“အာဏာသိမ်းတယ်ဆိုတာ ဘာလဲမသိခဲ့ဘူး” လို့ ဆိုလာတဲ့သူက အသက် ၁၇ နှစ်အရွယ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မောင်ထွန်းလင်းပဲ ဖြစ်ပါတယ်။
သူက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းချိန်မှာ အသက် ၁၅ နှစ်သာရှိသေးပြီး ၁၀ တန်းတက်နေတဲ့ ဆယ်ကျော်သက် လူငယ်တစ်ယောက်ပါ။
ကိုဗစ်ရောဂါဟာ ၂၀၂၀ အစောပိုင်းကစလို့ ကမ္ဘာအနှံ့အပြားကို ပျံ့နှံ့ခဲ့ပြီး မြန်မာပြည်ကိုတော့ ၂၀၂၀ မတ်လမှာ စတင်ရောက်ရှိလာခဲ့ပါတယ်။ ကိုဗစ် ကပ်ရောဂါကြောင့် မြန်မာပြည်မှာ တက္ကသိုလ်ကျောင်းတွေအပါအဝင် အခြေခံပညာရေးကျောင်းတွေပါ ရပ်နားခဲ့ရပါတယ်။
ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် မြန်မာပြည်နဲ့ကမ္ဘာတစ်ဝှမ်းမှာ စီးပွားရေး၊ ကျန်းမာရေး၊ လူမူရေး၊ ပညာရေး စတဲ့ အခန်းကဏ္ဍကို ထိခိုက်နစ်နာ နေတဲ့အချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ စစ်တပ်က တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူလိုက်ပါတယ်။
အာဏာရှင်ကို မလိုလားတဲ့ မြန်မာပြည်တစ်ဝှမ်းက ဝန်ထမ်းတွေ၊ကျောင်းသူ/ကျောင်းသားတွေနဲ့ ပြည်သူအားလုံး ဟာ ကိုဗစ်ကြောင့်အသက်အန္တရယ်ထိခိုက်မှာကို မမူဘဲ ပြည်သူ့အာဏာပြန်ရရေးအတွက် လမ်းမပေါ်ထွက်ပြီး အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြပါတယ်။
အာဏာသိမ်းအစိုးရကို ဆန့်ကျင်ဖို့ မြန်မာနိုင်ငံအနှံ့အပြားမှာ ဆန္ဒပြပွဲတွေဆက်တိုက်ဖြစ်လာတာကြောင့် စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို ဖြိုခွဲဖို့ ရေပန့်ကားတွေ၊ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ အပြင် ကျည်ဆန်အစစ်တွေကိုပါ အသုံးပြုဖြိုခွင်းလာပါတယ်။
ISP Myanmar က ပြုစုထားတဲ့ စာရင်းအရ ငြိမ်းချမ်းစွာဆန္ဒပြရင်းသေဆုံးသူနဲ့ ဆန္ဒပြရင်းဖမ်းဆီးခံရပြီးနောက် သေဆုံး ၁၈၀၀ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းတာကို ဆန့်ကျင်ဖို့ မောင်ထွန်းလင်း နည်းတူ ဆယ်ကျော်သက် ကျောင်းသားလူငယ်အများအပြားဟာ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားလာကြပါတယ်။ ဆန္ဒပြပွဲတွေမှာပါဝင်ခြင်း၊ ကျောင်းမတက်ပဲ သပိတ်မှောက်ခြင်း၊ စစ်တပ်ကိုလက်နက်ကိုင်တော်လှန်ခြင်း စတဲ့နည်းလမ်းအမျိုးမျိုးနဲ့ စစ်တပ်ကိုဆန့်ကျင်လာကြပါတယ်။
မောင်ထွန်းလင်းတစ်ယောက်လည်း စစ်တပ်ကိုဆန့်ကျင်တဲ့နေရာမှာ ပါဝင်ဖို့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ရတာကို အခုလို ပြောပါတယ်။
“အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ့်ဘာသာကို ပြန်မေးကြည့်တယ် သူများတွေလိုလက်နက်ကိုင်ရဲလား သေရဲလားဆိုတော့ ကျနော်သတ္တိမရှိဘူး။ ဒါ့ကြောင့် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်မယ်ပေါ့ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ ကျောင်းမတက်ဘဲ သပိတ်မှောက်ဖို့ပေါ့ ကျွန်နော့်လိုအရွယ်တွေ တော်လှန်ရေးမှာပါဝင်ပြီးသေနေကြတာမြင်တော့ သူတို့တွေတောင် ဒီလောက်ပေးဆပ်နေကြတာ ငါကျောင်းမတက်ပဲ သပိတ်မှောက်တာကတော့ ငါ့အတွက်ဘာမှမဖြစ်ဘူးဆိုပြီး ကျောင်းမတက်ပဲ သပိတ်မှောက်ခဲ့တယ်” လို့ သူကဆိုပါတယ်။
ဒါ့အပြင် သူဟာ စစ်ကောင်စီရဲ့လက်အောက်မှာ ကျောင်းမတက်ပဲသပိတ်မှောက်ခဲ့ရုံမက အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ဖွင့်လှစ်တဲ့ကျောင်းတွေကိုလည်း မတက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြောင်း သူကဆက်ပြောပါတယ်။
“ဒီနှစ်ထဲမှာ NUG ကလည်း CDM ကျောင်းသားတွေအတွက် အွန်လိုင်းကနေတစ်ဆင့် ကျောင်းဖွင့်ပေးမယ်ဆိုပြီးကြားတော့ ကျနော့ခေါင်းထဲကိုစဝင်လာတာက ကျနော်တို့တက်နေပေမဲ့ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ သူတွေကရောဘယ်လိုလုပ်မလဲပေါ့ အဲ့တာကို စဥ်းစားမိတော့ ကျနော် NUG မှာလည်းမတက်ပဲ သူတို့မတက်သလို ကျနော်လည်းမတက်ဘူးဆိုပြီး ဆုံးဖြတ်ခဲ့တယ်”လို့ သူက ပြောပါတယ်။
အခုလို စစ်ကောင်စီရဲ့ လက်အောက်မှာရော အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ လက်အောက်မှာပါ ကျောင်းမတက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မောင်ထွန်းလင်းဟာ အခုဆိုရင် သူ့ဘဝအနာဂတ်အတွက် ကားဝပ်ရှော့မှာ ပညာသင်ရင်း အာဏာရှင်ကို ဆက်လက်တော်လှန်နေပါတယ်။
မောင်ထွန်းလင်းရဲ့ ရည်မှန်းချက်ဟာ ၁၀ တန်းကိုအမှတ်ကောင်းကောင်းနဲ့အောင် မြင်အောင်ကြိုးစားပြီး ဘွဲ့တစ်ခုယူကာ စီးပွားရေးပညာရပ်ကို လေ့လာချင်ခဲ့သူပါ။ အခုတော့ စစ်တပ်ရဲ့အာဏာသိမ်းမူကြောင့် သူ့ရဲ့ရည်မှန်းချက်ကိုစွန့်လွှတ်ပြီး အသက်မွေးဝမ်းကျောင်းတစ်ခုကိုရှာဖွေခဲ့ရပါပြီ။
“ကျွန်နော့်မှာရည်မှန်းချက်တော့ရှိခဲ့တာပေါ့ ၁၀တန်းကိုအောင်ပြီးဘွဲ့ရရင် စီးပွားရေးပညာရပ်ကိုလေ့လာမယ်ပေါ့။ ဒါပေမဲ့ အခုက ကျနော်က နဂိုတည်းကကျန်းမာရေးအခြေနေအရ အလုပ်အကြမ်းမလုပ်နိုင်တဲ့ထဲမှာပါတယ် ဒါပေမဲ့ အခြေနေအရ ကျနော့ရဲရည်မှန်းချက်ကိုစွန့်လွှတ်လိုက်ရတာပေါ့ ဒါပေမဲ့ကျနော်နောင်တမရပါဘူး”ဟု မောင်ထွန်းလင်းကဆိုပါတယ်။
အခုဆိုရင်မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းတာ ၁၉လ ကျော်ကြာမြှင့်လာပြီဖြစ်ပြီး စစ်ကောင်စီကတော့ အခြေခံပညာအဆင့်မှ တက္ကသိုလ်ကျောင်းများအထိ ပြန်လည်ဖွင့်လှစ်နေပေမဲ့ စစ်အစိုးရကိုဆန့်ကျင်ကာ အာဏာရှင်ဆန့်ကျင်သည့်အနေဖြင့် CDM ပြုလုပ်ကာ အနာဂတ်အတွက် ရုန်းကန်နေရတဲ့ မောင်ထွန်းလင်းလိုပဲ တခြားလူငယ်တွေ အများကြီးရှိနေဆဲဖြစ်ပါတယ်။
ယခုလို စစ်အာဏာရှင်ဟာ ဆက်အမြစ်တွယ်နေအုံးမယ်ဆိုရင် မောင်ထွန်းလင်းလို လူငယ်တွေရဲ့အနာဂတ်ဟာ မျှော်လင့်ချက်မဲ့ပြီး နိုင်ငံရဲ့ တိုးတက်လမ်းဟာ နှောင့်နှေးသွားနိုင်ပါတယ်။ ဒါ့အပြင်မြန်မာပြည်ရဲ့ပညာရေးစနစ်ဟာ စစ်အုပ်ချုပ်မူအောက်မှာ ဆက်ရှိနေမယ်ဆိုရင် ပညာရေးကိုအခြေခံပြီး ကောင်းမွန်တဲ့ နိုင်ငံတော်တစ်ခုကို တည်ဆောက်ဖို့ အလှမ်းဝေးနေမှာအမှန်ပါ။
အာဏာရှင်ကိုမလိုလားတဲ့ မောင်ထွန်းလင်းကတော့ စစ်အုပ်ချုပ်မူအောက်က ပညာရေးကိုဆန့်ကျင်ကာ တော်လှန်ရေးမှာ အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ရင်း သူ့ရဲ့အနာဂတ်ကို ဆက်လက်အကောင်ထည်ဖော်ဖို့ ကြိုးစားသွားမယ်လို့ဆိုပါတယ်။
အာဏာရှင်ကို ဆန့်ကျင်ကြတဲ့ မောင်ထွန်းလင်းလို ကျောင်းသားလူငယ်များဟာ သူ့လိုပဲ အနာဂတ် ရည်ရွယ်ချက်အတွက် အကောင်ထည်ဖော်ကြိုးစားခွင့်များရှိပါ့မလား ဆိုတာတွေးမိရင်း မြန်မာပြည်ရဲ့ကျောင်းသားလူငယ်များရဲ့အနာဂတ်ဟာ မျှော်လင့်ချက်မဲ့နေပြီလား လို့မေးခွန်းထုတ်မိပါတော့တယ်။