“ဒုက္ခတွေကြားက ကိုယ်လွတ်ရုန်းရမှာရှက်တဲ့ ထန်တလန်မြို့သူလေး”

“ဒုက္ခတွေကြားက ကိုယ်လွတ်ရုန်းရမှာရှက်တဲ့ ထန်တလန်မြို့သူလေး”

Salai Kabaw — “ဘယ်တုန်းကမှ ကျမတို့မြို့ဒီလိုစုတ်ပြတ်သက်သွားလိမ့်မယ်လို မတွေးမိဖူးဘူး။ ကျမတို့က ဒီမြို့လေးမှာပဲမွေးပြီး ဒီမှာပဲကြီးပြင်းလာတာဆိုတော့ မြို့လေးကို အခုလိုဖြစ်တာ မတွေးနိုင်လောက်အောင် ခံစားရတယ်” လို့ မွေးရပ်မြို့လေးကနေကျေးရွာဘက်ကို စစ်ဘေးရှောင်နေရတဲ့ ထန်တလန်မြို့သူလေးမိုင်တောင်ဇလပ်နီ (နာမည်လွှဲ) က ပြောပါတယ်။

မိုင်တောင်ဇလပ်နီက မိသားစုမှာ သမီးအကြီးဆုံးလည်း ဖြစ်ပါတယ်။ ထန်တလန်မြို့လေးဟာ သူပညာသင်ယူ ကျောင်းတက်ရစဉ် တလျှောက်လုံး သားချင်းမောင်နှမတွေနဲ့ ကျောင်းအတူသွားခဲ့တာ အတန်းဖော် သူငယ်ချင်းတွေကြားမှာလည်း အမှတ်တရများစွာရှိခဲ့တဲ့ ဇာတိမြို့လေးလို့ သူက ဆိုပါတယ်။

“ ကျမတို့မြို့လေးက လူလည်း အရမ်းမများတော့ ပျော်စရာရှိရင်ဖြစ်ဖြစ် ဝမ်းနည်းစရာရှိရှိ မျှဝေခံစားကြတာက ကျမအတွက် နွေးထွေးတဲ့အမှတ်တရထင်တယ်” လို့ သူက ပြန်ပြောင်းပြောပြပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ဆန္ဒပြသူတွေကိုအကြမ်းဖက် ဖြိုခွင်းခံရတာတွေ၊ အကြမ်းဖက်တိုက်ခိုက်တာတွေ၊ ကျေးရွာတွေမြို့တွေ မီးရှို့ခံရတာတွေအပြင် ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေရဲ့စစ်မီးက ချင်းပြည်နယ်အနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပါတယ်။

စစ်ပွဲတွေရဲ့ အကျိုးအသက်ရောက်မှုကို အဆိုးရွားဆုံးခံစားရတဲ့ မြို့တွေထဲမှာ ချင်းပြည်နယ်က ထန်တလန်မြို့လည်းအပါအဝင် ဖြစ်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ လဆန်းပိုင်းမှ စတင်ပြီး ထန်တလန်မြို့ပေါ်ရှိ နေအိမ်ခြေများ မီးလောင်မှု စတင်ခံခဲ့ရပါတယ်။  စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ရဲ့ မြို့တွင်းတိုက်ပွဲမှာ ပထမဆုံးအကြိမ် ထန်တလန်မြို့ရှိ လူနေအိမ် ၁၉ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နောက်ပိုင်း ၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက် အထိထန်တလန်မြို့ပေါ်က ခရစ်ယာန်ဘုရားကျောင်း ဘာသာရေးအဆောက်အဦးတွေ အပါအဝင် ပုဂ္ဂလိကနေအိမ် စုစုပေါင်း၁,၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ဇူလိုင်လ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မိုင်တောင်ဇလပ်နီဟာ အာဏာမသိမ်းခင် ကာလက အထက်တန်း ပညာသင်နေတဲ့ အထက်တန်း ကျောင်းသူလေးလည်းဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်းဖြစ်ပွားလာတဲ့ အခြေအနေများကြောင့် ကျေးရွာဘက်ကို စစ်ရှောင်ခဲ့ရသလို ပညာလည်း ဆက်လက်မသင်ယူနိုင်တော့ဘူးလို့ သူက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ မိဘနဲ့ဝေးတဲ့ ဟားခါးမြို့ပေါ်မှာအလုပ်လုပ်ကိုင်နေရပြီလို့ မိုင်တောင်ဇလပ်နီက အခုလို ပြောပြပါတယ်။

