ဆလိုင်းမိုက်ကယ် — အာဏာသိမ်းပြီးနောက်တစ်နိုင်ငံလုံးတွင် ပဋိပက္ခများဖြစ်ပွားပြီး အဆိုပါ ပဋိက္ခ၏ နောက်ဆက်တွဲ အကျိုးဆက်များနှင့် တိုက်ပွဲနိုင်ငံရေးအခြေအနေများသာ အာရုံစိုက်ခံနေရသည့် အခြေအနေတွင် ချင်းပြည်နယ်ကဲ့သို့ နယ်စွန်နယ်ဖျားရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားလှခြင်းကြောင့် အသက်ဆုံးရှုံးမှု ကိန်းကဏန်းများသည်လည်း သတိချပ်ရမည့် အနေအထားဖြစ်နေသည်။
အထူးသဖြင့် ချင်းပြည်နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအနေဖြင့် ၄င်းတို့ လိုအပ်သည့် ကာကွယ်ဆေးထိုးနှံရေးအတွက် အခွင့်အရေးများဆုံးရှုံးရလျက်ရှိပြီး စစ်ဘေးရှောင်နေရသူများအတွက်မူ ပိုမိုခက်ခဲသည့် အခြေအနေကို ကြုံတွေ့ရလျက်ရှိသည်။
ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်တွင်းရှိ ဒါးရင်ဒူးဒေသစစ်ဘေးရှောင်စခန်း၏ တာဝန်ရှိသူ တစ်ဦးမှ “ကျွန်တော်တို့ ဒါးရင်ဒူးဒေသ စစ်ရှောင်စခန်းမှာ ပုံမှန်ကာကွယ်ဆေးနဲ့ ဆက်စပ်တဲ့ဆေးဝါးတွေ မထိုးနိုင်ကြလို့ ကိုယ်ဝန်ဆောင်နေစဉ် သန္ဓေသားပျက်ကျတာ ၊ မွေးကင်းစ ကလေးတွေ အသက်ဆုံးရှုံးရတာ (၇)ယောက် လောက်ရှိပြီ” ဟု ပြောသည်။
အဆိုပါဒေသသည် စစ်ကောင်စီတပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးဝန်ထမ်းများသည် CDM လှုပ်ရှားမှုတွင် ပါဝင်သွားကြပြီး ယနေ့အချိန်ထိ ကျန်းမာရေးစောင့်ရှောက်မှု ယန္တယားလုပ်ငန်း ပုံမှန်လည်ပတ်နိုင်မှုမရှိသည့်ဒေသဖြစ်သည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ချင်းပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်မှုရာခိုင်နှုန်းအများဆုံးဖြစ်ပြီး ချင်းပြည်နယ်တွင်ပညာရေးဝန်ထမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်းသည် အများဆုံး အရေအတွက်ဖြစ်သည်။
ယခင်က ကိုယ်ဝန်ဆောင်မိခင်များအတွက် မိခင်နှင့်ကလေးကျန်းမာရေးဌာနများမှ လိုအပ်သည့် ဝန်ဆောင်မှုများနှင့်ထောက်ပံ့မှုများပေးသကဲ့သို့ မွေးကင်းစကလေးငယ် လသားအရွယ်များအတွက်လည်း အသက်အရွယ်အလိုက် ထိုးရန်လိုအပ်သည့် ကာကွယ်ဆေးအတွက် ကျန်းမာရေးဌာနမှ ရပ်ကွက်ကျေးရွာရုံးများအထိ သွားရောက်ကာ ကာကွယ်ဆေးထိုးနှံမှုမပျက်မကွက်စေရေးဆောင်ရွက်မှုရှိခဲ့သော်လည်း စစ်ကောင်စီ၏ အာဏာသိမ်းမှုနောက်ပိုင်း ချင်းဒေသတွင် တိုက်ပွဲများပုံမှန်ဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်တပ်ဖွဲ့မှ အုပ်ချုပ်ရေးယန္တယားများ လည်ပတ်နိုင်ရန်ကိုသာ ကြိုးပမ်းအားထုတ်လျက်ရှိသည်။ ထို့ကြောင့် မိခင်နှင့်ကလေးငယ်များအတွက် ကျန်းမာရေးစောက်ရှောက်မှုတွင် အရေးကြီးဆုံး