတော်က မိမိနဲ့အတူ ပူးတွဲအကောင်အထည်ဖော်ရမဲ့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ပါတ်သက်ပြီး မူ (၆) ချက်ထုတ်ပြန်ထားပါတယ်။
သည်မူတွေထဲမှာ ပြည်သူလူထုဝန်ထုတ်ဝန်ပိုးမဖြစ်အောင် အခွန်အကောက်မကောက်ရတို့၊ ငြိမ်းချမ်း ရေးကို အမြတ်မထုတ်ရလို့ပါ၀င်ပါတယ်။
သည်လိုပြုမူနေခြင်းဟာ တပ်မတော်ကိုယ်တိုင် ငြိမ်းချမ်းရေးကို အမြတ်ထုတ်နေသလိုဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပဏာမအဆင့်လက်မှတ်မထိုးခင်ကတော့ ပြန်လာရင် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအတွက် အနည်းဆုံး (၃) နှစ်စာ အစိုးရကတာဝန်ယူမယ်ပြောပါတယ်။ အဲဒီအစီအစဉ် ဘယ်မှာ လဲလို့မေးချင်ပါတယ်။
တပ်မတော်ကြတော့ လူထုအခွန်အခများနဲ့ လစာရိက္ခာခံစားသည်သာမက စစ်တိုက်ဖို့ ဘတ်ဂျက် တောင် ပြည်သူလူထုရံပုံငွေတွေ ကိုလွှတ်တော်မှာ တရားဝင်တင်တောင်းပြီး တိုက်ပါတယ်။ တိုင်းပြည်ရဲ့စီးပွား ရေးကိုလည်း တပ်မတော်က ဦးပိုင်ဆိုတဲ့ အများပိုင်ကုမ္ပဏီကြီး ထူထောင်ပြီး အခုချိန်အထိလက်ဝါးကြီးအုပ် လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ လူထုပိုင်မြေအတော်များများကိုလည်း တပ်မတော်က သိမ်းပိုက်ထားတာ အခုအထိပြန်စွန့်လွတ်တာက မစို့မပို့ပမာဏသာဖြစ်ပါတယ်။ ဒါတွေကိုလည်းတပ်မတော်က ပြန်စွန့်လွတ်ဖို့ လိုပါတယ်။
သည်တော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို သွားလိုတယ်ဆိုရင်တော့ သည်မူ (၆) ချက်ကိုလည်း ပြန်သုံး သပ်ရမှာဖြစ်ပါတယ်။