“ကျွန်မမရှိတော့ရင် သားသမီးတွေကို ကျွန်မစောင့်ရှောက်ခဲ့သလို ဆက်ပြီးစောင့်ရှောက်ပေးပါ။ နောက်ထပ် အိမ်ထောင်မပြုပါနဲ့၊ မီးရထားလမ်းဘေးက ကျွန်မစောင့်ကြည့်နေမယ်” လို့ အသက် ၃၄ နှစ်အရွယ် မအေးထွေးရီက လင်ယောင်္ကျားဖြစ်သူ ကိုထွန်းဦးကျော်ကို တဖွဖွမှာကြားခဲ့သည့်။ ထိုစကားပြောပြီးနောက် မအေးထွေးရီတစ်ယောက် လူ့လောကထဲမှ ထွက်ခွာသွားခဲ့လေသည်။
အမှန်စင်စစ် မအေးထွေးရီတို့မိသားစုမှာ စစ်ရေးပဋိပက္ခကြားထဲက သားကောင်များသာဖြစ်ကြသည်။ စစ်ဘေးဒဏ်ကိုရှောင်ရှားရန် ၂၀၂၀ ခုနှစ်က မြောက်ဦးမြို့နယ်မှ စစ်တွေမြို့သို့ ၎င်းတို့မိသားစု ပြောင်းရွှေ့အခြေချလာခဲ့ခြင်းလည်းဖြစ်သည်။
စစ်တွေမြို့သို့စတင်ရောက်ရှိစဉ်က မအေးထွေးရီတို့မိသားစု စက်ရုံရပ်ကွက်တွင်နေထိုင်ကာ ငတ်တစ်ခါ ပြတ်တစ်လှည့်နှင့် ခရီးဆက်ခဲ့ကြသည်။
“ရှိတဲ့ဆန်နှစ်ဗူးကို သားလေးတွေကိုပဲဝအောင်ကျွေးပြီး ကျနော်တို့နှစ်ယောက်က အကျန်လေးတွေကိုပဲ ငရုပ်သီးလေးတောင့်ကို ဆားနဲ့ကြိတ်ပြီး အတူတူစားခဲ့ရဖူးတယ်”လို့ ကိုထွန်းဦးကျော်က ပြောပြသည်။
၂၀၂၀ ခု နိုဝင်ဘာလတွင် စစ်တွေမြို့၊ မင်းဂံအကွက်(၁)အနောက်ဘက်ရှိ မီးရထားလမ်းအနီးတွင် မြေတစ်ကွက်ကို ငွေကျပ်တစ်သိန်းတည်းဖြင့်ဝယ်ယူရရှိကာ ၎င်းတို့မိသားစု ထိုနေရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြန်သည်။
မအေးထွေးရီတို့မိသားစုမှာ စစ်ဘေးရှောင်လာရင်း စစ်တွေမြို့တွင် ကိုဗစ်ကာလအကျပ်အတည်းနှင့် အခက်အခဲမျိုးစုံတို့ကိုရင်ဆိုင်ကာ နေထိုင်ခဲ့ကြသည်။
“ကိုဗစ်ရော၊ နိုင်ငံရေးမတည်ငြိမ်တာတွေရောဆိုတော့ အလုပ်ကဝင်ငွေမရဘူး။ ဒါပေမယ့် ကျွန်တော်တို့ ခြိုးခြံချွေတာပြီး စားသောက်ခဲ့ကြတယ်။ ကျွန်တော်တို့ငတ်နေတာကို လူမသိအောင်နေခဲ့ကြတယ်”လို့ ကိုထွန်းