ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ

ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ

ဖားကန့်မြို့နယ် မက်လင်ချောင်ကျေးရွာမှ စစ်ကောင်စီဖမ်းဆီးသွားသည့် ပြည်သူ ၂၃ ဦးအနက် သက်ကြီးရွယ်အို ၂ ဦးသာပြန်လွတ်လာပြီး ဆယ်နှစ်အောက် ကလေး ၄ ဦးအပါ ကျန်ရှိသူများကို စစ်ကြောရေးတွင်သာ ထားရှိဆဲ ဖြစ်ကြောင်း  ဒေသခံများထံမှသိရသည်။

“အသက်ကြီးဆုံးနှစ်ယောက်ကိုတော့ပြန်လွတ်ပေးလိုက်ပြီ တစ်နေ့ကပဲ လွတ်ပေးလိုက်တယ်။ သူတို့ကိုတော့ အသက် ကြီးပြီမို့လို့ပြန်လွတ်ပေးလိုက်တာတဲ့ လင်မယားတွေဟုတ်တယ်။ ကလေး လေးယောက်အပါ ကျန်လူတွေကိုတော့ ဖားကန့်ဗျူဟာကုန်းက စစ်ကြောရေးမှာပဲ ရှိသေးတယ်လို့သိရတယ်။ ဘာကြောင့်မလွတ်သေးတာလဲတော့မသိရသေးဘူး”ဟု ဒေသခံ အမျိုးသားတစ်ဦးက KNG သို့ပြောသည်။

ဖမ်းဆီးခံရသည့် ၂၃ဦးအနက် လွတ်မြောက်လာသူ ၂ဦးသည် အသက် ၇၅ အရွယ်ရှိသူ ဦးဝင်း နှင့် အသက် ၇၃နှစ်အရွယ်ရှိ သူ ဒေါ်သိန်းဌေး တို့ဖြစ်ကြပြီး ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

လက်ရှိ စစ်ကောင်စီ၏ ဖမ်းဆီးခံထားရသူများသည် အသက်ဆယ်နှစ်အောက်များဖြစ်သည့် မသွန်းစုရတီဝေ ၈ နှစ်၊ မောင်သုတဇော် ၈ နှစ်၊ အမေသင်းရနံ့ဇော် ၃ နှစ်၊ မောင်ကံလင်းအောင် ၄နှစ်တို့ပါဝင်ပြီး မသင်းသင်းမာ ၄၀ နှစ်၊ မရီနွယ်ထွန်း ၂၉ နှစ်၊မမြသွေးနွယ် ၄၂ နှစ်၊မောင်ဇော်ဇင်ဦး ၁၈ နှစ်၊ဦးကျော် ၃၀ နှစ်၊ ဦးမိုးညို ၃၀ နှစ်၊မောင်နန်းမင်းထွန်း ၃၀နှစ်၊ မောင်ရဲမိုးဟိန်း ၃၀ ဝန်းကျင်၊မောင်ကျော်ထူး ၃၀နှစ်၊ မောင်သောင်းဇော်ဝင်း ၃၀ နှစ်၊မောင်ထိန်လင်းအောင် ၃၀နှစ်၊ ဦးမိုးကျော် ၃၀ ဝန်းကျင်၊ ဦးကျော်သူဝင်း ၃၀နှစ်၊ မောင်သန့်မင်းပိုင် ၂၇ နှစ်၊ ဦးဝင်းသိန်း ၄၄ နှစ်၊ မောင်အုန်းကျော် ၂၈နှစ်နဲ့ မောင်ကေထာင်းကျော်ဝင်းတို့ပါဝင်ကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးခံရသော ၂၃ဦးကို ဇွန်လ ၁၁ရက်နေ့ နံနက်ပိုင်း ၂နာရီဝန်းကျင်တွင် စစ်ကောင်စီအဖွဲ့၏ ဝင်ရောက်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးခံရသည့် ပြည်သူ ၂၃ဦးအနက် ၂၁ ဦး စစ်ကြောရေးတွင် ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်သည်။

“အဲ့ဒီကျန်နေသေးတဲ့ ၂၁ နဲ့က အခုချိန်အထိ သူတို့မိသားစုတွေ ဘာအဆက်အသွယ်မှ မရသေးဘူး။ ဘာကြောင့် ဖမ်းဆီးထိန်းသိမ်းထားတာလည်း တော့သူတို့နဲ့ချိတ်ဆက်လို့မရတော့ မသိရသေး”ဟု ယင်းအဖမ်းခံရသည့် သူများနှင့် ရင်းနှီးသည့် နောက်ထပ်ဒေသခံတစ်ဦးက ထပ်မံပြောဆိုထားသည်။

ပြည်သူ ၂၃ဦးဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးသော်လည်း ဒေသခံပြည်သူများ၏ သုံးသပ်ချက်အရ ဖမ်းဆီးခံထားရသူများသည် PDF များအားထောက်ပံ့သည်ဟု ယူဆသည့်အတွက် ယခုလို ဖမ်းဆီးထားခြင်းဖြစ်နိုင်ကြောင်း ‌ဒေသခံများက သုံးသပ်သည်။

မက်လင်ဂျောင်ကျေးရွာတွင် ဇွန်လ ၁ရက်နေ့ ည ၈နာရီဝန်းကျင် မက်လင်ဂျောင်အုပ်ချုပ်ရေးမှူး ဦးအုန်းကျော်နှင့် ဆွေမျိုးတော်စပ်သူ ၃ ဦး စုစုပေါင်း ၄ ဦးအား အမည်မသိအဖွဲ့မှ သတ်သွားခဲ့သည့်နောက်ပိုင်း ရွာအတွင်း စစ်ကောင်စီတပ် စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း သိရသည်။

ထို့ပြင် လက်ရှိချိန်တွင်လည်း စစ်ကောင်စီတပ်မှ စစ်ကြောင်း ထိုးမူအပြင် ပြည်သူများအား ဖမ်းဆီးမူ ပိုမိုလုပ်ဆောင်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်သူ များလာနေကြောင်း သိရသည်။

Most read this week

ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...
November 12, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ...
ဖမ်းဆီးခံထားရတဲ့ လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်
November 11, 2024
ရှမ်းမြောက်၊ နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...