ဇွန်လတွင် စမည့် တိုက်ပွဲသံနှင့် အတူကျောင်းတက်ခေါင်းလောင်းသံ

ဇွန်လတွင် စမည့် တိုက်ပွဲသံနှင့် အတူကျောင်းတက်ခေါင်းလောင်းသံ

အခြေခံပညာကျောင်းများကို မေလ (၂၆)ရက်နေ့မှစတင်ပြီး ကျောင်းအပ်လက်ခံပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 ပုံမှန်အားဖြင့် နှစ်စဉ် ဇွန်လတွင် ကျောင်းများပြန်လည်ဖွင့်လှစ်လေ့ရှိသော်လည်း ၂၀၂၀ နောက်ပိုင်း ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်အကြာ ကျောင်းများပိတ်ထားခဲ့ရသည်။

ကိုဗစ်ကပ်ရောဂါများအတွက် ကာကွယ်ဆေးများပေါ်လာပြီးနောက် ကိုဗစ်ကပ်ရောဂါကို အတော်အတန် ထိန်းချုပ်လာနိုင်သည့် အခါတွင်လည်း မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ အာဏာသိမ်းမှုကြောင့် ကျောင်းများပြန်ဖွင့်ရေးသည် ယခုနှစ်တွင်လည်း အခက်အခဲများ ရိုက်ခတ်နေသည်။

၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်ကပ်ရောဂါထိန်းချုပ်နိုင်သည့် အနေအထားတွင် တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပရန် စစ်ကောင်စီမှ ညွှန်ကြားခြင်း၊ တက္ကသိုလ်များဖွင့်လှစ်ရန် ညွှန်ကြားမှုများရှိသော်လည်း ကျောင်းသူ/ကျောင်းသားများအပါအဝင် မိဘပြည်သူများမှ စစ်ကျွန်ပညာရေးဟုဆိုကာ ကျောင်းများမတက်လိုခြင်း၊ ကျောင်းမတက်ရန် တိုက်တွန်းခြင်းများမှာ တစ်နိုင်ငံလုံး အတိုင်းအတာပင်ဖြစ်သည်။

စစ်ကောင်စီ၏ ထိုးစစ်များ အလူးအလဲ ခံရသည့် စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်များတွင် ကျောင်းများဖွင့်လှစ်နိုင်ရန်မှာ အလွန်ခက်ခဲသည့်အနေအထား ဖြစ်နေသည်။ ကျောင်းများ၌ စစ်တပ်များ တပ်စွဲခြင်း၊ ရွာလုံးကျွတ်မီးရှို့ခံရခြင်း၊ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေရခြင်း၊ စစ်ပွဲကြောင့် ကျောင်းများမီးလောင်ပျက်စီးခြင်း၊ မီးအရှို့ခံရခြင်းများကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျောင်းများဖွင့်လှစ်ရန်မှာ မဖြစ်နိုင်သည့် အနေအထားတွင်ရှိနေသည်။

မြန်မာတစ်နိုင်ငံလုံးတွင် CDM လှုပ်ရှားမှု အားကောင်းသည့် ချင်းပြည်နယ်တွင်လည်း ဇွန်လတွင် ကျောင်းများဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေသော်လည်း ကျောင်းဆရာ/မများ မှာ လုံလောက်စွာ ရှိမည်မဟုတ်ပေ။ ယခင်ကတည်းက တစ်ပြည်နယ်လုံး အတိုင်းအတာတွင် ကျောင်းများတွင် ဆရာ/မများလုံ လောက်စွာပင် မခန့်အပ်နိုင်သည့် အနေအထားတွင် CDM လှုပ်ရှားမှုတွင် ကျောင်းဆရာ/မ အင်အားသည် အများဆုံးဖြစ်နေသည်။

စစ်တပ်မှ အာဏာသိမ်းလိုက်သည့် အပေါ် လက်မခံနိုင်ကြသည့် ကျောင်းဆရာ/မ များစွာ Civil Disobedience Movement (CDM) လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့်အတွက် ကျောင်းပြန်ဖွင့်ချိန်တွင်လည်း အခက်အခဲများ စွာရှိနေသည်။

ချင်းပြည်နယ်အတွင်း CDM လှုပ်ရှားမှုတွင် ဌာနပေါင်းစုံမှ ၁ သောင်းခွဲကျော် ပါဝင်ခဲ့ကြပြီး ပလက်ဝမြို့ နယ်တွင်းမှ ပါဝင်သူအင်အားနည်းသော်လည်း ကျောင်းဆရာ/မ အများစုပါဝင်ကြောင်းသိရသည်။

ချင်းပြည်နယ်အတွင်း အစိုးရဝန်ထမ်းပေါင်း ၂ သောင်းကျော်ရှိသည့်အတွက် ၇၀ ရာခိုင်နှုန်းနှင့်အထက် CDM လှုပ်ရှားမှုတွင် ပါဝင်သွားကြသည်ဟု ဆိုရမည်ဖြစ်သည်။

