ဆလိုင်းမိုက်ကယ် — “ကျွန်တော့်တစ်သက်မှာ ကျွန်တော်စားဖို့ ဆန်ဝယ်စားရမယ်လို့မတွေးဖူးဘူးဗျ၊ အခုလိုစစ်ဖြစ်လာတော့ ကျနော် တို့လို တောင်သူတွေတွေအတွက်က စားဝတ်နေရေးအခက်အခဲဖြစ်တယ်ဗျာ ၊ အခြားအလုပ်ကို ပြောင်းလုပ်ဖို့က လည်း အဆင်မပြေဘူး၊ ဒီအလုပ်ပဲတစ်သက်လုံးလုပ်လာရတာ၊ ဒီအလုပ်ပဲ လုပ်တတ်တယ်”လို့ ကလေးမြို့နယ်ကစစ်ဘေးရှောင် တောင်သူတစ်ယောက်ကပြောပါတယ်။
ကလေးမြို့နယ်မှာ မနှစ် ၂၀၂၁ ခုနှစ်မိုးရာသီကာလကနေစပြီးအခု၂၀၂၂ ခုနှစ်အချိန်အထိစစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲတွေအကြား လယ်ယာစိုက်ပျိုးတဲ့ဒေသခံတောင်သူတွေထဲမှာ ကလေးမြို့ပေါ်ကိုစစ်ဘေးရှောင် သွားကြတဲ့သူတွေရှိသလို၊တောထဲ တောင်ထဲကို စစ်ဘေးရှောင်နေကြတဲ့တောင်သူတွေလည်းအများကြီးရှိနေပါတယ်။
ကလေးမြို့နယ်ဟာ ဆန်စပါး ပေါကြွယ်ဝတဲ့ ဒေသတစ်ခုဖြစ်ပြီးတော့ မြို့နယ်အတွင်းကပြည်သူအများ စုဟာ တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသလို မွေးမြူရေးလုပ်ငန်းကိုလည်း တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်မှာ မြန်မာစစ်တပ်က အာဏာမသိမ်းမီအချိန်မှာ စပါးစိုက်ဧက ၁၀၁၀၀၀ ကျော်နဲ့ အခြားသီးနှံစိုက်ကွက်ဧက (၉၀၀၀)ကျော်ရှိပြီး စုစုပေါင်းစိုက်ပျိုးမြေဧက(၂၀၀၀၀၀)ကျော်ခန့်ရှိရာ ဒေသတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အခုနှစ်၂၀၂၂ခုနှစ်မှာ စိုက်ပျိုးမြေ (၁၂၀၀၀၀)ကနေ (၁၅၀၀၀၀)အထိ စိုက်ပျိုးလို့ မရသလို ၊မြို့နယ်အတွင်းမှာရှိတဲ့ နည်းပညာပြန့်ပွားရေးစင်တာတွေလဲဖွင့်နိုင်ခြင်းမရှိဘူးလို့ စိုက်ပျိုးရေး ဦးစီးဌာနက CDMဝန်ထမ်းတစ်ဦးကပြောပါတယ်။
သူက “အရင်နှစ်တွေတုန်းက ကလေးမြို့နယ်မှာ ကျွန်တော်တို့ဌာနကနည်းပညာပြန့်ပွားရေးစင်တာ (၄)ခုလောက်နဲ့ မြို့နယ်အတွင်းက တောင်သူတွေကိုစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ နည်းပညာ တွေမျှဝေပေး နိုင်ပေမယ့် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အဲ့ဒီနည်းပညာပြန့်ပွားရေးစင်တာတွေ ဖွင့်တာမတွေ့ရဘူး” လို့ပြောပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာကျေးရွာအချို့မှာဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြားတိုက်ပွဲတွေမကြာခဏဖြစ်ပွားတာကြောင့် တချို့ တောင်သူ တွေက လယ်ယာလုပ်ငန်း မလုပ်နိုင်တာ မလုပ်တာကြောင့် (၂)နှစ်နီးပါးရှိပြီလို့ ပြောလာပါတယ်။
