ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိ့နှိုင်းဆောင်ရွက်မှု မရှိဘဲ ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို ကန့်ကွက်တယ်လို့ ကရင်နီပြည် အစိုရ ပြည်ထဲရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး ( ၂ ) ဦးအောင်ဆန်းမြင့်က “အဲ့တာတွေက ကျနော်တို့ ပြည်နယ်က အတိုင်ပင်ခံ ကောင်စီသော်လည်းကောင်း လက်နက်ကိုင်အဖွဲ့အစည်းသော်လည်းကောင်း ဘာတစ်ခုမှ ညှိ့နှိုင်းဆောင်ရွက်တာ မရှိဘူးဆိုတာကို Statement ထဲမှာ ရေးထားတယ်လေ။ အဲ့တာကြောင့်မလို့ပါ။ နောက်ပြီးတော့မှ Charter ထဲမှာလည်း ပြည်နယ်ရဲ့ အုပ်ချုပ်ရေး ဥပဒေပြုရေး တရားစီရင်ရေးကို ပြည်နယ်တွေကပဲ လိုအပ်သလို ဖွဲ့စည်း ဆောင်ရွက်သွားမည်ဆိုတဲ့ အချက်က ပါထားပြီးသားဖြစ်တယ်လေ။ အဲ့တာကြောင့်ပါပဲ။ “ လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ လ၂၂ရက်က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီရဲ့ ညွှန်ကြားစာကို ရည်ညွှန်းပြီး ဒီးမော့ဆိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ကြားကာလ ရပ်ကွက်၊ကျေးရွာအုပ်စု ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ကို အနည်းဆုံး ( ၁၁ )ဦးနဲ့ ဖွဲ့စည်းဖို့ ဧပြီ ၁၄ရက်မှာ ကြေညာခဲ့ပါတယ်။
ဧပြီ ၂၄ရက်နေ့မှာ လည်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက CDM ဝန်ထမ်းတွေနဲ့ အုပ်ချုပ်မှုကော်မတီကို ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန အဖြစ် ပြောင်းလဲ ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့တာပါ။
ဒီလိုဖွဲ့စည်းလိုက်တာဟာ NUCC ကနေရေးဆွဲပြီး ပြည်သူ့ညီလာခံမှာ အတည်ပြုထားတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပဋိဉာဉ်အစိတ်အပိုင်း ( ၂ ) ၊ အခန်း ( ၈ ) ပါ ပုဒ်မ ၅၂၊ ၅၃အရ ကြားကာလ ပြည်နယ်/ဖယ်ဒရယ်ယူနစ်များ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတွင် ဖော်ပြထားတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ဆန့်ကျင်နေတယ်လို့ KNPP ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အခုလို ဖွဲ့စည်းခြင်းကိုလည်း အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ ( NUCC )၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ( KSCC ) အဖွဲ့တွေအနေနဲ့လည်း တစ်စုံတစ်ရာ မသိရှိဘူးလို့ သိရပါတယ်။