CDM စာရင်းကောက်သည့် အဖွဲ့အစည်းများ၏ စာရင်းအရ ကန်ပက်လက်မြို့နယ်တွင် ၇၀၀ ကျော်၊ ထန်တလန်မြို့နယ်တွင် ၁၄၀၀ ကျော်၊ ဟားခါးမြို့နယ်တွင် ၂၉၅၄ ကျော်၊ မင်းတပ်မြို့တွင် ၂၇၀၀ ကျော်၊ ပလက်ဝမြို့တွင် ၁၄၆ ဦး၊ တီးတိန်မြို့နယ်တွင် ၂၃၀ ကျော်၊ တွန်းဇံမြို့နယ်တွင် ၇၇၄ ကျော်၊ ဖလမ်းမြို့နယ်တွင် ၁၉၈၀ ကျော်၊ မတူပီမြို့နယ်တွင် ၁၆၃၀ ကျော်ရှိသည်ဟု သိရသည်။ ထိုသို့ CDM ဝင်သည့် ဝန်ထမ်းအများဆုံးမှာ ပညာရေးဌာနမှ ဝန်ထမ်းများဖြစ်သည်။

စစ်ကောင်စီမှ ကျောင်းများဖွင့်လှစ်ရန် နှင့် စာမေးပွဲများဖြေဆိုရန် ဆောင်ရွက်ခဲ့သော်လည်း ဒေသကာကွယ်ရေး တပ်များမှ စစ်ကျွန်ပညာရေးတွင် လုံးဝ မတက်ရောက်ကြရန်နှင့် CDM မဝင်ပဲ ကျောင်းဆရာ/မ တာဝန်ဆက်လက်ထမ်းဆောင်နေသူများကိုလည်း စစ်ကောင်စီလက်အောက်တွင် အမှုထမ်းခြင်း လုံးဝရန့် တန့်ရန် စာဖြင့်သတိပေးချက်များ အသီးသီးထုတ်ပြန်ခဲ့ကြသည်။

ကျောင်းနေအရွယ် ကလေးသုံးဦးရှိသည့် ဖခင်တစ်ဦးက “ကျွန်တော်တို့ သားသမီးခေတ်မှာတော့ မကောင်းတဲ့ အစိုးရအောက်ကနေ သင်ကြားတဲ့ ပညာရေး စနစ်ပပျောက်ပါစေ။ ကျွန်တော်တို့ ချင်းပြည်ကြီး ပြန်လည်ထူထောင်ဖို့ဆိုရင် ပညာရေးဟာ အင်မ တန်အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ လူမျိုးကြီးဖြစ်တယ်။ အစေခံစိတ်ဓာတ်တွေ စွန့်ပယ်ပြီး မကောင်းတဲ့ စနစ်အောက်မှာ ကျောင်းတွေမအပ်ပဲ ဆက်ပြီးတော်လှန်ကြပါစို့” ဟု အတိအလင်း စစ်ကောင်စီလက်အောက်တွင် ဖွင့်လှစ်မည့် ကျောင်းများတွင် သားသမီးများအား ကျောင်းမထားရန် ထုတ်ဖော်ပြောဆိုသည်။

ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားမှုများ၊ ကျောင်းလက်ခံမှုများကို ၂၀၂၁ နှစ်ကုန်ပိုင်းကတည်း ကဆောင်ရွက်လာခဲ့သော်လည်း တက်ရောက်သူမရှိသလောက် နည်းပါးခဲ့သည်။

၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီ၏ အတင်းအကြပ်ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖမ်းစီးမှုများအပြင် CDM လှုပ်ရှားမှုများတွင် ပါဝင်လျက်ရှိသည့် ကျောင်းဆရာ/မ အချို့လည်း အလုပ်ပြန်ဝင်မှုများကိုလည်း တွေ့ရသည်။

သို့သော် အနည်းအကျဉ်းများသာဖြစ်သည့်အတွက် ကျောင်းများဖွင့်လှစ်နိုင်ခဲ့လျှင်လည်း ချင်းပြည်နယ်အတွက်မူ ဟန်ပြမျှသာ ဖြစ်မည်ဖြစ်ပြီး လုံခြုံမှုရှိစွာ၊ စိတ်ကျေနပ်မှုရှိစွာ၊ ပျော်ရွှင်စာဖြင့် ကျောင်းများတက်ရောက်မည့် အနေအထားကို လက်ရှိစစ်ကောင်စီလက်အောက်တွင်မူ လုံးဝမရှိနိုင်သည်မှာ အမှန်တရားပင်ဖြစ်သည်။

CDM ကျောင်းဆရာမတစ်ဦးက “မိဘတွေအနေနဲ့စဉ်းစားစေချင်တာက ကိုယ့်ကလေးတွေရဲ့ ရေရှည်အတွက် စဉ်းစားဖို့ လေးလေးနက်နက်လို အပ်ပါတယ်။ ကျောင်းမတက်တာထက်စာရင် လက်ရှိ စစ်ကောင်စီ အောက်ကနေ ကျောင်းဖွင့်နေတဲ့ နေရာတွေမှာ ကျောင်းတက်သင့်ပါတယ်လို့ စဉ်းစားတဲ့သူတွေလည်း အများကြီးရှိမှာပါ။

