“သူတို့ဘက်ကနေကြည့်ရင် ကျမတို့လုပ်ရပ်က negative ဖြစ်တာပေါ့။ အဲ့ခါကျတော့ အဓိကတော့ ကျမတို့လုံခြုံရေးကို စိုးရိမ်ရတာပေါ့”

“သူတို့ဘက်ကနေကြည့်ရင် ကျမတို့လုပ်ရပ်က negative ဖြစ်တာပေါ့။ အဲ့ခါကျတော့ အဓိကတော့ ကျမတို့လုံခြုံရေးကို စိုးရိမ်ရတာပေါ့”

အာဏာသိမ်း စစ်ကောင်စီအဖွဲ့ရဲ့ လက်နက်ကိုင်ကျုးကျော်တိုက်ခိုက်မှု၊ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ခံစားရသူတွေထဲမှာ ကရင်နီပြည်နယ် အတွင်းက အပြစ်မဲ့ပြည်သူတွေလည်း ပါဝင်နေပါတယ်။ ဒီလိုဒေသတွင်းက စစ်ရှောင်ပြည်သူတွေ၊ လက်နက်ကြီးလက်နက်ငယ် ထိမှန်သူတွေကို ကူညီကယ်ဆယ်ဖို့ ပရဟိတ ကူညီလုပ်ဆောင်နေသူတွေထဲမှာ အမျိုးသမီးတစ်ဉီးဖြစ်တဲ့ မသဇင်မိုး (အမည်လွှဲ) လည်းပါဝင်ပါတယ်။

မသဇင်မိုးဟာ ပရဟိတကူညီကယ်ဆယ်ရေး အလုပ်တွေကို Mobye Recuse Team မှာ ပါဝင်လှုပ်ရှားနေပြီး စစ်ဘေးရှောင် ပြည်သူတွေကို ကူညီပေးနေပါတယ်။ အမျိုးသမီးဖြစ်တဲ့အလျောက် ကူညီကယ်ဆယ်ရေး လုပ်ငန်းမှာ ဘာအခက်အခဲကြုံနေရလဲ ဘယ်လိုစိန်ခေါ်မှုရှိလဲဆိုတာ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန်က ဆက်သွယ်မေးမြန်ခဲ့ပါတယ်။

မေး။ ။ Mobye Rescue Team ကို ဖွဲ့စည်းခဲ့တာ ဘယ်လောက်ကြာပြီလဲ။ မသဇင်မိုးအနေနဲ့ ဒီအဖွဲ့စည်းထဲ ပါဝင်လှုပ်ရှားလာတာ ဘယ်ကတည်းကပါလဲ။

ဖြေ။ ။ အဖွဲ့အစည်းက အာဏာသိမ်းပြီးနောက်ပိုင်းမှပဲ ဖွဲ့စည်းလာခဲ့တာ။ ကျမလုပ်လာတာတော့ ဖွဲ့စည်းကတည်းကပဲ လုပ်လာခဲ့တာ။ ၁ နှစ်ကျော်လောက်တော့ ရှိနေပါပြီ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာပဲ ဒီအဖွဲ့စည်းထဲကို ဝင်ကူညီပေးခဲ့တာပေါ့။

မေး။ အာဏာမသိမ်းခင်တုန်းက ပရဟိတအလုပ်တွေ လုပ်ခဲ့ဖူးလား။

ဖြေ။ အာဏာမသိမ်းခင်တုန်းကတော့ ကျမက ဝန်ထမ်းတစ်ယောက်ပါ။ အာဏာသိမ်းပြီးတော့ CDM လုပ်တယ်။ ပြီးတော့ ပရဟိတ အလုပ်တွေ စလုပ် လာတယ်။

မေး ။ ။ ဘာကြောင့် Mobye Rescue Team ထဲမှာ ဝင်ရောက်လုပ်ကိုင်တာပါလဲ။

ဖြေ။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆန္ဒတွေပြတယ်။ သပိတ်တွေ ထွက်တယ် ပေါ့နော်။ အဲ့ချိန်က မိုးဗြဲ Recuse team က မရှိသေးဘူး။ သပိတ်ကာလလည်း ကုန်လာတော့ တချို့ သပိတ်လုပ်တဲ့လူငယ်တွေက လက်နက်ကိုင် လမ်းစဉ်ကို ရွေးသွားကြတယ်။ အဲ့ချိန်မှာ ကျန်ခဲ့တဲ့ ကျမတို့က Mobye Recuse Team ဆိုပြီးတော့ အဖွဲ့ကို စတင် ဖွဲ့စည်းခဲ့တာပေါ့။ အဲ့ချိန်မှာ သင်တန်းတွေ တက်တယ်။ သိပ်မကြာဘူး ကျမတို့ဘက်မှာ တိုက်ပွဲဖြစ်တယ်။ အဲ့ဒါနဲ့ ကယ်ဆယ်ရေးပြီးတော့ စတင်လုပ်ခဲ့တာပေါ့နော်။

စစ်ရှောင်များကို ကူညီပေးတဲ့ Mobye Rescue Team

မေး။ ။ အဖွဲ့စည်းက ဘယ်လိုလူတွေကို အဓိကထား ကူညီပေးနေတာပါလဲ။

ဖြေ။ ။ ကျမတို့က အဓိကတော့ ဒီစစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့တယ်။ တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ပေးတယ်။ အဓိကတော့ အဲဒါတွေ လုပ်ပါတယ်။ အခုတလောတော့ စစ်ဘေးရှောင်တွေကို ကူညီပေးနေပါတယ်။

မေး။ ။ Mobye Recuse Team ထဲမှာ အမျိုးသမီးအဖွဲ့ဝင်ရော ရှိပါလား။

ဖြေ။ ။ စစ်ဘေးရှောင်တွေကို ကူညီပေးရင်တော့ ကျမတို့က အဖွဲ့စည်းတွေ အနေနဲ့ပဲ အကုန်ကူညီပေးနေတာ။ အဖွဲ့ထဲမှာ အမျိုးသမီးက ၅ ဦးလောက်ရှိပါတယ်။ လူကတော့ များပါတယ်။ အများစုကတော့ မိုးဗြဲဒေသခံ တွေဖြစ်တယ်။

မေး။ ။ အမျိုးသမီးတစ်ယောက်အနေနဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေရာမှာ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံရပါလဲ။

ဖြေ ။ ။ ကျမတို့ကတော့ ဒီအတိုင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေတာပေါ့။ ဒါပေမယ့် စစ်ကောင်စီအတွက်က မကောင်းတဲ့သူတွေ ဖြစ်တာပေါ့။ သူတို့ဘက်ကနေကြည့်ရင် ကျမတို့လုပ်ရပ်က negative ဖြစ်တာပေါ့။ အဲ့ခါကျတော့ အဓိကတော့ ကျမတို့ လုံခြုံရေးကို စိုးရိမ်ရတာပေါ့။ ကျမတို့က ရှောင်တိမ်းပြီး နေရတယ်။ ရှောင်တိမ်းပြီးတော့ စစ်ရှာင်တွေကို ကူညီပေးနေရတာပေါ့။ တောတောင်ထဲမှာ နေရတာ။ အိမ်မှာလည်း မအိပ်ရဲဘူး။ လုံခြုံရေး မရှိသလို ခံစားရတယ်။ အိမ်မှာ မနေရဘူး။ အခက်ခဲကတော့ တော်တော်များများရှိတယ်။ မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် သွားလာမှုလည်း ကြောက်ရတယ်။ ယောက်ျားလေးလို အဆင်မပြေဘူး။ ပြီးတော့ ဒီအဖွဲ့က ပရဟိတအဖွဲ့လည်းဖြစ်တော့ မိန်းကလေးအတွက်က ပိုပြီးခက်ခဲမှုတွေ ရှိတာပေါ့။

မေး။ ။ လမ်းခရီးမှာ စစ်ကောင်စီရဲ့စစ်ဆေးတာရော ကြုံရဖူးလား။ လတ်တလော ဘာတွေ အခက်အခဲ ရှိနေပါသလဲ။

