အလဲထိုးမှုမရှိသည့်စစ်ပွဲနှင့်အကြပ်အတည်းပိုကြုံလာမည့် ပြည်သူ

အလဲထိုးမှုမရှိသည့်စစ်ပွဲနှင့်အကြပ်အတည်းပိုကြုံလာမည့် ပြည်သူ

မြန်မာပြည်တွင်း ပဋိပက္ခသည် ပိုမိုဆိုးရွားလာပြီး နိုင်ငံအနှံ့နီးပါး တိုက်ပွဲများလည်း ဖြစ်ပေါ်နေသည်။ ချင်းအမျိုးသားတပ်ဦးရဲ့ တော်လှန်ရေး (၃၄) နှစ်ပြည့် ထုတ်ပြန်ချက်တွင် စစ်ကောင်စီမှ အာဏာသိမ်းယူပြီး တစ်နှစ်တာအတွင်း တိုင်းပြည်သည် စစ်တလင်းပြင် ဖြစ်ခဲ့ပြီး လူထု၏ နေ့စဉ် လူမှုဘဝလုံခြုံရေးသည် ခိုကိုးရာမဲ့လျက် အဆိုးရွားဆုံး အခြေအနေတွင် ရောက်ရှိနေသည့်အပြင် တိုင်းပြည်၏ လူမှုစီးပွားသည်လည်း ကုန်းကောက်စရာမရှိလောက်အောင် ပိုမိုဆိုးရွားသည့် အနေအထားသို့ ဆိုက်ရောက်ကာ အဆုံးစွန် ဆိုးကျိုးဖြစ်သည့် ကျဆုံးနိုင်ငံ ( Fail State ) သို့ဦးတည်နေကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူများအား စစ်ကောင်စီမှ အကြမ်းဖက်ဖြိုခွင်းပြီးနောက် တစ်နိုင်ငံလုံးတွင် အာဏာရှင်အား တော်လှန်ရန်သည့် လက်နက်ကိုင်ပေါင်းစုံ ပေါ်ထွက်လာပြီး တိုက်ပွဲများနေ့စဉ်နှင့်အမျှဖြစ်ပွားလျက်ရှိသည်။ Data for Myanmar စာရင်းအရ မတ်လလယ်အထိ စစ်ကောင်စီမှ ပြည်သူပိုင်နေအိမ်၊ အဆောက်အဦးများမီးရှို့မှုသည် ၇ ထောင်ကျော်ရှိပြီဖြစ်ပြီး တိုက်ပွဲပြင်းထန်သည့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အများဆုံးဖြစ်သည်။ အဆိုပါဒေသများတွင် နေ့စဉ်ရက်ဆက် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်နေမှုကြောင့် နေအိမ်ဆုံးရှုံးမှုမှာလည်း နေ့စဉ်အရေအတွက် တိုးနေမည်ဖြစ်သည်။ စစ်ပွဲကြောင့် စစ်ရှောင်ရသူများမှာလည်း တစ်နိုင်ငံလုံးတွင် ၉ သိန်းနီးပါးရှိပြီဖြစ်ကြောင်း UNOCHA ကထုတ်ပြန်ထားသည်။

အဆိုပါဦးရေသည် ၂၀၁၄ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်လူဦးရေ၏ နှစ်ဆဝန်းကျင်ရှိသည့် အရေအတွက်ဖြစ်သည်။

တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှုဦးရေသည်လည်း ၂ ထောင်ဝန်းကျင်ရှိကြောင်း စာရင်းများကဆိုထားသည်။ တိုက်ပွဲများနှင့်ပတ်သက်ပြီး စာရင်းများပြုစုသည့် အဖွဲ့အစည်းများ၏ စာရင်းအရ စစ်ကောင်စီကို တော်လှန်နေသည့် လက်နက်ကိုင်အင်အားစုမှ ရာဂဏန်း၊ စစ်ကောင်စီတပ်မှ သောင်းကဏန်းသေဆုံးမှုရှိနေပြီဖြစ်ကြောင်း ဖော်ပြကြသည်။ သို့သော်အဆိုပါကိန်းကဏန်းမှာ အတိအကျဟူ၍ သတ်မှတ်ရန်ခက်ခဲပါသည်။

တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်လမ်းစဉ်ဖြင့် အာဏာရှင်စနစ်အား တော်လှန်မှုတွင် မည်သည့်အဖွဲ့မှ နိုင်မည် (သို့) အချိန်ဘယ်လောက်ကြာပြီး မည်သို့အပြောင်းအလဲ ဖြစ်မည်ဆိုသည့်အရေးမှာ အဖက်ဖက်တွင် အကြပ်အတည်းကြုံတွေ့လာရပြီဖြစ်သည့် ပြည်သူအကြား ခန့်မှန်းမရနိုင်သည့် မေးခွန်းဖြစ်လာနေသည်။ အဆိုပါမေးခွန်းအတွက်မူ နှစ်ဖက်စစ်တပ်များ၏ အင်အားနှင့်သေဆုံးမှုစာရင်းများဖြင့် ထည့်သွင်းတွက်ချက်သည့် နည်းလမ်းတစ်ခုတည်းဖြင့်တော့ သတ်မှတ်ရန်ခက်ခဲပါသည်။ လက်နက်အခြေအနေ၊ ထောက်ပို့အခြေအနေများနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ခေါင်းဆောင်မှုပိုင်းဆိုင်ရာများအားလုံးကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

မြန်မာ့အရေးလေ့လာသူနှင့် ကျွမ်းကျင်ပညာရှင် အင်ဒရူးဆဲ့လ်သ်က ၂၀၁၁ ခုနှစ်နောက်ပိုင်း အရပ်သားအစိုးရ တက်လာပြီးနောက် တပ်မတော်၏ အင်အားသည် ကျုံ့လာသည်အစီအရင်ခံစာများထွက်ပေါ်လာခဲ့ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပိုခေတ်မီပြီး စံချိန်မီတပ်မတော် အဖွဲ့အစည်းဖြစ်ရန် လုပ်ဆောင်ဖို့ အားထုတ်ရာမှာ တပ်မတော်အင်အားကိန်းကဏန်းက လျော့ကျနေကြောင်း၊ အင်အားသစ်စုဆောင်းမရခြင်း၊ တပ်ပြေးများပိုမိုများပြားလာသည့် အကြောင်းပြချက်များစွာဖြင့် ဆိုးဆိုးရွားရွားအင်အားနည်းလာခဲ့သည်ဟုဆိုသည်။

၂၀၂၁ အစောပိုင်းမှာတော့ လေ့လာစောင့်ကြည့်သူအများစုက တပ်မတော်အင်အားသည် ၃ သိန်းနှင့် ၃ သိန်းခွဲကြားရှိမည်ဟု လက်ခံကြသည်။ ယခုအချိန်မှာတော့ ၂ သိန်းခွဲလောက်သာရှိမည်ဟု ခန့်မှန်းပြီး အဆိုပါ ကိန်းကဏန်းထက် ပိုမိုလျှော့ကျမှုမျိုးရှိနိုင်သည်ဟုဆိုသည်။ အဆိုပါအရေးအတွက်သည် ယူနီဖောင်းဝတ်သည့် စစ်တပ်အားလုံး၏ အရေအတွက်မဟုတ်ပဲ ရှေ့တန်းတိုက်ခိုက်ရေးသမားများ၏ အရေအတွက်ဖြစ်သည်။ မနှစ်က တပ်ကထွက်ပြေးလာသူတစ်ယောက်အဆိုအရ ရှေ့တန်းတိုက်ခိုက်ရေးသမား ၉ သောင်းခွဲဝန်းကျင်သာရှိမည်ဟိုဆိုပါသည်။ သို့သော် အဆိုပါကိန်းကဏန်းအတွက် အထောက်အထားရှိမနေပေ။

အထက်ပါကိန်းကဏန်းများတွင် ရဲတပ်ဖွဲ့ဝင် ၈ သောင်းကျော်မပါဝင်သလို စစ်သားဟောင်းအများစုဖြင့် ဖွဲ့စည်းထားသည့် တပ်ရင်း ၃၀ လည်းရှိနေပါသေးသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်အဖွဲ့ပေါင်း ၂၅၀ ဝန်းကျင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ရင်ဆိုင်နေရပါသည်။ အဆိုပါ စစ်ကောင်စီကို တော်လှန်သည့် အင်အားစုမှာ ၂ သောင်းခွဲဝန်းကျင်နှင့် လက်နက်ကိုင် EAO တပ်ဖွဲ့ဝင် ၃ သောင်းအထက်ရှိနေနိုင်သည်ဟု အင်ဒရူးက ရေးသားထားသည်။

