စက်သုံးဆီပြတ်တောက်မှုမရှိကြောင်း စစ်ကောင်စီကပြောကြားစဉ်တွင် မော်တော်ယာဉ်များ စက်သုံးဆီအရောင်းဆိုင်များတွင် တန်းစီ

စက်သုံးဆီပြတ်တောက်မှုမရှိကြောင်း စစ်ကောင်စီကပြောကြားစဉ်တွင် မော်တော်ယာဉ်များ စက်သုံးဆီအရောင်းဆိုင်များတွင် တန်းစီ

စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီးဌာနက ဓာတ်ဆီ၊ ဒီဇယ်ဆီများပြတ်တောက်မှုမရှိကြောင်း ပြောကြားမှုရှိနေချိန်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင်တော့ မော်တော်ယာဉ်များ တန်းစီဝယ်ယူများ ယနေ့ညနေပိုင်းအထိတွေ့မြင်ခဲ့ရသည်။

နိုင်ငံတွင်ဓာတ်ဆီဂါလံ ၄၅ သန်းနှင့် ဒီဇယ်ဂါလံ သန်း၇၀ လက်ကျန်ရှိနေဟု စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ဧပြီ ၁၉ ရက်မွန်းလွဲပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဆိပ်ကမ်းတွင် ရောက်ရှိနေသော သင်္ဘောနှစ်စီးပေါ်၌ မချရသေးသည့် ဆီများလည်းရှိနေသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

စွမ်းအင်ဝန်ကြိီးဌာနထုတ်ပြန်ချက်နှင့် အကောက်ခွန်ဌာန ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီစသည့် လောင်စာဆီသုံးစွဲမှုစုစုပေါင်းသည် ၆.၅၄ သန်းမက်ထရစ်တန်ရှိခဲ့သည်။ လောင်စာဆီ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပမှတင်သွင်းရသည်။

ယမန်နေ့ကစတင်၍ ရန်ကုန်ရှိ စက်သုံးဆီဆိုင်အချို့က အရောင်းပိတ်ခြင်း သို့မဟုတ် အကန့်အသတ်ဖြင့်သာရောင်းချမှုများ ရုတ်တရက်ဖြစ်ပေါ်လာခဲ့ပြီးနောက် နိုင်ငံအတွင်း စက်သုံးဆီပြတ်တောက်မှုရှိနေသည်ဆိုသော ကောလာဟလများလည်း လိုက်ပါလာခဲ့သည်။

စက်သုံးဆီကန့်သတ်ရောင်းချမှုနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများ၊ အရောင်းကုမ္ပဏီများဘက်က သတင်းမီဒီယာများသို့ ဖြေကြားခြင်းမပြုလိုကြဘဲရှိခဲ့ကြသည်။

သို့သော် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်အုပ်စုနှင့်နီးစပ်သောမီဒိယာကိုပြောကြားရာတွင် စက်သုံးဆီပြတ်တောက်မှုရှိနေသည်ဆိုခြင်းနှင့်ပတ်သက်၍ တင်သွင်းသောကုမ္ပဏီများကို အပြစ်တင်ပြောဆိုထားသည်။

"အဓိက ပြဿနာဖြစ်ရတဲ့အကြောင်းရင်းကတော့ ကျနော်တို့အနေနဲ့က စက်သုံးဆီစျေးနှုန်းတည်ငြိမ်ရေးအတွက်ဒေါ်လာတွေရောင်းချပေးထားတာရှိတယ်။ ရောင်းချပေးတဲ့ ထုတ်သွင်းတဲ့ကုမ္ပဏီတွေကို အခုနောက်ပိုင်းမှာ ၁၈၅၀ စျေးနဲ့ ရောင်းချခိုင်းတယ်။ ရောင်းချခိုင်းတဲ့အချိန်မှာ သူတို့အနေနဲ့ ဒေါ်လာနောက်ထပ်လည်းမပေးနိုင်တော့ဘူး၊ ဒါကြောင့်မို့လို့ ဒါနဲ့မရောင်းချချင်တဲ့အတွက်မို့လို့ ဆီမရှိတော့ဘူးဆိုပြီး ကောလာဟလတွေဖြန့်နေတာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့က သက်ဆိုင်တဲ့သူတွေကို အသိပေးတာ သတိပေးတာတွေဆောင်ရွက်တာတွေရှိပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက NP သတင်းဌာနသို့ ပြောကြားသည်။

သင်္ကြန်ရုံးပိတ်ရက်များကြောင့် ဒေါ်လာရောင်းချပေးနိုင်ခြင်းမရှိခဲ့ကြောင်းနှင့် စက်သုံးဆီဖြန့်ဖြူးရောင်းချပေးသူများအနက် ခွင့်ပြုချက်ရထားပြိီးသားသူများကို မနက်ဖြန်မှစတင်၍ ဒေါ်လာပြန်လည်ရောင်းချပေးမှုလုပ်မည်ဟုလည်း သူကထပ်မံပြောသည်။

အမေရိကန်တစ်ဒေါ်လာကို ၁၈၅၀ ကျပ်ဖြင့်လဲလှယ်ရန် စစ်ကောင်စီကသတ်မှတ်ထားချိန်တွင် ယနေ့ ပြင်ပပေါက်စျေးမှာ ၂၀၀၀ ကျပ်နှင့်အထက်စျေးပေါက်နေသည်။

ရန်ကုန်နှင့်မြို့ကြိးများတွင်ယနေ့ညနေအထိ ဆီဝယ်မရမှာကို စိုးရိမ်စိတ်များနှင့်အတူ ယာဉ်ပိုင်ရှင်များက စက်သုံးဆီအပြေးအလွှားဖြည့်တင်းမှု ရန်ကုန်နှင့် မြို့ကြိီးအချို့တွင်ဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်မြို့တွင် မြောက်ဥက္ကလာပမြို့နယ် ၊စမ်းချောင်းမြို့နယ် ၊ မင်္ဂလာတောင်ညွှန်မြို့နယ်များရှိ စက်သုံးဆီဆိုင်အချို့ ပိတ်ထားသည့်ကို တွေ့ရှိရပြီး၊ ဖွင့်ထားသည့် ဆိုင်များတွင် စက်သုံးဆီရရှိရေးအတွက် ယာဉ်ကြောတစ်ဘက်ပိတ်သည်အထိ များပြားနေသည်ကို တွေ့ရသည်။

ညနေ ၆ နာရီအချိန်တွင် မြောက်ဥက္ကလာပအဝိုင်းအနီးရှိ YP စက်သုံးဆီဆိုင်တွင် စီတန်းနေသည့် ကားများ၏အခြေအနေမှာ မြောက်ဥက္ကလာပမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ် အစပ်ရှိ ငမိုးရိပ်ချောင်းကူးတံတား အနီးအထိ ရောက်ရှိနေသည်ကို မဇ္ဈိမသတင်းထောက်က တွေ့မြင်ရသည်။

ထို့အပြင် မြောက်ဒဂုံမြို့နယ်၊ နာရီစင် အနီးရှိ ပင်လုံလမ်းမပေါ်ရှိ မြတ်မေတ္တာမွန်ဆီဆိုင်မှာလည်း ယခုညနေ ပိုင်းတွင်း ပိတ်ထားသည်ကို တွေ့ရှိရပြီး၊ ယင်းမြို့နယ်အတွင်းရှိ စက်သုံးဆီများဖြစ်သော Denko ဆီဆိုင်နှင့် YPဆီဆိုင်တို့ ပိတ်ထားသည်။

ရန်ကုန်ရှိအရောင်းဆိုင်များတွင် ယနေ့ဆီစျေးက မတည်ငြိမ်ဖြစ်ကာ 92 ROM တစ်လီတာလျှင် ၁၈၉၀ ကျပ်မှ ၁၉၄၀ ကျပ်အထိစျေးပေါက်သလို ၊95 ROM ၁၉၇၅ ကျပ်၊ Diesel ၂၁၆၀ ကျပ်နှင့် Diesel Premium ၂၁၈၀ ကျပ်အထိရောင်းချနေခဲ့သည်ကိုတွေ့ရသည်။

" လက်ရှိအချိန်ထိကို ၃ နာရီလောက်တန်းစီနေတာ ဆီထည့်တဲ့နေရာကို မရောက်သေးဘူး ၊ဆီပန့်နားရောက်တဲ့ကားတွေလည်း တစ်သောင်းဖိုးပဲ ရတယ်။ အခုအချိန်ထိ တန်းစီနေရသလို ခွဲတမ်းကျဘဲ ရောင်းပေးနေတယ်" ဟု ယနေ့ညနေ ၆ နာရီအချိန်အထိ ကြုံတွေ့နေရသည့် အခက်အခဲကို တက္ကစီ ယာဉ်မောင်းတစ်ဉီးက ပြောသည်။

Most read this week

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် အမ်းမြို့နယ် မဲတောင်ဗျုဟာကုန်းရှိ စစ်လက်နက်ခဲယမ်းများ  ဓါတ်ပုံ-AA Info Desk
November 12, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှအရာရှိအချို့အပါအဝင် တပ်ဖွဲ့ဝင်...
အိန္ဒိယတွင် အကျဉ်းကျနေသည့်  မြန်မာနိုင်ငံသားများကို ၂၀၂၄ ခုနစ် ဇွန်လတွင်းက စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်စဥ် ဓါတ်ပုံ - မဏိပူရပြည်နယ်ဝန်ကြီးချုပ် လူမှုကွန်ရက်စာမျက်နှာ
November 11, 2024
အိန္ဒိယအကျဥ်းထောင်တွင်း အကျဥ်းကျနေသည့် မြန်မာနိုင်ငံသားများသည် လွှတ်မြောက်ရန်ကြန့်ကြာနေ၍ ...
November 11, 2024
ကရင်နီတော်လှန်ရေးအင်အားစုများ လှုပ်ရှားရာဒေသများတွင် အသွင်ပြောင်းစစ်ဆင်ရေး ထပ်မံ...
November 8, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်နေပြီး...