မန္တလေးတိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စွပ်စွဲထားသော အဂတိအမှု ငါးမှု အနက် အမှု နှစ်မှုကို ဇွန် ၇ ရက်တွင်အပြီးသတ် လျှောက်လဲချက်ပေးခဲ့ကြောင်း အိုးဘိုအကျဉ်းထောင်တွင်း သတင်းအရင်းအမြစ်က မဇ္စျိမကို ပြောသည်။
ယမန်နေ့ ( ဇွန် ၇ ) ရက် နေ့ က အပြီးသတ်လျှောက်လဲချက်ပေးခဲ့သော အမှုသည် ပြင်ဦးလွင်နှင့် မြင်းခြံမြို့တို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးနေရာ တည်ဆောက်ရန်အတွက် အဂတိလိုက်စားခဲ့သည်ဟုဆိုကာ စွပ်စွဲထားသော ရာကြီးမှု အမှတ်(၉)နှင့် (၁၀) အမှု တို့ဖြစ်သည်။
နောက်ထပ် ကျန်ရှိသော ရာကြီးမှု အမှတ်(၆)၊(၇) နှင့် (၈) အမှု သုံးမှုကို လာမည့် အပတ် ဇွန် ၁၄ ရက်တွင် အပြီးသတ် အမိန့် လျှောက်လဲသွားမည်ဖြစ်သည်။
“ ရာကြီးမှု အမှတ်(၉)နဲ့ (၁၀)က ဒီနေ့မှာ အပြီးသတ် လျှောက်လဲချက် တင်သွားပါပြီ။ အပြီးသတ် အမိန့်ချဖို့ပဲ ကျန်တော့တယ်။ ရာကြီးမှု အမှတ် (၆)၊ (၇)၊(၈) အမှုအတွက် ကတော့ လာမယ့် ဇွန် ၁၄ (အင်္ဂါ) ရက်နေ့မှာ အပြီးသတ် လျှောက်လဲချက်တင်ပါမယ်။ အဲ့ဒါ ပြီးမှ ငါးမှုလုံးအတွက် အပြီးသတ် အမိန့်ချမှာပေါ့။ အပြီးသတ် အမိန့်ကလည်း ရုံးချိန်း တစ်ပတ်လောက်ခွာမယ် ထင်ပါတယ်။ မျက်လုံး ခွဲစိတ်ကုသခံထားတာလည်း ကောင်းပါတယ်။ အခြား ကျန်းမာရေးဆိုင်ရာတွေလည်း ကောင်းပါတယ်” ဟု သတင်းအရင်းအမြစ်က ရှင်းပြသည်။
ယင်း အဂတိအမှု ငါးမှုအား စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားလိုပြုလုပ်၍ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၌ အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ၀န်ကြီးချုပ်အား ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလအတွင်း မလျှော်သြဇာသုံး၍ မဲမသမာမှု ပြုလုပ်သည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းဒေသကြီး ကော်မရှင်ခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက တရားလိုပြုလုပ်၍ အမရပူရမြို့နယ် တရားရုံးနှင့် အောင်မြေသာစံ မြို့နယ် တရားရုံးတို့တွင် တရားစွဲဆိုခဲ့သည်။
ယင်းအမှု နှစ်မှုမှာ အမရပူရမြို့နယ်တရားရုံးက စွဲချက်အမိန့်ချထားသော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁(စ) နှင့် အောင်မြေသာစံမြို့နယ် တရားရုံးက စွဲချက်အမိန့် ချမှတ်ထားသော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က) အမှုတို့ ဖြစ်သည်။
အမရပူရမြို့နယ် တရားရုံးက စွဲချက်အမိန့် ချထားသော ရာကြီးမှု အမှတ်၁၇၁(စ) အမှုအတွက် ဇွန် ၃ ရက်နေ့တွင် ထောင်ဒဏ် တစ်နှစ်ချမှတ် ထပ်မံ ချမှတ်လိုက်ပြီး အောင်မြေသာစံ မြို့နယ် တရားရုံးတွင် စွဲဆိုထားသော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (စ) အမှု အတွက် ဇွန်(၈) ရက်နေ့တွင် သက်သေအချို့ကို စစ်ဆေးရန်ရှိကြောင်း သိရသည်။
“ အမရပူရ အမှုက ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်ပါတယ်။ ဇွန် ၃ ရက်နေ့ကပါ။ ဇွန် ၈ ရက်မှာ အောင်မြေသာဇံအမှုကို တရားခံပြသက်သေစစ်ရမယ်” ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။
အသက် ၇၀ အရွယ် သွေးကင်ဆာ ဝေဒနာ ခံစားနေရသော ၀န်ကြီးချုပ်ကို စစ်ကောင်စီက အဂတိအမှု ငါးမှု၊ ရွေးကောက်ပွဲ မဲမသမာမှု နှစ်မှု၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှု စုစုပေါင်း အမှု ကိုးမှု တို့ဖြင့် တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ၀န်ကြီးချုပ်အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)အမှု အတွက် ထောင်ဒဏ် နှစ်နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုအတွက် ထောင်ဒဏ် နှစ်နှစ်၊ ယခုဇွန် ၃ ရက်တွင် အမိန့်ချမှတ်ခဲ့သော ပုဒ်မ ၁၇၁(စ) အမှုအတွက် ထောင်ဒဏ် တစ်နှစ် စုစုပေါင်း ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရပြီးဖြစ်သည်။