စစ်ကောင်စီတပ်အနေဖြင့် အာဏာသိမ်းပြီးနောက် စစ်ဆင်ရေးများ အဆက်မပြတ်လုပ်နေရပြီး နားချိန်မရှိသေးပါ။ ကြားရသည့် အခြေအနေအရ စိတ်ပိုင်းဆိုင်ရာ ကျဆင်းနေပြီး တစ်ဖက်ကိုခိုလှုံထွက်ပြေးသွားသူလည်း ၂၅၀၀ ကျော်ရှိနေပြီသော်လည်း ရှေ့တန်းထွက်စစ်သားအားလုံးတော့မဟုတ်ဘူးလို့ အင်ဒရူးဆလ်သ်ကရေးထားပါတယ်။ စစ်အစိုးရအနေဖြင့် စစ်မှုထမ်းဟောင်းများပြန်ခေါ်ခြင်း၊ စစ်သားမိသားစုများ၏ ဇနီးများနှင့် သားသမီးများကို စစ်သင်တန်းပေးပြီး ကိုယ်ပိုင်ပြည်သူ့စစ်ကိုထူထောင်နေတာကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီးတွေ စိတ်ပူပန်နေသည်ကို ပြသနေသည်ဟု ၄င်းကဆိုသည်။

အင်ဒရူးဆလ်သ်မှ လက်ရှိပြည်တွင်းပဋိပက္ခနှင့်ပတ်သက်ပြီး နှစ်ဖက်လုံးသည် နေရာများစွာတွင် တိုက်ပွဲများဆင်နွှဲနေကြပြီး အလဲထိုးနိုင်စွမ်းသည် နှစ်ဖက်လုံးတွင်ရှိမနေကြောင်း၊ မျှော်လင့်မထားသည့် ပုံစံတစ်မျိုးမျိုးဖြစ်မလာလျှင် မြန်မာ့ပြည်တွင်းစစ်သည် အဆုံးအဖြတ်မပေါ်သေးပဲ အချိန်တစ်ခုအထိ ဆက်သွားနေအုံးမည်ဖြစ်သကဲ့သို့ တိုက်ပွဲတွင်ပါဝင်သည့် နှစ်ဖက်လုံးတွင် အကျအဆုံးမြင့်တက်နေအုံးမှာဖြစ်သည်ဟုဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် ၁၉၇၀ ပြည့်လွန်နှစ်များကစပြီး ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်မှုလုံးဝမရှိတော့သည့် နိုင်ငံအလယ်ပိုင်း ဒေသများတွင်ပါ ခုခံစစ်ပွဲများကြုံတွေ့နေရပြီး ယခုအဖြစ်အပျက်များသည် စစ်တပ်အနေဖြင့် စစ်မျက်နှာပေါင်းစုံတွင် မိမိကိုယ်ကို ဘေးကျပ်နံကျပ်ဖြစ်ရန် လုပ်မိနေပြီဖြစ်ကြောင်း မြန်မာ့ပြည်တွင်းစစ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အရေးကို တစ်စိုက်မတ်မတ်လေ့လာပြီး စာရေးသားထုတ်ဝေနေသည့် ဘာတီလ်လင့်ဒ်နာက သုံးသပ်သည်။

နိုင်ငံအနှံ့ပေါက်ဖွားလာသည့် လက်နက်ကိုင်အုပ်စုအားလုံးကို တော်လှန်ရေး အင်အားစုများကို အပြတ်အသတ် အနိုင်ယူတိုက်ခိုက်နိုင်ရန်မှာလည်း မဟုတ်ကြောင်း ထင်ရှားပါသည်။ ပထဝီအနေအထားအရသော်လည်းကောင်း၊ စိတ်ဓာတ်ပိုင်းပြင်းထန်မှုများကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

တစ်ဖက်တွင် ပေါက်ဖွားလာသည့် လက်နက်ကိုင်အင်အားစုများအနေဖြင့် တိုက်ပွဲကြီးများတွင် အသာရဖို့သည်လည်း အလှမ်းဝေးဆဲဖြစ်ကြောင်း၊ တော်လှန်ရေးလှုပ်ရှားမှုများသည် တစ်ခဲနက် ထောက်ခံအားပေးမှုများရှိနေသော်လည်း လက်နက်တပ်ဆင်နိုင်စွမ်း အားနည်းလွန်းသကဲ့သို့ စစ်ကောင်စီတပ်နှင့်အရာရှိများအား ရနိုင်သလောက် သုတ်သင်မည်ဆိုသည်ထက် ပိုပြီးကောင်းမွန်သည့် ရေရှည်ရည်မှန်းချက်နှင့် အခင်းအကျင်းမတွေ့ရဘူးဟု ဘာတီလ်လင့်တနာကသုံးသပ်သည်။