ဖြေ။ ။ လောလောဆယ်တော့ မကြုံခဲ့ရသေးပါဘူး။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ စစ်ဘေးရှောင်တွေကို ကူညီပေး နေရတာပေါ့။ အခုနောက်ပိုင်းကတော့ အကုန်လုံးက ခက်ခဲတာပေါ့။ သွားလာဖို့ကအစ ခက်ခဲတယ်။ ကုန်ဈေးနှုန်းတွေကလည်း တက်လာတယ်။ ဆေးဝါးကအစ ဈေးတက်လာတယ်။ ပြီးတော့ ကျမတို့ကလည်း စစ်ရှောင်တွေကို ဆေးသွားကုပေးတယ်။ စစ်ရှောင်တွေနေတဲ့ ကမ့် (camp) တွေ အထိ ဆေးသွားကုပေးတယ်။ အဲ့လိုခါကျတော့ သွားလာဖို့နဲ့ ဆေးဝါးတွေ ခက်ခဲလာတယ်။ ဆေးတွေလည်း အခမဲ့ ကုပေးတယ်။ အဲ့ကျတော့ အကုန်ခက်ခဲတယ်။ အခက်ခဲတွေလည်း အများကြီးပါပဲ။

မေး ။ စစ်မြေပြင်ကိုရော ကွင်းဆင်းပြီး သွားကယ်ဆယ်ဖူးတာမျိုးရှိလား။

ဖြေ။ ကွင်းဆင်းပြီးတော့ သွားကူပေးတယ်။ စစ်မြေပြင်မှာ ပိတ်မိနေတဲ့သူတွေကိုလည်း သွားကူညီပေးခဲ့ရတယ်။ လက်နက်ကြီး ထိမှန်တဲ့ သူတွေကိုလည်း စစ်မြေပြင်မှာ သွားကူညီပေးခဲ့တယ်။ တချို့က စစ်မြေပြင်မှာပဲ ပိတ်မိနေလို့ သွားခေါ်လာရတာပေါ့။ ပြီးရင် ဘေးလွတ်တဲ့နေရာမှာ နေရာတွေ ချပေးတယ်။ ကိုယ်လည်း အသက်တစ်ချောင်းပဲလေနော် အသက်စွန့်ပြီးတော့ သွားရတာပေါ့။ စိုးရိမ်တာတော့ စိုးရိမ်တာပေါ့။

မေး။ ။ လက်ရှိမှာ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်။ ပြီးတော့ မြန်မာငွေဈေးနှုန်းလည်း ကျလာတော့ အခုတလော စစ်ရှောင်တွေအတွက်ရော အလှူရှင်ရှိသေးရဲ့လား။

ဖြေ။ ။ အခုက လာလှူတဲ့သူတွေလည်း မရှိသလောက် နည်းလာတယ်။ အရမ်းကိုလည်း ခက်ခဲနေကြတဲ့ အချိန်လည်း ဖြစ်နေပြီလေ။ အလှူရှင်တွေလည်း သိပ်မရှိဘူး ဖြစ်နေတာပေါ့နော်။ အခုက ဆေးဝါးတွေလည်း အရမ်းခက်ခဲနေတယ်။ အစားသောက်တွေလည်း ခက်ခဲတယ်။ သွားလာဖို့လည်း အရမ်းကို စိုးရိမ်ရတယ်။

မေး။ ။ အလှူရှင်တွေနဲ့ ထောက်ပံ့ကူညီပေးနေသူတွေကို ဘယ်လိုအမှာစကားပါးချင်တာရှိပါလဲ။

ဖြေ ။ ။ ဒီကရင်နီ မိုးဗြဲဘက်မှာ စစ်ရှောင်တွေလည်း အရမ်းခက်ခဲတာပေါ့နော်။ ဆေးဝါးတွေ၊ စားနပ်ရိက္ခာကစ အားလုံးခက်ခဲတယ်။ ကျမတို့ သွားလာရလည်း ခက်ခဲတယ်။ စစ်ရှောင်တွေ နေဖို့ကလည်း ရှိသေးတယ်။ သူတို့ကို ကူညီဖို့ဆိုရင် အလှူငွေရှိမှပဲ အဆင်ပြေမှာပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ ကျမတို့ အသင်းကိုလည်း အလှူငွေ ထည့်ပေးပါအုံးလို့ ပြောချင်ပါတယ်။

December 23, 2024
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေကြောင်း...
December 20, 2024
မြန်မာ - ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့ UWSA အကြား...
December 20, 2024
သျှမ်းပြည်၊ သိန္နီမြို့ရှိ ဒေသခံတချို့ကို မူးယစ်းသုံးစွဲသည်ဟု စွပ်စွဲပြီး ကိုးကန့်တပ် MNDAA က...
December 19, 2024
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက်...