ဖြစ်သည့် ကာကွယ်ဆေးထိုးနှံမှုကို မဆောင်ရွက်နိုင်သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် မွေးကင်းစအရွယ်မှ အသက် ၁၈လ အရွယ်အတွင်း ကလေးငယ်များသည် ပုံမှန်ကြီး ထွားကျန်းမာ သန်စွမ်းဖို့နှင့် ကူးစက်ရောဂါတွေ အပါအဝင် ရောဂါအချို့ကိုကာကွယ်နိုင်ဖို့အတွက် ပုံမှန် ကာကွယ်ဆေး ၁၃မျိုးခန့် ကို မဖြစ်မနေထိုးရန်လိုအပ်သည်။
ထိုသို့ အသက်အရွယ်အလိုက် လိုအပ်သည့် ကာကွယ်ဆေးထိုးနှံမှုမဆောင်ရွက်နိုင်လျှင် ကလေးငယ်များ၏ အသက်အရွယ်ကြီးမြင်းလာသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ ၊ရုပ်ပိုင်းဆိုင်ရာတွေ၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုပိုင်း၊ ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုးမှု အားနည်း သူများ ဖြစ်လာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် နိုင်ငံတကာ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့များမှ ထုတ်ပြန်ပြောဆိုပြီး ကလေးသူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်ရေးတွင် အဓိကထားဆောက်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ၂၀၁၄ သန်းခေါင်စာရင်းတွင် ချင်းပြည်နယ်သည် မသန်စွမ်းမှုနှုန်းဒုတိယအများဆုံးဖြစ်သည့်အပြင် မွေးကင်းစကလေးသေဆုံးမှုသည်လည်း ဒုတိယအများဆုံးဖြစ်သည်။ အဆိုပါ ပြသနာသည် မိခင်များ ကိုယ်ဝန်ဆောင်စဉ်ကတည်းကပင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု နှင့် အာဟာရပြည့်မီမှုမရှိခြင်းဖြစ်ကြောင့် UNICEF နှင့် ကျန်းမာရေးဝန်ကြီးဌာမှ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ချင်းပြည်နယ် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ပြီး မွေးကင်းစကလေးသေဆုံးမှုမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုအားနည်းသည့် ကျေးလက်ဒေသတွင် အမြင့်ဆုံးဖြစ်နေခဲ့သည်။
ယခုအခါ တိုက်ပွဲများကြောင့် နယ်မြေမအေးချမ်းဖြစ်ကာ ကျန်းမာရေးဝန်ထမ်းများမလုံလောက်သည့်အပြင် ကျေးလက်ဒေသများတွင် အုပ်ချုပ်မှုယန္တယားလည်ပတ်မှုမရှိနိုင်ဖြစ်နေသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အာဏာသိမ်းပြီး (၁)နှစ်ကျော်တွင် ပုံမှန်ကာကွယ်ဆေးမထိုးနိုင်သည့်ကလေးငယ်များ မှာ အသက်အရွယ်ကို ကျော်လွန်နေပြီဖြစ်သည့်အတွက် နောင်ရင်ဆိုင်လာရမည့် ကျန်းမာရေးပြဿများအတွက် ရင်လေးစရာတစ်ရပ်ဖြစ်နေသည်။
မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီမှ ဖွင့်လှစ်သည့် ကျန်းမာရေးဆေးပေးခန်းများတွင် ပုံမှန်ကာကွယ်ဆေးထိုးနိုင်ရန်အတွက် ကျေးလက်ဒေသမှလာရောက်သူများကို လုံခြုံရေးတင်းကြပ်ထားခြင်း၊ အစစ်ဆေးမေးမြန်းခြင်းများ၊ လမ်းခရီးများကြမ်းတမ်းခြင်းအပြင် ကျေးရွာများသို့လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် မြို့ပေါ် သွားရန်လည်း ဒေသခံများအတွက် စိုးရိမ်စရာဖြစ်နေသည်။
ချင်းပြည်နယ်တွင်ယခင်က ကျေးရွာများတွင်ဆေးပေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးဝန်ထမ်းများမှ ကလေးငယ်များအတွက် ကာကွယ် ဆေးများကိုပုံမှန်ထိုးပေးနိုင်သော်လည်း ၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ကျေးရွာ အချို့တွင်သာ ကာကွယ်ဆေးထိုးပေးနိုင်သည်။
စစ်ဘေးတိမ်းရှောက်သူ တစ်ဦးက “ စစ်ဘေးရှောင်လာတဲ့တစ်လျောက်မှာ ကျနော့်အမျိုးသမီးက ကိုယ်ဝန်ဆောင်ထားတယ် နောက်ပြီးတော့ ကိုဗစ်ကာကွယ်ဆေးလဲမထိုးထားသေးဘူး ၊ ကိုယ်ဝန်ဆောင်တဲ့ကာလအတွင်းမှာ ကိုယ်ဝန်ဆောင်မိခင်တွေထိုးရမည့် ကာကွယ်ဆေးလဲတစ်ခါမှ မထိုးဖြစ်ခဲ့ဘူး “ဟုပြောသည်။
ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် လိုအပ်သည့် ကာကွယ်ဆေးထိုးနှံမှုနှင့် ဆေးဝါးများလိုအပ်မှုအပြင် စိတ်ပိုင်းဆိုင်ရာမလုံခြုံသည့် အခြေအနေများလည်း ကြုံတွေ့ရသည်။ အထူးသဖြင့် စစ်ဘေးရှောင်များအတွင်း မိသားစုနှင့်အတူ လသားအရွယ်ကလေးငယ်များလည်း ပါဝင်ပြီး စစ်ဘေးရှောင်ရင်း သေဆုံးမှုများရှိသကဲ့သို့ နေမကောင်းသည့် ကလေးငယ်များအတွက်လည်း ဆေးမီတိုများ သုံးစွဲကုသမှုဆောင်ရွက်ပေးရသည့် အခြေအနေများလည်းရှိကြောင်း စစ်ဘေးရှောင်တစ်ဦး ဆိုသည်။
သူက “ ကျွန်တော်စစ်ရှောင်ခဲ့တုန်းက ကျနော်အမျိုးသမီးမှာ ကိုယ်ဝန်(၂)လလောက်ရှိနေပြီ၊ ပြီးတော့ ကျနော့်အမျိုးသမီးက နှလုံးရောဂါအခံရှိတဲ့သူဆိုတော့ သူ့ကျန်းမာရေးအတွက် အမြဲစိမ်ပူရတယ်၊ ဗုံးသံ သေနတ်သံတွေနဲ့က ကျနော်တို့က မနီးစပ်ခဲ့တော့ ပိုဆိုးတာပေါ့ ၊ အတတ်နိုင်ဆုံး သူ့စိတ်ကိုငြိမ်အောင် အားပေးစကားပြောရတယ်၊ ကျနော့်လိုပဲ စစ်ရှောင်လာတဲ့သူထဲမှာ လသားအရွယ် ကလေးငယ်တွေ လည်းပါလာတယ်၊ မိုးတွင်းကာလလဲဖြစ်တော့ အဲ့ကလေးတွေက သွေးလွန်တုပ်ကွေး ရောဂါ တွေဖြစ်ကြတယ်၊ ပါလာတဲ့ ဆေးတွေကို တိုက်ပြီးတော့ အဖျားကျအောင်လုပ်ရတယ် ”ဟု ပြောပါသည်။
ကိုယ်ဝန်ဆောင် မိခင်တစ်ဦးသည် မွေးဖွားလာမည့် ရင်သွေးငယ်များကို ကာကွယ်ရန် ကိုယ်ဝန်ဆောင်စဉ် မေးခိုင်နှင့်ဆုံဆို့ နှစ်မျိုးစပ်ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်စအချိန်တွင် တစ်ကြိမ်ထိုးနှံရမည်ဖြစ်ပြီး၊ ပထမ အကြိမ်ကာကွယ်ဆေးထိုးပြီး အနည်းဆုံး မမွေးဖွားမီ (၂)ပတ်အလိုတွင် ဒုတိယအကြိမ် ထိုးနှံရန်လိုအပ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေးထိုးရမည့်အချက်များကို ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ကလေးသူငယ်များမကြုံဖူးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဘေး ဒုက္ခနှင့် ရင်ဆိုင်နေရပြီး ပဋိပက္ခများနှင့်အကြမ်းဖက်မှုများ ၊ ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ရောဂါ၊ ရာသီဉတုဆိုင်ရာ ဘေးအန္တရာယ်များ၊ မြင့်တက်လာသော ဆင်းရဲမွဲတေမှုနှင့် ပြည်သူ့ဝန်ဆောင်မှုများ ပြတ်တောက်ခြင်းတို့ကြောင့် ကလေးသူငယ် (၅)သန်းခန့်သည် လူသားချင်းစာနာမူအကူအညီများ လိုအပ်နေကြောင်း UNICEF Myanmar ၏ ၂၀၂၂ခုနှစ် ၊ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချင်းပြည်နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်တွင် သွားရောက်ခိုလှုံကြသည့် ချင်းစစ်ဘေးရှောင်များထဲမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေးများ ထိုးခွင့်ရရှိကြသော်လည်း ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်ကလေးငယ်များ အတွက်မူ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လျက်ရှိလျက်ရှိသည်။
“ကျွန်မ ကိုယ်ဝန်ဆောင်တဲ့ချိန် မတူပီမြို့မှာ ကာကွယ်ဆေး(၂)ခါထိုးဖြစ်တယ်၊ ကိုယ်ဝန်လွယ်ရင်းစစ်ရှောင်လာရတာ၊ ဒီရောက်တော့ ကလေးအတွက်ကာကွယ်ဆေး(၂)ကြိမ်ထိုးထားပြီ၊ ကျွန်မကလေးက (၅)လသားအရွယ်ပါ”ဟု မတူပီမြို့နယ်မှ မီဇိုရမ်ပြည်နယ်ဖက်သို့ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။
CDM လှုပ်ရှားမှုတွင်ပါဝင်ကြသည့် ဆရာဝန်များနှင့်ကျန်းမာရေးဝန်ထမ်းများဖြင့်ဖွဲ့စည်းထားသော ပြည်သူ့ကျန်းမာရေးအဖွဲ့များက မြို့နယ်အလိုက်ဆေးပေးခန်းများဖွင့်လှစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ကြသော်လည်း ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးပေးရန်အတွက် ယခုလက်ရှိအချိန်တွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပေ။
“ ကျွန်တော်တို့အနေနဲ့ အခုချိန်မှာ ကလေးတွေအတွက် ပုံမှန်ကာကွယ်ဆေးထိုးပေးဖို့အတွက် မလုပ်ဆောင်နိုင်သေးဘူး၊ ကာကွယ်ဆေးသိုလှောင်ရမည့် ပြဿနာတွေ၊ သတ်မှတ်တဲ့ အပူချိန်မှာ ထားသိုဖို့အတွက် စရိတ်စကကြီးမားတဲ့အတွက် အခြားအဖွဲ့အစည်းတွေနဲ့တိုင်ပင် ဆွေးနွေးနေကြတယ်၊ ကာကွယ်ဆေးထိုးပေးဖို့တော့ အစီအစဉ်ရှိတယ်”ဟု CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ဆရာဝန်တစ်ဦးက ဆိုသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ၂ ဖက်တိုက်ပွဲများအကြား စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူနေအိမ်ပေါင်း (၁၀၀၀)ကျော် မီးရှို့ဖျက်ဆီးခဲ့ကြသည့် ထန်တလန်မြို့ပေါ် နှင့် ကျေးရွာများတွင် ကျန်းမာရေးဆေးပေးခန်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း သိရပြီး ယခုလက်ရှိတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများတွင် ကျန်းမာရေးနှင့်ပတ်သက်သည့် ကိုယ်ပူခြင်း၊ နှာစည်း၊ချောင်းဆိုး၊ ၊ဝမ်းပျက် ဝမ်းလျော၊သွေးလွန်တုပ်ကွေး စသည့်ရောဂါများအဖြစ်များနေသည်ဟု သိရပြီး ဟားခါးမြို့ တွင်သာ သွားရောက်ဆေးကုသမှုခံယူနေရသည်။
မြန်မာနိုင်ငံတွင် မွေးကင်းစမှ တစ်နှစ်ခွဲအထိ အမျိုးသား ကလေးများ အတွက် ပုံမှန်ကာကွယ်ဆေး (၁၂)မျိုးထိုးနှံပေးရမည်ဖြစ်ပြီး အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာ ရောဂါအပါအဝင် စုစုပေါင်း ကာကွယ်ဆေး(၁၃)မျိုးခန့်ထိုးနှံပေးရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက၏ ထုတ်ပြန်ထားသည်။
UNOPS ၏စာရင်းအရ ချင်းပြည်နယ်အတွင်းမှ လူဦးရေ ၂၀ ရာခိုင်နှုန်းကျော် သည် မူလနေထိုင်သည့် အရပ်မှ စစ်ဘေးတိမ်းရှောင်နေရပြီး အိန္ဒိယနိုင်ငံဖက်တွင် ၃ သောင်းဝန်းကျင်ရောက်ရှိသည်ဟုဆိုသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)စာရင်းအရ အိန္ဒိယနိုင်ငံဖက်တွင် စစ်ဘေးရှောင် ချင်းလူမျိုး ၄ သောင်းကျော် ရှိကြောင်း ဖော်ပြထားသည်။
ISP Myanmar ၏ထုတ်ပြန်ချက်အရ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ(၁)ရက်နေ့မှ မေ(၃၁)ရက်နေ့အတွင်း မြန်မာနိုင်ငံအတွင်း စစ်ရှောင်နေသူ (၁၀၈၂၇၂၂)ဦးခန့်ရှိသည်ဟု ဖော်ပြထားသည်။
စစ်ရေးတင်းမာလျက်ရှိသည့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များ ၊ကျေးရွာများ၊စစ်ရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေးပြဿနာများ အမြန်ဖြေရှင်းပေးရန် အရေးတကြီးလိုအပ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ဒုတိယလူဦးရေအနည်းဆုံးနှင့် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်အဖြစ် သတ်မှတ်ခံထားရသည့် ချင်းပြည်နယ်အတွင် လူသားအရင်းအမြစ်အတွက် ကနဦး အရေးကြီးသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုကို အရေးပေါ် စီမံချက်အဖြစ် ဦးစားပေးဆောင်ရွက်မှုများတွင် လျစ်လှူရှု၍ မရသည့် ကဏ္ဍတစ်ရပ်ဖြစ်သည်။ အဆိုပါ အရေးသည် သက်ဆိုင်ရာ ကျန်းမာရေးဌာနတစ်ခုတည်းမဟုတ်ပဲ ဒေသကာကွယ်ရေးတပ်များ၊ ဒေသခံပြည်သူများ၊ နိုင်ငံတကာရောက် ချင်းအသိုင်းအဝိုင်းများ၏ အလေးပေးကာ ပူးပေါင်းအဖြေရှာ ရန်လိုအပ်သည့် အရာတစ်ခုလည်းဖြစ်သည်။