ဘလက်ဇင်း — “ ကျနော်လည်းမထင်မှတ်ဘဲကော နော ဒီလိုမျိုး ခြေပြတ်ပြီး မိုင်းနင်းမိမယ်လို့ ကျနော်က မထင်ထားဘူးလေ။ ရည်မှန်းချက်လည်းပျက်တယ်ပေါ့နော၊ ဝမ်းနည်းရတယ်။ ဝမ်းနည်းလည်းမတတ်နိုင်ဘူး အခုချိန်မှာ။အဓိက အာဏာရှင်ကျဖို့ပဲ။”
လူငယ်ပီပီ တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီး ကျရာအခန်းကဏ္ဍမှာ တာဝန်ကျေပွန်ခဲ့တဲ့ အသက် (၁၈)နှစ်အရွယ် ၉တန်းကျောင်းသား မောင်ဗင်ဆေးတစ်ယောက် မြေမြုပ်မိုင်းနင်းမိတဲ့အကြောင်းကို ပြန်ပြောနေတာဖြစ်ပါတယ်။
သူက ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်းအမှတ် (၆)မှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးပါ။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ရက်နေ့ ပူဖားကျေးရွာအနီး တိုက်ပွဲအပြန် မိုင်းနင်းမိခဲ့တာပါ။ မိုင်းနင်းမိမှုကြောင့် ကိုယ်ခန္ဓာကိုယ်အစိတ်အပိုင်း အချို့ ဆုံးရှုုံးခဲ့ပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေဆဲဖြစ်ပါတယ်။
“ ထိတာတော့ ခြေထောက်တစ်ဖက်ရယ် ပြီးရင် … မျက်စိတစ်ဖက် ဆုံးရှုုံးရတယ်။”လို့ မောင်ဗင်ဆေးက မိုင်းကြောင့် ဆုံးရှုံးခဲ့ရတဲ့အရာတွေကို ပြောပြပါတယ်။
ဧပြီလအတွင်းက နန်းမယ်ခုံမြို့၊ ပူဖား၊ ကျွန်းတော၊ ဆီးလီဒုန်းတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။ ရှေ့တန်းကို နှစ်ကြိမ်သာ သွားဖူးတဲ့သူ့အဖို့ ရှေ့တန်း တိုက်ပွဲပြင်းထန်နေတဲ့အတွက် ရှေ့တန်းအကူသွားရပါတော့တယ်။
အသက်နဲ့ရင်းပြီး တိုက်ရတဲ့ တိုက်ပွဲကို မကြောက်ပေမယ့် လက်နက်ကိုင်ထားတဲ့အချိန်ဆို သွေးပူတယ်လို့ သူ့ရဲ့စိုးရိမ်စိတ်ကို ပြန်ပြောပြပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်း ကံမကောင်းစွာနဲ့ပဲ မောင်ဗင်ဆေး စစ်ကောင်စီထောင်ထားတဲ့ မိုင်းကို နင်းမိခဲ့ပါတယ်။
“အရေးကြီးတယ်ပေါ့နော တိုက်ပွဲဆိုတာ လူတိုင်းအသက်နဲ့ရင်းရတယ်ကောနော။ မကြောက်ပါဘူး သွေးတော့ပူတယ်ပေါ့နော။ လက်နက်ကိုင်တဲ့အချိန်ဆိုတော့ သွေးကပူတယ်လေ။ အဲ့အချိန် သူလည်းပစ် ကိုယ်လည်းပစ်ဆိုတော့ နည်းနည်းသက်သာသေးတယ်ပေါ့။ ဒါပေမယ့် နင်းမိတဲ့အချိန်မှာ မိုင်းက ပူသွားတယ်ပေါ့နော။”
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံအာဏာကိုသိမ်းယူခဲ့တဲ့ အာဏာရှင်စနစ်ကို မကြိုက်တဲ့အထဲ မောင်ဗင်ဆေးလည်းပါဝင်ခဲ့ပြီး သပိတ်အတောအတွင်းမှာလည်း တက်တက်ကြွကြွပါဝင်ခဲ့သူပါ။ သူ့အနေနဲ့ KNDF တပ်ရင်းအမှတ် (၆) စတင်ဖွဲ့စည်းပြီးနောက် လက်နက်ကိုင်လမ်းစဉ်ထဲ ပါဝင်ခဲ့ပါတယ်။
