ပြည်သူမထိခိုက်မယ့် တိုက်ပွဲဖော်ဆောင်ဖို့ ချင်းတောင်ခြေ ကလေးမြို့ခံတွေက လိုလားနေကြ

ပြည်သူမထိခိုက်မယ့် တိုက်ပွဲဖော်ဆောင်ဖို့ ချင်းတောင်ခြေ ကလေးမြို့ခံတွေက လိုလားနေကြ

Salai Ka Baw  — “စစ်ကောင်စီတပ်က သူတို့လက်နက်ကြီးကို ရမ်းသမ်းပြီးတော့ ပစ်နေတဲ့ သဘောဖြစ်တယ် ပစ်ချင်တဲ့နေရာပစ်ပြီး ကျချင်တဲ့နေရာကျ သေချင်တဲ့သူသေ ဆိုတဲ့ပုံစံမျိုးနဲ့ အခုကဖြစ်နေတယ်ဆိုတော့ တာဟန်းရပ်ကွက်အတွင်းနဲ့ ကလေးမြို့အတွင်းမှာရှိတဲ့ ပြည်သူတွေက ဘယ်အချိန်မှာ ငါ့အိမ်ပေါ်မှာ အိမ်နားမှာ   အိမ်ရှေ့မှာ လက်နက်ကြီးကျလာမလားဆိုပြီး စိုးရိမ်စိတ်နဲ့ပဲ ညတောင်မှ အိပ်မပျော်တဲ့ အခြေနေဖြစ်နေတယ်”လို့ ကလေးမြို့တာဟန်းရပ်ကွက်မှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသား တစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့လ မေလ(၂၈) ရက်နေ့မှာ ကလေးမြို့ပေါ်က  ပြည်သူတွေအပေါ် စစ်ကောင်စီက မီတာအခွန်ကောက်ခံတာကြောင့်လို့ ဆိုပြီး ဒေသကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေက ကလေးမြို့ တာဟန်း(နေကြာတိုက်) အနီးမှာတပ်စွဲတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က (၂) ဦးသေဆုံးခဲ့ရာ စစ်ကောင်စီက အဲဒီညမှာပဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့  မင်းကင်းမြို့ကနေ ကလေးမြို့တာဟန်းရပ်ကွက်ကို စစ်ဘေးရှောင်လာသူအပါအဝင် အပြစ်မဲ့ ပြည်သူ (၃) ယောက်သေဆုံးပြီး (၁) ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့ဟာ စစ်ကိုင်းတိုင်းနယ်စပ် ချင်းပြည်နယ်စပ်နဲ့ အိန္ဒိယနိုင်ငံနယ်စပ်ကြားမှာ တည်ရှိတဲ့ မြို့တစ်မြို့ဖြစ်တဲ့ပြင် ချင်းတိုင်းရင်းသားတွေ အများစုနေထိုင်ပြီး ကုန်သွယ်ရေးအရ အရေးပါတဲ့ နယ်စပ်မြို့လေး တစ်မြို့ဖြစ်တယ်။

အဲဒီညဖြစ်စဉ်ကိုလဲ ဒေသခံတစ်ဦးက “ည ၇ နာရီလောက်မှာလက်နက်ကြီး လက်နက်ငယ် ပစ်သံတွေကြားရတယ် အဲလိုကြားရတဲ့ချိန် လက်နက်ကြီးတောက်လျှောက်ပစ်နေတဲ့ချိန်မှာ ဒီအိမ်ပေါ်ကို ကျတယ် ကလေးငိုလို့ဆိုပြီး အပြင်ထွက်ထိန်းတဲ့ချိန်မှာ လက်နက်ကြီးကျပြီးတော့ မိသားစု ၄ဦးဒဏ်ရာရတယ် ဒဏ်ရာရတဲ့ထဲမှာ အမေဖြစ်သူ အသက် (၄၃) နှစ်တစ်ယောက်  ဆုံးတယ် သားဖြစ်သူ ဆုံးတယ် ဧည့်သည်အမျိုးသမီးဆုံးတယ် သမီးတစ်ယောက်က ခြေတောက်အောက်ပိုင်းဒဏ်ရာရတယ် မစိုးရိမ်ရဘူး ဆေးဝါးကုသမှု ခံယူနေတယ်”လို့ပြောပါတယ်။

ကလေးမြို့တာဟန်းရပ်ကွက်မှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသား တစ်ဦးက “အခုရက်ပိုင်းတာဟန်းဘက်မှာရှိတဲ့ စစ်ကင်းရဲကင်းတွေမှာ တိုက်ပွဲတွေက ခဏဏဖြစ်နေတာ တွေ့ရတယ် မြို့တွင်းတိုက်ပွဲပုံစံမျိုးလား ဒါမှမဟုတ် ဘယ်လိုသုံးသပ်ရမလဲ မသိဘူးပေါ့ ပစ်ခတ်မှုက မကြာခဏဖြစ်နေတာဆိုတော့ အဲလိုမျိုးဖြစ်တဲ့ခါမျိုးမှာ စစ်ကောင်စီဘက်က သူတို့ကို လာပစ်ရင်တော့ နင်တို့ပြည်သူတွေထိမှာပဲဆိုတဲ့ ပုံစံနဲ့  လက်နက်ကြီးတွေနဲ့ လျှောက်ထုချင်တဲ့နေရာတွေပစ်တော့ ကျချင်တဲ့နေရာကျတော့ ပြည်သူလူထု ဒဏ်ရာရ သေဆုံးမှုတွေက ဖြစ်နေတော့တာခုက  ဘယ်လိုမျိုးလုပ်သင့်လဲဆိုတာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကလဲ စဉ်းစားသင့်တယ် ဘယ်လိုမျိုးနည်းဗျူဟာပြောင်းလဲပြီးလုပ်သင့်တယ်ဆိုတာတော့ စဉ်းစားသင့်တယ်လို့ထင်တယ် မဟုတ်ရင် ဒီလိုပဲမြို့တွင်းတိုက်ပွဲ ဆက်ဖြစ်ရင်တော့ အပြစ်မဲ့ပြည်သူတွေက ပိုပြီးခံရမဲ့ သဘောဖြစ်နေတယ် စစ်ကောင်စီတပ်ကလည်း ဘယ်သူသေသေ ဂရုစိုက်တာမဟုတ်ဘူး ဆိုတော့လေ”လို့ပြောပါတယ်။  

ချင်းလူမျိုးအများစုနေထိုင်တဲ့ ကလေးမြို့အနောက်ဘက် တာဟန်းရပ်ကွက်မှာ လက်နက်ကြီးကျတာ ပိုများပြီး လူနေအိမ်ထိခိုက်တာတွေ လူထိခိုက်တာတွေ အပြင် လူသေဆုံးမှုအခြေနေထိဖြစ်လာခဲ့ပြီး မေလ (၂၈)ရက်ညက လက်နက်ကြီးကျလို့ တာဟန်းရပ်ကွက်မှာ လူသေဆုံးမှုဖြစ်တာပထမဆုံးအကြိမ်ဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ လတွင်လည်း ကလေးမြို့ဘူတာလမ်းခွဲဘက်မှာ လက်နက်ကြီးကြောင့် လူသေဆုံးမှု တစ်ခါဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မတရားအာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ကျတော်တို့တိုက်ရမှာပဲ PDF လက်နက်ကိုင်ဖွဲ့တွေကိုလည်း ကျတော်တို့အားပေးပါတယ် မြို့တွင်းမှာတိုက်ပွဲဖော်ဆောင်တဲ့ခါမှာ နည်းနည်း အကျိုးဘက်ကို စဉ်းစားပြီးတော့ ချင့်ချိန်ပြီးတော့ လုပ်သင့်တယ်လို့ ကျတော်မြင်တယ် ဥပမာ  မနေ့တစ်နေ့ကဆိုရင်လည်း မြို့ထဲမှာတိုက်ပွဲဖော်ဆောင်တာပဲ ထုတ်ပြန်ချက်မှာလဲ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးတယ် ထုတ်ပြန်တယ် မြို့တွင်းတိုက်ပွဲ ဖော်ဆောင်တာပဲ တဖက်မှာပြန်ကြည့်ရင် ပြည်သူလူသေဆုံး ဆုံးရှုံးမှုက အင်မတန်မှပေးဆပ်ရတာကကြီးသွားတယ်”လို့ ကလေးမြို့တာဟန်းရပ်ကွက်မှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသား တစ်ဦးကပြောပါတယ်။