အဲဒါကတော့ မှားယွင်းနေတယ်လို့ပဲ ပြောချင်ပါတယ်။ နှစ်ပေါင်းများစွာ စစ်အာဏာရှင် အောက်ကနေ ကျောင်းတက်ခဲ့တဲ့ ကျွန်တော်တို့က ပညာရေးစနစ်ကြီးရဲ့ အခြေအနေမကောင်းဘူးဆိုတာ ကြီးကိုသိလို့ အခုလို ကျွန်တော်တို့ကလည်း CDM လုပ်ရတာဖြစ်တယ်ဆိုတာ သိထားပေးစေချင်တယ်” ဟု ၄င်း၏ အတွေ့အကြုံနှင့် ခံယူချက်ကို ပြောသည်။

ကျောင်းနေအရွယ်များအနေဖြင့် ကျောင်းတက်ရန် နှစ်နှစ်ကျော်ပျက်ကွက်လာပြီနည်းတူ ပြည်တွင်း ပဋိပက္ခများကြောင့် ကျောင်းတက်နိုင်ရေး အတွက်အတားအစီးဖက်ပေါင်းစုံမှ ရှိနေသည့်အတွက် ပညာရေးနှင့် လက်လှမ်းမဝေးစေရန် ချင်းပြည်နယ်၊ မြို့နယ်အချို့၏ ကျေးရွာများတွင် ကျောင်းများကို စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။

အဆိုပါကျောင်းများကို စစ်ကောင်စီ လက်အောက်ရှိ ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်နေခြင်းမဟုတ်ပဲ ဒေသခံပြည်သူများမှ စုပေါင်းဖွင့်လှစ်လာခြင်းဖြစ်သည်။ ဒေသကာကွယ်ရေးတပ်များ ထိန်းချုပ်ထားနိုင်သည့် ကျေးရွာများတွင် စစ်တပ်မှ နိုင်ငံတော်၏ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလာသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ၏ စီမံခန့်ခွဲမှုဖြင့် စတင်ဖွင့်လှစ်လာခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့ နယ်တွင်းရှိ ကျေးရွာအချို့တွင် လိုအပ်ချက်ပေါင်းစုံကြားမှ ကျောင်းပညာသင်ကြားမှု စတင်လည်ပတ် နေပြီဖြစ်သည်။ အဆိုပါ ကျေးရွာကျောင်းများတွင် CDM ပြုလုပ်သည့် ကျောင်းဆရာ/မများမှ အားဖြည့်ကာ ပါဝင်လျက်ရှိသည်။

စစ်ကောင်စီ၏ ကျောင်းပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်နှင့်ပတ်သက်ပြီး မိဘပြည်သူများအကြားတွင်လည်း အမြင်မတူမှုပေါင်းစုံ ထွက်ပေါ်လာရသည်။ နှစ်နှစ်ကျော် ကျောင်းပညာရေး နစ်နာရသည့် ကလေးငယ်များအတွက် ကျောင်းထားနိုင်ရေးကို အားပေးသူများရှိသကဲ့သို့ စစ်အာဏာရှင် စနစ်အောက်တွင် ကျောင်းများမထားသင့်ကြောင်း အချင်းချင်းကြား အမြင်များစွာကွဲလွဲကာ ပုတ်ခတ်ဝေဖန်မှုများသည်လည်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၏ အာဏာသိမ်းမှု၏ ကယက်ပင်ဖြစ်သည်။

ချင်းပြည်နယ်အတွင်းရှိ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းမှာလည်း စစ်ဘေးရှောင်နေရသဖြင့် ကျောင်းနေအရွယ် ကလေးများမှာလည်း စစ်ဘေးရှောင်နေရသည့်အတွက် ရောက်ရာနေရာတွင်ပင် ကျောင်းများတက်ရောက်ရန် အခက်အခဲပေါင်းစုံရင်ဆိုင်ရမည်ဖြစ်သည်။

လက်ရှိကာလ စစ်ကောင်စီအစိုးရမှ နိုင်ငံရေးတည်ငြိမ်ကြောင်း ပြသရန် ကျောင်းများဖွင့်လှစ်ရန် ကြိုးစားသော်လည်း တိုက်ပွဲပြင်းထန်နေသည့် ဒေသများတွင်မူ ကျောင်းတက်ခေါင်းလောင်းမှာတိုက်ပွဲသံများနှင့် ရောယှက်နေမည့်

ကျောင်းတက်ခေါင်းလောင်းသာ ဖြစ်ဖွယ်ရှိနေပါသည်။

 ရေး - DonBosco

November 23, 2024
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ ဟားလာဝကျေးရွာက ကျောင်းဆရာမတစ်ဦး  နိုဝင်ဘာလ ၂၂ ရက်နေ့မှာ...
November 19, 2024
ချင်းပြည်နယ်မင်းတပ်မြို့မှာ တိုက်ပွဲတွေစတင်ဖြစ်ခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဒီကနေ့အချိန်ထိ...
November 18, 2024
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး...