ပြည်သူ့အတွက် အာဇာနည်ဟူသည်

ပြည်သူ့အတွက် အာဇာနည်ဟူသည်
by -
ကေအိုင်စီ
“အာဇာနည်မျိုး သေရိုးမရှိ” ဟူသောစကားတစ်ရပ်ကို လူအတော်များများက ပြောဆိုလေ့ရှိကြသည်။ ဆိုလိုသည်မှာ လူ့အသက်ပင် သေဆုံးသွားသော်ငြား အမည်နာမနှင့် ဂုဏ်ပုဒ်မှာကား သေဆုံးသွားရိုး ထုံးစံမရှိဘဲ သမိုင်းတွင်ကျန်ရစ်ခဲ့မည်ကို ဆိုလိုခြင်းဖြစ်သည်။ နှစ်စဉ် (၁၉) ဇူလိုင်ရောက်တိုင်း မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူလူထုက ၀မ်းနည်းကြေကွဲကြရင်း ၁၉၄၇ ခုနှစ်က ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံး၌ ပစ်သတ်ခံရ၍ ကျဆုံးသွားခဲ့ကြသည့် အာဇာနည် (၉)ဦးအတွက် အောက်မေ့ဖွယ် အခမ်းအနားများဖြင့် လွမ်းသူ့ပန်းခွေများ၊ ပန်းကုံးများ ဆွတ်ကာတမ်းတဂုဏ်ပြုခဲ့ကြသည်။

ယင်းအာဇာနည်ခေါင်းဆောင်များထဲတွင် လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ဖခင် ဗိုလ်ချုပ်အောင် ဆန်းနှင့်အတူ ရှမ်း၊ ကရင်၊ ဗမာ တိုင်းရင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် မိုင်းပွန်စော်ဘွား စဝ်စံထွန်း၊ မန်းဘခိုင်၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ အတွင်းဝန်ဦးအုန်းမောင်၊ ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့လည်း ပါ၀င်ခဲ့သည်။ ထိုနေ့တွင် တစ်နိုင်ငံ လုံးအတိုင်းအတာအဖြစ် တိုင်းဒေသကြီးများနှင့် ပြည်နယ်ဒေသကြီးများ အသီးသီး၌ ကျင်းပပြုလုပ်ခဲ့ကြသော အဆိုပါအာဇာ နည်နေ့ အခမ်းအနားအပြင် နိုင်ငံအတွင်း မှီတင်းနေထိုင်လျှက်ရှိကြသော တိုင်းရင်းသားလူမျိုးစုများ၏ အမျိုးသားအာဇာနည်နေ့ အချို့လည်း ရှိနေသည်ကို မျိုးဆက်သစ်များ သိထားကြစေလိုသည်။

လက်လှမ်းမီသလောက် တင်ပြရသော် မွန်အမျိုးသားအာဇာနည်နေ့မှာ သြဂုတ်လ ရရက်ဖြစ်ပြီး ကချင်အမျိုးသား အာဇာနည်နေ့ မှာ သြဂုတ်လ ၁၀ရက်နေ့ဖြစ်သည်။ ၁၉၇၅ခုနှစ်၊ သြဂုတ်လ ၁ဝရက်က KIO ပထမဆုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်လထော်ဇော်ဆိုင်း (Lah taw Zau Seng)နှင့်အတူ ညီဖြစ်သူ ဒု-ဦးစီးချုပ် ဗိုလ်ချုပ်လထော်ဇော်တူး (lahtawZau Tu)၊ အထွေထွေ အတွင်းရေးမှူး ဆလန် ကဘား ဖုန်ရွှေဇော်ဆိုင်း (Pungshwe ZauSeng)တို့အား မြန်မာစစ်အစိုးရ၏ စေလွှတ်ထားသူတစ်စုက ထိုင်း-မြန်မာနယ်စပ် Thang Ngawk တောင်ကြောတစ်နေရာတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟု KIO သမိုင်းမှတ်တမ်းများက ဆိုသည်။

ကရင်နီ(ကယား)တိုင်းရင်းသားများအတွက်၌ စစ်အာဏာရှင်များ၏ လက်ထဲမှ ကရင်နီအမျိိုးသားထု၏ အချုပ်အခြာအာဏာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ပြန်လည်ရရှိရန်အတွက် တော်လှန်ရေးစတင်ခဲ့ချိန်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဦးဘီတူရီ ကျဆုံး ခဲ့သည့် စက်တင်ဘာလ ၈ရက်နေ့ကို ကရင်နီအာဇာနည်နေ့အဖြစ် သတ်မှတ်ရင်း သမိုင်းမှတ်တမ်းတင်လာခဲ့ကြသည်။

အလားတူ ကရင်တိုင်းရင်းသားများ၏ အမျိုးသားအာဇာနည်ခေါင်းဆောင် စောဘဦးကြီးနှင့် ဗိုလ်ချုပ်စောစိုင်းကေတို့ ရန်သူကို ပြန်လည်ခုခံတိုက်ခိုက်ရင်း ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ထို့ကော်ကူးကျေးရွာ၌ ၁၉၅၀ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့တွင် ကျဆုံးခဲ့ရသည်။ ထိုနေ့ကို ကရင်တစ်မျိုးသားလုံး၏ အာဇာနည်နေ့အဖြစ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကလည်း ၁၉၅၁ခုနှစ်က ကျင်းပခဲ့သည့် ၎င်းတို့၏ညီလာခံတွင် စတင် သတ်မှတ်လာခဲ့ရာ ၂၀၁၇ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့တွင် ၆၇နှစ်တိုင်ခဲ့ပြီဖြစ်သည်။

အခြားတိုင်းရင်းသားများဖြစ်ကြသည့် ချင်း၊ ရှမ်း၊ ရခိုင်နှင့် ကျန်တိုင်းရင်းသားများတွင် အာဇာနည်နေ့ ရှိမရှိကို အတိအကျ မသိရသေးသော်လည်း အာဇာနည်အဖြစ် အသိအမှတ်ပြုလောက်သူများစွာ ရှိခဲ့ဖူးမည်ဟု ယုံကြည်မိပါသည်။ မိမိ၏အသိုင်းအဝိုင်း၊ မိမိတို့လူမျိုး၊ မိမိတို့နိုင်ငံအတွက် အာဇာနည်ဟု မှတ်ကျောက်တင် အသိအမှတ်ပြုခြင်းသာ အသွင်သဏ္ဍာန် ကွဲပြားလိမ့်မည်ဖြစ်၍ တိုင်းရင်းသားပြည်သူလူထုအတွက် အားကျဂုဏ်ယူဖွယ်အဖြစ် သမိုင်းလက်ဆင့်ကမ်းသင့်သည့် အာဇာနည်များအကြောင်း သိကောင်းစရာ တစ်စွန်းတစ်စကို မှတ်သားရသမျှ မျှဝေလိုက်ပါသည်။

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...