သူကဆက်ပြီး “ ပြည်သူ ၃ ယောက်တခါထဲသေဆုံးသွားတယ် ပြီးတော့ အခုအမျိုးသမီးတစ်ယောက်ဆိုရင် ဗုံးဆံထိပြီးတော့ ဆေးရုံမှာကုသနေရတယ် သေမလား ရှင်မလားမပြောတတ်ဘူး တခြားနေရာမှာလဲ ဒီလိုပဲ ဒဏ်ရာရတဲ့သူတွေရှိတာပဲပေါ့ မြို့တွင်းတိုက်ပွဲဖော်ဆောင်ပြီဆိုရင်လည်း ပြည်သူတွေတွက် ထိခိုက်နစ်နာမှု မရှိအောင် ချင့်ချိန်ပြီးတော့ လုပ်သင့်တယ်လို ကျတော်ကတော့ မြင်မိတယ်”လို့ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကလည်း တောင်ဖီလာရပ်ကွက် အ.ထ.က (၂) ကျောင်းအနီးက  လူနေအိမ် ၁ လုံးပေါ်နဲ့ တာဟန်း (F)ရပ်ကွက်က နေအိမ် (၁) လုံးပေါ်ပေါက်ကွဲခဲ့တာကြောင့် အိမ်ရှင်အမျိုးသား လက်မှာဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကလေးမြို့မှာနေထိုင်တဲ့ ချင်းတိုင်းရင်းသားတစ်ဦးကလည်း “အရင်ရက်တွေတုန်းက ကလေးမြို့ပေါ်တိုက်ပွဲဖြစ်တယ်ဆိုရင် သေနတ်သံတွေ ဆူဆူညံညံနဲ့ဘဲပြီးသွားတယ်၊ ဒါပေမယ့် သင်္ကြန်မတိုင်ခင်ကနေဖြစ်တဲ့မြို့တွင်း တိုက်ပွဲတွေကနေစပြီး စစ်ကောင်စီတပ်တွေက မြို့ပေါ်မှာရှိတဲ့ရပ်ကွက်တွေဖက်ကို လက်နက်ကြီးတွေ လှမ်းလှမ်းပစ်တာတွေလုပ်တာဟာ အကြိမ်ရေမနည်းတော့ဘူး၊ နောက်ပြီးတော့ ခရိုင်ထွေအုပ်ရုံးနဲ့ နယ်လှည့်စာရင်းစစ်ရုံးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက တောင်ဇလပ်ရပ်ကွက် ဘူတာရုံအနားမှာရှိတဲ့အိမ်တွေကို လက်နက်ငယ်တွေနဲ့ တရစပ်ပစ်တာတွေလုပ်တယ် ၊ PDFတွေနောက်တခါ အဲ့ဖက်ကနေ ချောင်းပစ်ရင် မင်းတို့အိမ်တွေကို ဖျက်ဆီးပစ်မယ်လို့လည်း ခြိမ်းခြောက်ထားတာ တွေကြားနေရတယ်။ သူတို့တွေ ပြည်သူ့အိမ်တွေကို လက်နက်ကြီးတွေနဲ့လှမ်းပစ်တာတွေ လုပ်နေတဲ့ချိန်တွေမှာ များသောအားဖြင့် စစ်ကောင်စီတပ်သားတွေ အထိအခိုက်များတဲ့ အချိန်တွေမှာလုပ်လိမ့်ရှိတယ်လို့ ကျနော်ထင်တယ်”လို့သူရဲ့အမြင်ကိုပြောပါတယ်။