စစ်ကောင်စီတပ်အနေဖြင့်လည်း တော်လှန်ရေးအင်အားစုများ တစ်ဖြည်းဖြည်း ဆုတ်ယုတ်ပြီး လုံးပါးပါးလာရန် တိုက်မည်ဆိုသည့် မဟာဗျူဟာမျိုးသုံးနေပုံပေါ်သော်လည်း တော်လှန်ရေး၏ စိတ်အားထက်သန်မှုနှင့် ကျားကုတ်ကျားခဲ ကြိုးစားမှုများကြောင့် အဆိုပါဗျူဟာလည်း အောင်မြင်နိုင်မည့် အလားအလာနည်းသည်ဟု ၄င်းကဆိုသည်။ တိုက်ပွဲများအတွင်း စစ်တပ်မှ လေကြောင်း ပစ်ကူအင်အား အလွန်အကျွံသုံးစွဲသည့် နည်းဗျူဟာသည် ပြည်သူကို ပိုမိုထိခိုက်စေပြီး စစ်ဘေးရှောင်ဒုက္ခသည်များ ပိုမိုတိုးပွားလာစေမည်ဖြစ်သည်။ ဒေါသထွက်နေသည့်၊ နာကျည်းနေသည့် ပြည်သူများကို ပိုပြီးဆွဲပေးသကဲ့သို့ ဖြစ်နေအုံးမည်ဖြစ်ပြီး ယခုကဲ့သို့ လေကြောင်းသုံးစွဲမှုကိုကြည့်ခြင်းအားဖြင့် စစ်တပ်၏ အရည်အချင်းညံ့ဖျင်းမှုကို မီးမောင်းထိုးပြနေသည်ဟု ဆိုသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် လက်နက်ပိုမိုစုဆောင်းလာခြင်း၊ တိုက်ရည်ခိုက်ရည်နှင့်ပတ်သက်ပြီး ကွန်မန်ဒိုသင်တန်းများ ဆောင်ရွက်လာနိုင်ခြင်း၊ တိုက်ပွဲအတွေ့အကြုံရှိလာခြင်းနှင့် နယ်မြေကျွမ်းကျင်မှုများကြောင့် ထိုးစစ်ပြင်းထန်မှုကြောင့် ဌာနချုပ်များလက်လွှတ်သည့်အနေအ ထားရောက်ရှိခဲ့မည်ဆိုလျှင်လည်း တော်လှန်ရေးလုပ်ငန်းသည် ရှိနေအုံးမည့် အနေအထားသို့ဆိုက်ရောက်နေပြီဖြစ်သည်။

စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်များ စိတ်ဓာတ်ယိုယွင်းလာမှုရှိလာသည့်အခြေအနေတွင် တော်လှန်ရေးအင်အားစုများအနေဖြင့် လက်နက်ကောင်းများမတပ်ဆင်နိုင်သေးသည့်တိုင် စည်းလုံးမှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများသည် အရေးကြီးထည့်သွင်းရမည့် ကဏ္ဍတစ်ခုဖြစ်နေသည်။ သို့သော် တစ်ဖက်နှင့်တစ်ဖက် အလဲထိုးတိုက်ခိုက်နိုင်သည့် အနေအထားမရှိသည့် အခြေအနေတွင် ပြည်သူများအနေဖြင့် အကြပ်အတည်းကာလအတွင်း ရှိနေအုံးမည့်အနေအထားဖြစ်နေသည်။ ဒေသကာကွယ်ရေးတပ်များလက်နက်ပိုမိုတပ်ဆင်လာမှု၊ တိုက်ရည်ခိုက်ရည် ပိုမိုအတွေ့အကြုံရှိလာမှုနှင့် စစ်ကောင်စီတပ်၏ ထိုးစစ်များပိုမိုပြင်းထန်လာမှုများသည် အဓိကသာဓကဖြစ်သည်။

တစ်ဖက်တွင် အလဲထိုးတိုက်ပွဲအတွက် ဖြစ်နိုင်ခြေနည်းနေသည့်အတွက် မကြာမီကာလအတွင်း မြန်မာ့နိုင်ငံရေးအပြောင်းအလဲသည် ၂၀၀၈ အခြေခံဥပဒေကို အခြေခံသည့် တစ်ကျော့ပြန် ၂၀၁၀ ကဲ့သို့ အပြောင်းအလဲမျိုးသို့ ပြန်ဦးတည်နေသည်ဟု သုံးသပ်ကြသည်။

Eurasia Group ၏မြန်မာ့အရေးနှင့်ပတ်သက်ပြီး ခန့်မှန်းမှုတွင် စစ်ကောင်စီမှ ၄င်းတို့အသာစီးရမည့် ရွေးကောက်ပွဲပြန်လည်လုပ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း၊ ရွေးကောက်ပွဲမကျင်းပပဲ စစ်တပ်မှ ဆက်လက်အာဏာသိမ်းနိုင်ခြေ ၂၀ ရာခိုင်နှုန်း၊ အကူးအပြောင်းတွင် စစ်တပ်မပါဝင်ပဲ ဒေါ်အောင်ဆန်းစုကြည်ပြန်လည်ပါဝင်လာနိုင်ခြေ ၀ ရာခိုင်နှုန်းအဖြစ်ခန့်မှန်းထားသည်။

၈ လေးလုံးလူထုအရေးတော်ပုံမှ ဒီမိုကရေစီစနစ်တောင်းဆိုခဲ့ကြခြင်းကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အချိန်ယူသေချာရေးဆွဲပြီး လူထုတောင်းဆိုချက်များကို တစ်စိတ်တစ်ပိုင်းဖော်ဆောင်ပေးခဲ့ကာ လွှတ်တော်တွင် စစ်တပ်ပါဝင်သည့် နိုင်ငံရေးအခင်းအကျင်းမျိုးဖြင့် ရွေးကောက်ခံသက်တမ်းနှစ်ကြိမ်ရှိခဲ့သည်။ စစ်တပ်သည် ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး အခြေခံဥပဒေအသစ် ရေးဆွဲပါက သက်ဆိုင်ရာ အစုအဖွဲ့များအားလုံးနှင့် ညှိနှိုင်းတိုင်ပင်ပြီး ရေးဆွဲရခြင်း၊ ဖွဲ့စည်းပုံအသစ်ကို လူထုဆန္ဒခံယူပွဲ ပြုလုပ်ရန် လိုအပ်ခြင်း၊ ဖွဲ့စည်းပုံအသစ်တွင် ၂၀၀၈ ကဲ့သို့ စစ်တပ်၏ အခန်းကဏ္ဍကို ပြန်လည်ထည့်သွင်းရန် ခက်ခဲခြင်းတို့ကြောင့် အခြေအနေတည်ငြိမ်ပါက ၄င်းတို့အသေအချာ အချိန်ယူရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းသာပြန်လည်သွားလိုနေကြသည်ဟု အာဏာသိမ်းစစ်တပ်ခေါင်းဆောင်များပြောကြားသကဲ့သို့ နိုင်ငံတကာ ပညာရှင်များကလည်း သုံးသပ်ပြောဆိုကြသည်။

၂၀၀၈ ဖွဲ့စည်းပုံတွင် စစ်တပ်မှ အာဏာသိမ်းခြင်းကို နှစ်နှစ်အထိ အာဏာထိန်းနိုင်ကြောင်း နှင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် ၆ လ ပေါင်း နှစ်နှစ်ခွဲအထိ အာဏာထိန်းနိုင်ခွင့်ရှိကြောင်းဖော်ပြထားသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှ လာမည့် ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ၄င်းတို့ပြောဆိုထားသည်အတိုင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြုလုပ်နိုင်မပြုလုပ်နိုင်ကိုမူ စောင့်ကြည့်ရမည့် အနေအထားဖြစ်နေသည်။

DonBosc၀ ရေးသားသည်

November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 25, 2024
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ ဆမီးမြို့က ကလေး ၃ ယောက်မိခင် အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး...
November 23, 2024
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ ဟားလာဝကျေးရွာက ကျောင်းဆရာမတစ်ဦး  နိုဝင်ဘာလ ၂၂ ရက်နေ့မှာ...