ခြေတစ်ဖက်၊ မျက်စိနဲ့ ကိုယ်အင်္ဂါအချို့ဆုံးရှုုံးခဲ့ရပေမယ့် စိတ်ဓတ်မကျဘဲ အာဏာရှင်ကျဆုံးဖို့ သာ အဓိကဖြစ်ပြီး ရရှိခဲ့တဲ့ ဒဏ်ရာပြန်ကောင်းကျရင် ခြေထောက်အတုတပ်ပြီး စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်တွန်းလှန်အုံးမယ်လို့ ဆိုပါတယ်။
တပ်ရင်း ဆရာသမား၊ ရဲဘော်ရဲဖက်၊ သူငယ်ချင်းတွေက လာရောက်အားပေးစကားပြောဆိုကြတဲ့အတွက် သူ့အနေနဲ့ အားတက်စေပြီး ပီတိဖြစ်ရတယ်လို့ သူက ဝမ်းသာအားရ ပြောပါတယ်။
“အားမငယ်နဲ့ပြောတယ်ပေါ့နော။ အားတင်းထား ကျနော်တို့ရှိသေးတယ်၊ အဲ့လိုမျိုးပြောကြတယ်။ ကိုယ့်အတွက် ပီတိဖြစ်တယ်ပေါ့နော။ အဲ့လိုမျိုး အားလည်းတက်စေတယ်ပေါ့နော ကိုယ်လည်းဝမ်းမနည်းရတော့ဘူးလေ။ ခြေပြတ်သွားလည်း ဘာဖြစ်လဲ အတုတပ်လို့ရသေးတာပဲနော။”
ဒီကနေ့အချိန်ထိ ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲတွေက နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတာကြောင့် စစ်ရှောင်တွေ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ မောင်ဗင်ဆေးတို့ မိသားစုလည်းအပါအဝင်ဖြစ်ပါတယ်။ သူက မောင်နှမ ၉ယောက်အနက် ၅ယောက်မြောက်ပါ။
မိသားစုက မောင်ဗင်ဆေး မိုင်းနင်းမိတဲ့ရက်က အသက်ရှင်ကျန်ရစ်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ထိခိုက်ဒဏ်ရာများပြားနေတာကြောင့်လို့ သူက ပြောပါတယ်။မောင်ဗင်ဆေးကတော့ ယခုထက်ထိ အသက်ရှင်နေတာ ကံကြောင့်ဖြစ်တယ်လို့ ခံယူထားပါတယ်။
မိုင်းကြောင့် ဝါသနာပါတဲ့ ဘောလုံးကစားတာကို ရပ်နားလိုက်ရပြီလို့ မောင်ဗင်ဆေးကညှိုးငယ်စွာနဲ့ ပြောပါတယ်။ သို့ပေမယ့် စစ်ကောင်စီအမြန်ဆုံးပြုတ်ကျပြီး နိုင်ငံရေးအခြေအနေကောင်းလာတဲ့အခါ ကျောင်းပြန်တက်ပြီး ရည်မှန်းထားတဲ့ အရာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရဲဘော်၊ လူနာတွေကို ကယ်တင်ပေးတာ၊ စိတ်ရှည်လက်ရှည်ကုသပေးတဲ့ ဆရာဝန်၊ ဒေါက်တာတွေကို အားကျပြီး နောင်တစ်ချိန်ကျရင် ဒေါက်တာဖြစ်ချင်တယ်လို့ သူရဲ့စိတ်ကူးလေးကို အားတက်သရော ပြောပြနေပါတယ်။
လက်ရှိအနေအထားအရ မောင်ဗင်ဆေးအနေနဲ့ စစ်ကောင်စီကို ရှေ့တန်းမှာ ထိပ်တိုက် မရင်ဆိုင်နိုင်တော့ပေမယ့် ကျန်ရှိတဲ့ တပ်ရင်းဆရာသမား၊ ရဲဖော်ရဲဖက်၊ သူငယ်ချင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးချင်းစီကို သတိဝိရိယရှိဖို့ ကျန်းမာရေးကရုစိုက်ကြဖို့ မောင်ဗင်ဆေးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
“တိုက်ပွဲသွားဖို့ သတိဝိရိယနဲ့သွားဖို့ ကျနော်တိုက်တွန်းချင်တယ်ပေါ့နော။ ရန်သူကို မြတ်မပြတ်ကြည့်ဖို့ ကျနော်က တိုက်တွန်းချင်တယ် အဲ့မျိုးပေါ့နော။ ပြီးရင် ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ကြလို့ ကျနော်ကပြောချင်တယ်ပေါ့နော။”