ကလေးမြို့ရဲ့ အနောက်ဘက်အရပ်မှာရှိတဲ့ တာဟန်းရပ်ကွက်မှာလဲ မေလ ၁၀ ရက်နေ့က လူနေအိမ်ပေါ် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့လို့ အိမ်ရှင်အမျိုးသမီး တစ်ဦးနဲ့ သမီးဖြစ်သူတို့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

မေလအတွင်းမှာတင် လူနေအိမ်တွေပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲ ခဲ့တာ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ကလေးမြို့ အနောက်ဘက် တာဟန်းရပ်ကွက် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

နေအိမ်တွေပေါ်အကြိမ်ကြိမ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာ ဖြစ်ပွားခဲ့တဲ့ ကလေးမြို့ တာဟန်းရပ်ကွက်နေထိုင်ကြသူတွေဟာ  စိုးရိမ်ထိတ်လန့်စွာ နေထိုင်ကြရပါတယ်။

လူနေအိမ်တွေပေါ် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲတာတွေကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရတဲ့သူ များပြားလာတာနဲ့အမျှ မြို့တွင်းတိုက်ပွဲ မဖော်ဆောင်ကြပဲ ပြည်သူထိခိုက်မှု အနည်းဆုံးနည်းနိုင်သမျှနည်းအောင် တိုက်ပွဲတွေကို ဖော်ဆောင်ပေးဖို့ ပြောဆိုတာမျိုးတွေလည်း ရှိတယ်လို့ ကလေးတောင်ဘက် တာဟန်းရပ်ကွက် နေထိုင်သူ ဒေသခံက ပြောပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်စပ်မှာ တည်ရှိတဲ့ ကလေးမြို့နယ်တွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အများစုခြေကုတ်ယူ စခန်းချနေထိုင်ကြပြီး စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာမျိုးရှိပါတယ်။

နောက်ပိုင်းစစ်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတဲ့အပြင်  ကလေးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးယန္တယားတွေအထိ ဒေသကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်တာမျိုးတွေရှိလာတဲ့ နောက်ပိုင်း ကလေးမြို့ပေါ်တွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာခဲ့ပါတယ်။

ကလေးမြို့မှာနေထိုင်တဲ့ ချင်းတိုင်းရင်းသားတစ်ဦးကလည်း “အခုချိန်ကလေးမြို့မှာနေရတာ အဆင်မပြေဘူးဗျ၊ ဘာလုပ်လဲဆို သေနတ်ပစ်ခတ်သံတွေက နေ့တိုင်းလိုလိုကြားနေရတယ် ၊ စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးတွေနဲ့လှမ်းလှမ်းပြီးပစ်တော့ အသေအပျောက်စာရင်းတွေရှိလာတယ် အဲ့တာတွေကြောင့်ကိုယ့်အိမ်မှာနေရတာတောင် မလုံခြုံတော့ဘူး အခြားနေရာမှာ စစ်ရှောင်ရအောင်လဲ ကလေးမြို့နယ်တစ်ဝှိက်မှာ လုံခြုံတဲ့နေရာတွေမရှိဘူး အဲ့တာကြောင့် တိုက်ပွဲတွေဖြစ်နေပေမယ့် ကလေးမြို့မှာပဲ ဆက်နေရတယ်’’ လို့ပြောပါတယ်။

Most read this week

November 23, 2024
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ ဟားလာဝကျေးရွာက ကျောင်းဆရာမတစ်ဦး  နိုဝင်ဘာလ ၂၂ ရက်နေ့မှာ...
November 19, 2024
ချင်းပြည်နယ်မင်းတပ်မြို့မှာ တိုက်ပွဲတွေစတင်ဖြစ်ခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဒီကနေ့အချိန်ထိ...
November 18, 2024
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး...