နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့် ဒေါ်လာရယူခဲ့ကြောင်း စွပ်စွဲချက်ကို နေပြည်တော်ရှိ အထူးတရားရုံးတွင် ယနေ့ အမိန့်ချရန်ဖြစ်သော်လည်း ဆိုင်းငံ့လိုက်သည်။
ရုံးချိန်းကို မနက်ဖြန် ဧပြီ ၂၇ရက်သို့ ရွှေ့ဆိုင်းချိန်းဆိုလိုက်ကြောင်း တရားသူကြီးက အသိပေးခဲ့သော်လည်း မည်သည့်အကြောင်းကြောင့် ဆိုင်းငံ့သည်ကို ပြောသွားခြင်းမရှိဟု တရားရုံးနှင့်နီးစပ်သူတစ်ဦးက မဇ္ဈိမသို့ပြောသည်။
နိုင်ငံ၏ဒီမိုကရေစီသက်တမ်းတိုလေးကို အဆုံးသတ်သွားစေသော စစ်ခေါင်းဆောင်က အာဏာသိမ်းမှုဖြစ်ပြီးနောက် အသက် ၇၆ နှစ်အရွယ် နိုင်ငံ့ခေါင်းဆောင်ကို ဖမ်းဆီးကာ နိုင်ငံလျို့ဝှက်အက်ဥပဒေချိုးဖောက်မှု၊ အကျင့်ပျက်ခြစားမှု၊ ရွေးကောက်ပွဲမဲသမာမှုတို့အပါအဝင် အမှုများစွာစွဲချက်တင်ထားခဲ့သည်။
တရားခွင်များမှာ သတင်းထောက်များကိုတက်ရောက်နားထောင်ခွင့်မပေးသလို ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများကိုလည်း မီဒီယာများသို့ပြောကြားခွင့်မပြုသော ပိတ်ပင်မှုလည်းနောက်ပိုင်းတွင်ဖြစ်ပေါ်လာခဲ့သည်။
ယနေ့ရုံးချိန်းအမှုမှာ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်လည်းဖြစ် နောက်လိုက်တစ်ဦးလည်းဖြစ်သော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၎င်းလုပ်လိုသောမြို့ပြစီမံကိန်းတစ်ခုအတွက် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီအခေါက်ရွှေ ခုနှစ်ပိဿာပေးခဲ့သည်ဟုဆိုကာ စွပ်စွဲထားသည့် အမှုဖြစ်သည်။
စစ်ကောင်စီတပ်၏စစ်စခန်းတစ်ခုတွင်အချုပ်ခံနေရသည်ဟုယုံကြည်ရသော ဦးဖြိုးမင်းသိန်းကလည်း ယင်းသို့ ပေးခဲ့ကြောင်း ထွက်ဆိုခဲ့ပြီး အဆိုပါ ထွက်ဆိုချက်အပေါ် “All Absurd” (အဓိပ္ပာယ်မဲ့တွေ)ဟု ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၄ ရက်နေ့ရုံးချိန်းတွင် မှတ်ချက်ပေးခဲ့သည်။
ပြီးခဲ့သည့် ဧပြီ ၁၈ရက်နေ့ရုံးချိန်းတွင် အမှုနှင့် ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ့များက တရားလိုဘက်က သက်သေအခိုင်အမာမပြနိုင်မှုအပေါ် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြပြီး တရားလိုဘက်ကမူ ဦးဖြိုးမင်းသိန်း၏ ဇနီးထွက်ဆိုချက်၊ ဦးဖြိုးမင်းသိန်းနှင့်အတူ လိုက်ပါသွားသူ၏ ထွက်ဆိုချက်များအပေါ် အပြီးသတ်လျှောက်လဲချက်ပေးခဲ့သည်။
ပုံမှန်ရုံးချိန်းအတိုင်းဆိုလျှင် ဧပြီ ၂၅ ရက်နေ့မှာ အမိန့်ချရမည့်ရုံးချိန်းဖြစ်သော်လည်း အပြီးသတ်လျှောက်လှဲချက်ပေးသောရုံးချိန်းကတည်းက ဧပြီ ၂၆ ရက်နေ့ကိုချိန်းဆိုခဲ့သည်။
အာဏာသိမ်းတပ်ကို ဆန့်ကျင်ရန်လှုံ့ဆော်မှု၊ ကိုဗစ်စည်းကမ်းဥပဒေများချိုးဖောက်မှုနှင့် ဆက်သွယ်ရေးဥပဒေဖောက်ဖျက်မှု၊ ပို့ကုန်သွင်းကုန်ဥပဒေချိုးဖောက်မှုတို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ခြောက်နှစ်ချမှတ်ပြီးဖြစ်ကာ လက်ရှိတွင် နေအိမ်အချုပ်ဖြင့် ကျန်အမှုများကိုရင်ဆိုင်နေရသည်။
ယခင်စစ်အစိုးရလက်ထက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ရှိသူ၏နေအိမ်တွင် အကျယ်ချုပ်အဖြစ် နှစ်ပေါင်းများစွာချထားခဲ့သည်။
အကျင့်ပျက်ခြစားမှုဖြင့် နာမည်ဆိုးကျော်ကြားသော အသက် ၆၅ နှစ်အရွယ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းစဉ်ကတည်းက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်အနိုင်ရ NLD ပါတီဝင်များစွာကို ဖမ်းဆီးထားခဲ့ပြီး နှစ်ရှည်ထောင်ချမှုများလည်း ပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်တစ်ဦးဆိုလျှင် ထောင်ဒဏ် ၇၅ နှစ်ချခံရသည်။
စစ်ကောင်စီတပ်က လူပေါင်း ၁၃,၀၀၀ ကျော်ကို ဖမ်းဆီးကာ ၁,၇၀၀ ကိုသတ်ဖြတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားသည်။