အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့၌ Food Panda ဝန်ထမ်းများ အနက်ရောင် ကြက်ခြေခတ်၍ ဆန္ဒပြ

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့၌ Food Panda ဝန်ထမ်းများ အနက်ရောင် ကြက်ခြေခတ်၍ ဆန္ဒပြ

လုပ်အားနှင့် လုပ်ခမျှတမှု မရှိဟု ဆိုကာ Food Panda ကုမ္ပဏီကို ရန်ကုန်နှင့် မန္တလေးမှ ဝန်ထမ်းများက မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှု ပေးနေသည့် Food Panda ကုမ္ပဏီသည် တရားမျှတမှု မရှိဟု ဆိုကာ စားသုံးသူများထံ ပို့ဆောင်သည့် အစားအသောက် ပုံးများ၏ နောက်တွင် အနက်ရောင် ကြက်ခြေခတ်၍ ဆန္ဒပြနေခြင်း ဖြစ်သည်။

Food Panda ဝန်ထမ်းများက အချက် ခုနစ်ချက်ပါ တောင်းဆိုချက်ကို ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က စတင် တောင်းဆိုနေခြင်း ဖြစ်ပြီး လက်ရှိ အချိန်ထိ ပြေလည်မှု မရသေးကြောင်း သိရသည်။

တောင်းဆိုချက်များမှာ အနိမ့်ဆုံး အော်ဒါကြေး ၆၇၀ ကျပ်မှ တိုးမြှင့်ပေးရန်၊ ပို့ဆောင်ရသည့် ခရီးအကွာအဝေး Google Map အသုံးပြု တိုင်းတာရန်၊ အသက်အာမခံ ဆောင်ရွက်ပေးရန်၊ ကွန်ပြူတာ စနစ်ဖြင့် တင်းကျပ်စွာ ထိန်းချုပ်မှု ဖြေလျော့ပေးရန်၊ တစ်ပတ်လျှင် တစ်ရက် အပြည့်အဝ နားခွင့်ပေးရန်၊ ထုတ်ပြန်ချက် ပြုလုပ်ပါက တရားဝင် ရုံးသုံး Social Media နှင့် Telegram Channel များမှ တစ်ပတ်ကြိုတင် ကြေညာပေးရန်၊ Rider များ ကုမ္ပဏီသို့ တိုက်ရိုက် ဆက်သွယ်နိုင်ရန် Hot Line ဖုန်းနံပါတ် တစ်ခုထားပေးရန် တို့ဖြစ်သည်။

အဆိုပါ တောင်းဆိုချက်များ အနက် လုပ်အားခ တိုးမြှင့်ပေးရန်နှင့် Google MAP အသုံးပြုရန်မှ လွဲ၍ ကျန်သည့် အချက်များ ပြုလုပ်ပေးမည်ဟု ကုမ္ပဏီဘက်က ဧပြီ ၂၀ ရက်နေ့တွင် ပြောခဲ့သော်လည်း ကတိပေးခဲ့ခြင်း မဟုတ်ကြောင်း အဆိုပါ အစည်းအဝေး တက်ရောက်ခဲ့သူက မဇ္ဈိမသို့ ပြောသည်။

ယင်းအစည်းအဝေးတွင် ပြောဆိုမှုများအား ဆောင်ရွက်ခြင်း မရှိသည့်အပြင် အရေးကြီးသည့် တောင်းဆိုချက် နှစ်ချက် မရရှိသည့်အတွက် ယနေ့ အလုပ်သမားနေ့တွင် တောင်းဆိုမှု ပြုလုပ်ခြင်း ဖြစ်ကြောင်း ဆန္ဒပြမှုကို ဦးဆောင်သူ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့တွေ အလုပ် ပြန်ဆင်းနေလို့ သူတို့လုပ်တာ ငြိမ်ပြီလို့ ထင်မှာ စိုးလို့ ဒီနေ့ ကမ်းပိန်းကို စီစဉ် လိုက်တာ၊ ငါတို့ နောက်မဆုတ်ဘူး ဆိုတာကို သိစေချင်လို့ အားယူနေတယ် ဆိုတာကို သိစေချင်တာ” ဟု ၎င်းကပြောသည်။

အာရှ ပစိဖိတ်ဒေသ၏ ထိပ်တန်း အွန်လိုင်း အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း Food Panda ကုမ္ပဏီသည် မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ အတွင်းက စတင် ဝင်ရောက်ခဲ့‌ပြီး COVID-19 ကပ်ရောဂါကြောင့် ပြည်သူလူထု အားထားရသည့် ကုမ္ပဏီ ဖြစ်ခဲ့သည်။

လက်ရှိ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ မော်လမြိုင်၊ ပြင်ဦးလွင်၊ နေပြည်တော်၊ ပဲခူး၊ တောင်ကြီး နှင့် မုံရွာ စသည့် မြို့ကြီး  ကိုးမြို့၌ ဝန်ဆောင်မှု ပေးနေပြီး ယခင်က စားသုံးသူထံမှ ဝန်ဆောင်ခ ငွေကြေး ကောက်ခံမှု မရှိသော်လည်း နောက်ပိုင်းတွင် ကောက်ခံမှု ရှိလာသည်။

“အရင်တုန်းက ထက်လည်း အော်ဒါကျတဲ့နှုန်း များနေပြီ။ စားသုံးသူ ဆီကလည်း ကောက်နေပြီ။ ဆိုင်သမား ဆီကလည်း ၃၀ ရာခိုင်းနှုန်းအပြင် အခွန်ပါ ကောက်ခိုင်းနေတဲ့ အချိန်မှာ အောက်ခြေက ပုခုံးနဲ့ ထမ်းတင်ပေး ခဲ့ရတဲ့ Rider တွေကို နင်းပြီးရင်း နင်းလာတာ ခုဆို အော်ဒါ တစ်ကြောင်းကို ၄၀၀ အောက်ထိ ကျဆင်းလာတယ်” ဟု Food Panda အစားအသောက် ပို့ဆောင် ဝန်ထမ်း တစ်ဦးက ပြောသည်။

လုပ်အားခ အပြင် လုပ်ငန်းခွင်တွင် ထိခိုက် ဒဏ်ရာ ရရှိပါက ကုမ္ပဏီဘက်က တာဝန်ယူမှု အားနည်းကြောင်း ဆိုသည်။

“မတော်တဆ ထိခိုက်မှုဖြစ်လို့ သေရင်တောင် အော်ဒါ ဘာဖြစ်သွားလဲ အရင်မေးတဲ့ ရုံးပါ” ဟု ဝန်ထမ်း တစ်ဦးက မှတ်ချက်ပြုသည်။

အစားအသောက် ပို့ဆောင် ဝန်ထမ်းများ ဆန္ဒပြမှုနှင့် ပတ်သက်၍ Food Panda ကုမ္ပဏီ တာဝန်ရှိသူများထံ မေးမြန်းရန် မဇ္ဈိမ အနေဖြင့် ကြိုးစားခဲ့ သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

November 8, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်နေပြီး...
မင်းသန့်စက်သုံးဆီဆိုင်မီးလောင်ကျွမ်းမှုဖြစ်စဉ်    (ဓါတ်ပုံ- ဘိုဘိုဝင်း)
November 8, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်က ဆီဆိုင်မီးလောင်မှုတွင် ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့သည့်အနက် ယနေ့ (...
မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...