ကလေးမြို့နယ် မှန်တောကျေးရွာက တောင်သူတစ်ဦးက” အာဏာသိမ်းပြီးတာနဲ့ အခက်ခဲဆုံးနဲ့ ဒုက္ခ အရောက်ဆုံးက ကျနော်တို့လိုတောင်သူတွေပဲ ၊ အာဏာသိမ်းလိုက်လို့ ကိုယ့်ဒေသကိုမပြန်နိုင်ဘူး၊ လယ်မထွန်နိုင် ဘူးပေါ့ ၊အရင်နှစ် ၂၀၂၁ခုနှစ်တုန်းက လယ်ထွန်ဖြစ်တယ်၊ ထွန်တယ်ဆိုပေမယ့် ကောက်ခြောက် ကြဲတာပေါ့ ဒီနှစ်မထွန်နိုင်တော့ဘူး ၊ရွာကိုလဲမပြန်ရဲဘူး”လို့ပြောပါတယ်။
မှန်တော ကျေးရွာဟာ အိမ်ခြေ (၃၀၀)နီးပါးရှိတဲ့ ကလေးမြို့နယ် တောင်ပိုင်းမှာရှိ ချင်းလူမျိုးတွေ နေထိုင်တဲ့ကျေးရွာ တစ်ရွာဖြစ်ပြီးတော့ စစ်တပ်က ရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ရွာသားတွေကို သတ်ဖြတ်တာတွေကြောင့် ရွာထဲကိုမနေရဲကြတော့ဘဲ ရွာလုံးကျွတ်စစ်ဘေးရှောင်နေရတဲ့ကျေးရွာကြီး တစ်ရွာဖြစ်ပါတယ်။
“ အရင်နှစ်ကလဲ ရွာနဲ့နီးတဲ့ လယ်တွေကတော့ လုံးဝ မထွန်ဖြစ်ကြဘူး၊ ရွာနဲ့အလှမ်းဝေးတဲ့ နေရာတွေမှာ တော့ တစ်ခြားရွာက စာရင်းဌားတွေကို ထွန်ခိုင်းတယ်၊ တစ်ချို့ဆိုလယ်တွေဆိုလုံးဝမထွန်နိုင်တော့ ထဲထိုးပြီး စပါးခြောက်ပဲ ဒီအတိုင်းကြဲရတယ်”လို့ သူက အခုလိုဆက်ပြောပါတယ်။
ကလေးမြို့နယ်ဟာ ဆန်စပါးပေါကြွယ်ဝတဲ့ဒေသဖြစ်တာနဲ့အညီ လယ်တစ်ဧက ကိုစပါးတင်း(၈၀) ကနေ (၁၀၀)ကြားထွက်ပြီးလယ်(၈)ဧကပိုင်ဆိုင်ထားတဲ့ တောင်သူတစ်ယောက်ဆိုလျင် လယ်ယာလုပ်ငန်းလုပ်ကိုင် တာဟာမိသားစုစားရေးသောက်ရေးအတွက် ဖူလုံတဲ့အပြင် သားသမီး တွေရဲ့ ပညာရေး၊ကျန်းမာရေးအတွက်လည်း အထောက်အပံ့ဖြစ်စေလောက်တဲ့အထိ အကျိုးပြုပါတယ်။
ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခုခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေ ကြောင့် တစ်ချို့ ကျေးရွာမှာ ရွာလုံးကျွတ်မီးရှို့ခံရပြီး ၊တစ်ချို့ကျေးရွာတွေမှာ တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်တဲ့ လာတာကြောင့်ရွာထဲဝင်ပြီးပြန်လည်အခြေချနေထိုင်နေထိုင်ကြသော်လည်း အများစုမှာ သူတို့ကျေးရွာကိုမပြန်နိုင်သေးပဲကလေးမြို့ပေါ်မှာပဲဆက်ပြီး စစ်ရှောင်နေကြရပါတယ်။
“ ကျွန်မတို့ ရွာရဲ့အခြေအနေက ချင်းနဲ့ဗမာ ၊ အနီနဲ့အစိမ်း ပြဿနာလို့ထင်နေကြတာတယ်၊ ဗမာတွေနဲ့
အစိမ်းထောက်ခံသူတွေများတဲ့ ရွာကြောင့်မို့လို့ အခုထိ အိမ်မပြန်ရဲဘူး၊ ရွာပြန်ရင်လည်း နေစရာအိမ်မရှိတော့ဘူး မီးရှီု့ခံရပြီလေ၊ လယ်ထွန်နိုင်ဖို့ဆိုတာ ဝေလာဝေးပေါ့ဗျာ”ဟု ကြံသာဒေသခံ
တောင်သူ တစ်ဦးကပြောပါတယ်။
ကလေးမြို့နယ်မှာ မိုးတွင်းကာလမှာ ဧရာမင်းစပါးနဲ့ ဆင်းသုခ ၊ မနောသုခကို စိုက်ပျိုးကြပြီးဆင်းသုခ မိုးစပါးမှာ အခြားစပါးတွေထက် သက်တမ်းတိုတာကြောင့် အမြန်ရိတ်သိမ်းပြီးအဆိုပါနေရာမှာ ကုလားပဲ ကြဲတာ အပြင် ဆီထွက်သီးနှံတွေတွေဖြစ်တဲ့ မြေပဲ၊ နေကြာစတာတွေကိုအလျင်အမြန် ပြန်လည်စိုက်ပျိုးနိုင်တာကြောင့် စိုက်ပျိုးတဲ့တောင်သူ ပိုများကြပါတယ်။
ကလေးမြို့နယ်မှာ ဇူလိုင်လကစပြီး ကောက်စိုက်တာတွေစလုပ်ကြပြီး နိုဝင်ဘာလကုန်နဲ့ဒီဇင်ဘာလ ဆန်းပိုင်းတို့မှာ ဆင်းသုခမိုးစပါးကို ရိတ်သိမ်းကြကာ သက်ရှည်စပါးဖြစ်တဲ့ဧရာမင်းစပါးကိုတော့ ဇန်နဝါရီလ လောက်မှသာ ရိတ်သိမ်းကြပါတယ်။
မြန်မာစစ်တပ်ကအာဏာမသိမ်းမီအချိန်မှာ ကလေးမြို့နယ်က တောင်သူအချို့သာကျွဲ၊နွားတို့နဲ့ထွန်ယက် ကြပြီး အများစုမှာ ခေတ်မီစက်ကြီးများကို တစ်ဧကကို ကျပ်ငွေ၂၀၀၀၀လောက်နဲ့ထွန်ခိုင်းကြပါတယ်။ တစ်ချို့တောင်သူများမှာ မြေစု အဖြစ် တစ်ဧကလျှင်၂၅တင်းနှုန်းနဲ့လုပ်ခိုင်းတဲ့သူတွေရှိသလို စိုက်ပျိုးချိန်မှ ရိတ်သိမ်းသည်အထိ စာရင်းဌားကို တစ်ဧကကို၃၀၀၀၀လောက်နဲ့ ဌားရမ်းပြီး ထွန်ခိုင်းတာလဲရှိပါတယ်။ တောင်သူအချို့မှာလယ်ယာလုပ်ငန်းကိုလုပ်ကိုင်ကြရုံမက အခင်းလို့ခေါ်တဲ့နေရာမှာ ထဲထိုးပြီး မိုးတွင်းရောက်တဲ့ အခါနှမ်းကြဲတာ ၊ နေကြာကြဲတာတွေ၊ ပဲစိုက်တာတွေကို လုပ်ကိုင်ကြတဲ့ တောင်သူများလဲရှိပေမယ့်အခုအချိန်မှာ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိတာကြောင့် မလုပ်ရဲကြသေးပါဘူး။
ကလေးမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေမှာတော့ မြန်မာစစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တို့အကြား စစ်ရေးတင်းမာမှုတွေ မရှိပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးမှုများနဲ့ ၊ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲဖြစ်မှာကိုစိုးရိမ်နေကြတဲ့ကလေးမြို့ ပေါ်က တောင်သူတွေတော့ လယ်ထွန်တာတွေမလုပ်ရဲကြတာတွေလဲရှိပါတယ်။