“ထန်တလန်ကနေ တခြားကျေးရွာကို သွားပြီးတော့ နေတယ်။ အလုပ်အကိုင်လဲမရှိတော့ ဟားခါးမြို့ပေါ်ကို သွားပြီးတော့ အလုပ်ကိုင် ရှာဖွေတယ်။ အခုတော့  ဖုန်းဆိုင်မှာ အလုပ်လုပ်နေတယ်။ သူများတွေက နိုင်ငံခြား ထွက်ကြတာရှိပေမယ့် ကျမကတော့ နိုင်ငံခြားထွက်ပြီး အလုပ်သွားလုပ်ဖို့ ဒီမှာစစ်ဘေးရှောင်ပြီး ဒုက္ခခံနေရတဲ့ သူငယ်ချင်းတွေမြင်တော့ နိုင်ငံခြားထွက်ပြီး အလုပ်သွားလုပ်ရမှာ ရှက်တယ်”လို့ မိုင်တောင်ဇလပ်နီက ဆိုပါတယ်။

စစ်ပွဲတွေကြောင့် ဒေသခံများစွာဟာ အိုးအိမ်တွေစွန့်ခွာပြီးနီးစပ်ရာအရပ်ဒေသကို စွန့်ခွာထွက်ပြေး ကြရပါတယ်။ ချင်းပြည်နယ်နဲ့ နယ်နိမိတ်ခြင်း ထိဆက်နေတဲ့ အိန္ဒိယနိုင်ငံဘက်ကိုလည်း ထွက်ပြေးခိုလှုံ တိမ်းရှောင်နေရသူ အများအပြားရှိခဲ့ပါတယ်။

ထန်တလန်မြို့ကနေ ကျေးရွာဘက်တွေကို စစ်ဘေးရှောင်ကြတဲ့ မိုင်တောင်ဇလပ်နီလို ကျောင်းနေအရွယ် ကလေးငယ်တွေကို ပညာရေးဝန်ထမ်း CDM လုပ်တဲ့သူတွေနဲ့ ဆယ်တန်းအောင်ထားတဲ့သူတွေက ပညာဆက်လက် သင်ကြားပေးနေတယ်လို့လဲ ဒေသခံတွေပြောဆိုမှုအရ သိရပါတယ်။

အလားတူပဲ နယ်နိမိတ်ခြင်းထိဆက်နေတဲ့ အိန္ဒိယနိုင်ငံဘက်ကိုစစ်ဘေးရှောင် ရောက်ရှိနေကြတဲ့ ထန်တလန်မြို့ခံတွေကလည်း အိမ်ပြန်နိုင်မယ့် နေ့ရက်ကို စောင့်မျော်နေကြတယ်လို့ ဆိုကြပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးရှောင်နေတဲ့ ထန်တလန်မြို့ခံ အသက်ရွယ် ၆၀ ကျော်အရွယ် အဖွားတစ်ဦးက“ထန်တလန်မြို့ကို ပြန်လို့ရတဲ့တစ်နေ့ ဘယ်အချိန်ချိန်ဖြစ်ဖြစ် ချက်ခြင်း ပြန်ချင်တယ်။ လူကနေကောင်းနေပေမယ့် စိတ်ကတော့ အရမ်းဝမ်းနည်းတယ်။ အဖွားက အသက်လည်း ကြီးနေပြီဆိုတော့ ဒီနေရာမှာပဲ ဆုံးသွားမှာပါ။ ပြန်မသွားနိုင်လောက်တော့ဘူး ထင်ပါတယ်”လို့ ပြောပါတယ်။

မြို့ကို အကြိမ်ကြိမ်မီးရှို့ခံရတဲ့ ဖြစ်စဉ်တွေ စတင်ဖြစ်ပွားခဲ့အပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလထဲမှာပဲ မြို့နေလူဦးရေ ၁သောင်း ဝန်းကျင်ရှိတဲ့ ထန်တလန်မြို့ခံပြည်သူတွေဟာ မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

ထန်တလန်မြို့ကို စွန့်ခွာခဲ့ရသူအချို့ဟာ နီးစပ်ရာမြို့နယ်တွေကို ထွက်ပြေးကြပြီး၊ အများစုက အိန္ဒိယနယ်စပ်ရှိ ကျေးရွာတွေနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်သွားကြပါတယ်။

ဆွေမျိုးသားချင်း မရှိတဲ့ သူစိမ်းရပ်ရွာမှာ စစ်ဘေးရှောင်ရတာနဲ့ ပတ်သတ်ပြီး အဆိုပါအဖွား ပြောပြတာက “ဆွေမျိုးမရှိတဲ့နေရာမှာ စစ်ဘေးရှောင်နေရတာဆိုတော့ လူသားတစ်ယောက်အနေနဲ့ အရမ်းကိုခက်ခဲတယ်။ ရှေ့လျှောက်ဘုရားသခင်က ဘယ်လိုလမ်းပြပေးမလဲ။ အဖွားအရွယ်နဲ့ဆို ပြန်နိုင်တော့မယ် မထင်တော့ဘူး။ သားသမီးတွေတော်လှန်ရေးသာ အားနည်းသွားရင်တော့ ထန်တလန်မြို့ကို ပြန်ရဖို့ မျှော်လင့်ချက် ပိုနည်းသွားမယ်” ဆိုပါတယ်။

ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံ လူဦးရေစုစုပေါင်းရဲ့ ၁ ရာခိုင်နှူန်းကိုပဲ ကိုယ်စားပြုပေမယ့် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ချင်းလူမျိုးတွေက အချိုးမကျတဲ့ အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးကို ဝေမျှခဲ့ကြတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း(CHRO) ကဧပြီလ ၆ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

၂၀၂၂ ပြည့်နှစ်နောက်ပိုင်းမှာလဲ စစ်ကောင်စီတပ်ဖွဲ့တွေက ထန်တလန်မြို့ပေါ်က ကျန်ရှိသေးတဲ့ အိမ်ခြေတွေကို ၃၅ ကြိမ်မြောက်  ထပ်မံ မီးရှို့ခဲ့ကြပါတယ်။

ချင်းပြည်နယ်ရဲ့ စစ်ရေးပစ်မှတ်အလား ဖြစ်ခဲ့ရတဲ့ ထန်တလန်မြို့ဟာ အိမ်ခြေအားဖြင့် အိမ်ခြေ ၂,၅၀၀ ခန့်ရှိတဲ့ မြို့လေးတခုဖြစ်ပြီး အခုဆိုရင် မြို့နေအိမ် ၁ ထောင် ကျော်လောက်ဟာ မီးလောင်ပြာကျခဲ့ပြီး မြို့နေအိမ်ရဲ့ သုံးပုံတစ်ပုံခန့်ဟာမီးလောင်ဆုံးရှုံးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်မှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ထန်တလန်မြို့ခံ အမျိုးသမီးတစ်ဦးကလည်း “အိမ်တွေမီးလောင်သွားတော့ လူသားတစ်ယောက်အနေနဲ့ အရမ်းခံစားရ ခက်ခဲလွန်းတယ်။ ကျမတို့အိမ်ကိုလည်း ဒီတစ်သက် ပြန်ဆောက်နိုင်မယ် မထင်တော့ဘူး။ အရမ်းဝမ်းနည်းတယ်” လို့ပြောပါတယ်။

ချင်းပြည်နယ်မှာ လူဦးရေအားဖြင့် ၄၇၈,၀၀၀ ကျော် ထိ ရှိပြီး၊ လူဦးရေရဲ့ ၉၀ ရာခိုင်နှူန်းလောက်မှာ ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်ကြပါတယ်။ တိုက်ပွဲများကြောင့် ချင်းပြည်နယ်ရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ချင်းလူမှုအဖွဲ့အစည်းတချို့ရဲ့ မှတ်တမ်းများအရ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်နဲ့ နယ်စပ်ခြင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို သွားရောက်ခိုလှုံကြသူဉီးရေဟာ သမိုင်းမှာ လူဉီးရေအများဆုံး ဖြစ်နိုင်တယ်လို့ ပြောဆိုကြပါတယ်။

တိုက်ပွဲရှောင်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့စားဝတ်နေရေးကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြို့မိမြို့ဖများနှင့် ပြည်နယ်အစိုးရက အဓိက ကူညီပံ့ပိုးပေးနေပေမယ့် အိန္ဒိယနိုင်ငံဗဟိုအစိုးရကတော့ မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးရှောင်လာတဲ့ ဒုက္ခသည်တွေကို စစ်ဘေးရှောင်ဒုက္ခသည်လို့ သတ်မှတ်တာမျိုး မရှိဘူးလို့ မီဇိုရမ်သတင်းများမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံ ဗဟိုအစိုးရအနေနဲ့ စစ်ဘေးရှောင်လာတဲ့သူတွေကို  ဒုက္ခသည်အဖြစ် တရားဝင်သတ်မှတ်တာမျိုး မရှိလို့ နိုင်ငံတကာအကူအညီ အထောက်အပံ့တွေလည်း ထိထိရောက်ရောက် မရရှိတာတွေကြောင့် စစ်ဘေးရှောင်များဟာ အခက်ခဲများစွာနဲ့ ကြုံတွေ့နေထိုင်ကြရပါတယ်။

တဘက်မှာလည်း အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်ကြဖို့ ချင်းပြည်နယ် အတွင်းရှိ ဒေသခံလူငယ်တွေဟာ လက်နက်ကိုင် သင်တန်းများကို ချင်းအမျိုးသားတပ်ဦး(CNF) ထံ သွားရောက် သင်ကြားတာမျိုး ရှိပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF)က ချင်းပြည်နယ် ထန်တလန်မြို့နယ် အတွင်းတွင် တည်ရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ တစ်ခုလည်းဖြစ်ပြီး တပ်စခန်းလည်း တည်ရှိပါတယ်။ ဒါ့အပြင် ထန်တလန်မြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ CNF အကြားတိုက်ပွဲတွေကြောင့် မြို့တွင်းမလုံခြုံမှုနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ရေးပစ်မှတ်လည်း ဖြစ်လာခဲ့ပါတယ်။

စစ်ရေးပစ်မှတ်တစ်ခုလို ဖြစ်နေတဲ့ ထန်တလန်မြို့နယ်အတွင်းမှာ CNF တပ်ဖွဲ့အနေနဲ့လည်း လွတ်မြောက်နယ်မြေ ပိုကျယ်ပြန့်အောင် ကြိုးစားနေပြီး လက်ရှိအချိန်ထိ စစ်ရေးအရ တင်းမာမှုရှိနေပါတယ်။

“မချမ်းသာပေမယ့် ပျော်ပါတယ်” ဆိုတဲ့ မြို့ဆောင်ပုဒ်နဲ့ အညီ အေးချမ်းခဲ့တဲ့ မိုင်တောင်ဇလပ်နီတို့လို ထန်တလန်မြို့ခံပြည်သူတွေရဲ့ အိမ်ပြန်ရောက်မယ့် နေ့ရက်ဟာလည်း ‌ရွှေပြည်တော် မျှော်တိုင်း ဝေးနေရပါသေးတယ်။

Most read this week

November 23, 2024
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ ဟားလာဝကျေးရွာက ကျောင်းဆရာမတစ်ဦး  နိုဝင်ဘာလ ၂၂ ရက်နေ့မှာ...
November 19, 2024
ချင်းပြည်နယ်မင်းတပ်မြို့မှာ တိုက်ပွဲတွေစတင်ဖြစ်ခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဒီကနေ့အချိန်ထိ...
November 18, 2024
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး...