ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် နဲ့ ဖရူဆိုမြို့နယ်က စစ်ရှောင်တောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးနဲ့ ပြောင်းခင်းတွေမှာ သီးနှံဖျက်ပိုး ကျရောက်နေသလို မိုးနည်းတာကြောင့် တချို့ ပြောင်းခင်းတွေမှာ အပင်မပေါက်တာလည်း ရှိနေတယ်လို့ တောင်သူတစ်ဦးကပြောပါတယ်။
“အခုပြောင်းတစ်ခင်းတောင်မှ ပိုးကျနေတယ်။ မိုးရွာတာ ပြီးခဲ့တဲ့ (၁၀) ရက်ကျော်လောက်ကပဲ၊ မိုးအုပ်နေတာ အခုက မိုးရွာတာ မဟုတ်ဘူး။ မြေကို စိုနိုင်တဲ့ မိုးမဟုတ်တော့ အခုလို စပါး၊ ပြောင်းပင်တွေ အပင်မပေါက်ဘူး။ ပရစ်၊ ငမြှောင်တောင် စတဲ့ ပိုးကောင်တွေ ကျနေတယ်” လို့ စစ်ရှောင် တောင်သူတစ်ဦးက ပြောပါတယ်။
စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ မြေဩဇာ၊ ပိုးသတ်ဆေးတွေရနိုင်ဖို့ ခက်ခက်နေတယ်လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။
“ဒီနှစ်တော့ စိုက်ပျိုးနိုင်တာ မရှိဘူး၊ စပါးတစ်ခင်းလောက်ပဲ၊ ကျန်တာ ဘာမှ မလုပ်ဖြစ်ဘူး၊ အရင်တုန်းကတော့ စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း စတဲ့ သီးနှံတွေကို စိုက်ပျိုးဖြစ်တယ်၊ အခုက မြေသြဇာစျေးက တစ်မျိုး၊ ခုခြေနေက တစ်မျိုးဆိုတော့ မလုပ်ဖြစ်ပါဘူး၊” လို့ စစ်ရှောင်တောင်သူတစ်ဦးကပြောပါတယ်။
ဆန်စပါး အဓိက စိုက်ပျိုးတဲ့ ဒီးမော့ဆို မြို့နယ် တကျောမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေဟာ တိုက်ပွဲနဲ့ဝေးရာ တောတောင်တွေနဲ့ ကျေးရွာတွေဆီကို ရွေ့ပြောင်းနေထိုင်နေကြရတာပါ။
စိုက်ပျိုးရေးလုပ်ငန်းကို ယခင်လို ပမာဏများများ မဟုတ်ပဲ စားရရုံအတွက် ဒေသခံ ကျေးရွာတွေဆီကနေ မြေနေရာကို ငှားပြီး စိုက်ပျိုးနေကြရတယ်လို့လည်း စစ်ရှောင်တစ်ဦးကပြောပါတယ်။
“အခု ကျမတော့ သူများ ခြံထဲမှာ မြေပဲ နည်းနည်း သွားစိုက်ထားတာပဲ။ နို့ဆီဗူး ၅၊ ၆ဗူးလောက်ပဲပေါ့။ အများကြီး စိုက်ဖို့က မျိုးစေ့က မဝယ်နိုင်ဘူး။ စိုက်ထားတာလည်း အသီး ပြန်ရမလား၊ မရဘူးလားလည်း မသိဘူး။ ကျေးရွာ ဒေသခံတွေတော့ သူတို့ စပါးတွေ စိုက်နေကြပြီ။”လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်တစ်ဦးက ပြောပါတယ်။
လက်ရှိကရင်နီပြည်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေကြရသူ ဦးရေ ၂သိန်းကျော်ရှိနေပါတယ်။ တိုက်ပွဲတွေကို တိမ်းရှောင်နေကြရတာဖြစ်တာကြောင့် ရေရှည်မှာ စားနပ်ရိက္ခာ အခက်အခဲတွေရှိနေပြီး အချိန်ကာလကြာရှည်လာပါက တိုက်ပွဲတွေကြောင့် သေဆုံးသူတွေထက် ရိက္ခာပြတ်လပ်မှုကြောင့်သေဆုံးသူတွေ ပိုများလာနိုင်တယ်လို့ ကရင်နီလူ့အခွင့် အရေးအဖွဲ့ ကပြောဆိုထားပါတယ်။