ကလေးမြို့ပေါ်က တောင်သူများထဲမှာ အများစုမှာ သူတို့အခေါ် မြေစုနဲ့လုပ်ခိုင်းပြီး တစ်နှစ်ကို ၃ခါ လောက် ကိုယ်တိုင်သွားပြီး လယ်တွေကို စီမံရတာ၊ စစ်ဆေးတာတွေလုပ်ကြပြီး တစ်ချို့မှာကိုယ်တိုင်ထွန်ယက် စိုက်ပျိုးပေမယ့်နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိတာတွေကြောင့်ကိုယ်တိုင်လယ်ထွန်တဲ့ သူတွေ နည်းလာသလို မြေစုနဲ့ပဲလုပ်ခိုင်းတဲ့သူတွေပိုများလာပါတယ် ၊ အခုလိုမြေစုနဲ့ လုပ်ခိုင်းတဲ့ခါမှာလဲသူတို့ လယ်ကို ကိုယ်တိုင်သွားပြီး စစ်ဆေးတာတွေ မလုပ်ရဲကြတာတွေလဲရှိတယ်လို့ပြောဆိုမှုတွေလဲရှိပါတယ်။
“သူတို့စစ်ကောင်စီတပ်တွေကဒိုးဝိုင်းချောင်းသင်္ချိုင်းကုန်းနား စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် ကျနော့်လယ်ကိုတော့ ဒီနှစ်ထဲသွားမကြည့်ဖြစ်ဘူး မြေစုကိုပဲအကုန်အပ်ထားလိုက်တယ်၊ ကိုယ်တိုင်သွားမကြည့်တော့ဘူး ” လို့ ကလေးမြို့ပေါ်နေ တောင်သူတစ်ဦး ကပြောပါတယ်။
ကလေးမြို့နယ်ဟာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်း၊ ချင်းပြည်နယ်အစပ်မှာရှိတဲ့ ဒေသတစ်ခုဖြစ်ပြီးလူဦးရေ ၄သိန်းနီးပါးအတွက် အစားအစာများဖူလုံရုံမက ချင်းပြည်နယ်မှာရှိတဲ့ဟားခါး ၊ဖလမ်း၊တီးတိန်၊ တွန်းဇံ၊ ထန်တလန်အစရှိတဲ့မြို့တွေကိုလဲ ဆန်စပါးအပြင် ပဲပြောင်းအစရှိသည်တို့တင်ပို့ရောင်းနေတာကြောင့် အစာရေစာပေါကြွယ်ဝတဲ့နယ်စပ်မြို့လေးဖြစ်ပါတယ်။
ကလေးမြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတောင်သူတွေ လယ်ယာလု ပ်ငန်းတွေ မလုပ်နိုင်ခဲ့ရင် အရင်နှစ်များထက် ဆန်၊ပဲ ဈေးနှုန်းများ အဆမတန်မြင့်တက်လာပြီးနောင်လာမည့် နှစ်များမှာ အစာခေါင်းပါးမှုနဲ့ဆင်းရဲမွှဲတေမှုနှုန်းများ မြင့်တက်လာနိုင်ပါတယ်။
မြန်မာစစ်တပ်မှ အာဏာမသိမ်းခင် ကလေးမြို့မှာ ဧရာမင်း တစ်တင်းခွဲဆန်အိတ်တစ်အိတ်ကို၃၀၀၀၀ ကျပ်ခန့်နဲ့ ဆန်ဟောင်းကို ၃၅၀၀၀ကျပ်ခန့်သာ ရှိသော်လည်း ယခုလက်ရှိအချိန်မှာ ဆန်သစ်ကို၄၀၀၀၀ခန့်နဲ့ ဆန်ဟောင်းကို ၅၀၀၀၀လောက်အထိ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး လာမယ့်နှစ်တွင်ဆန်ဟောင်း တစ်အိတ်ကို၅၀၀၀၀ကျပ်ကနေ ၆၀၀၀၀ကျပ်အထိ ပေးဝယ်ကြရနိုင်တယ်လို့ ပြောဆိုလာကြပါတယ်။
ISP Myanmarရဲ့ ၂၀၂၂ခုနှစ် မေလ(၃၁)ရက်နေ့ ကာလအတွင်းအာဏာသိမ်းပြီးနောက်ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့်
၁၀၈၂,၇၂၂ဦးမှာနေရပ်စွန့်ခွာထွက်ပြေးနေရတဲ့သူတွေဖြစ်ပြီး အဆိုပါအနက် ၃၄၄,၂၅၀ဦးမှာ စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်အရေအတွက်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။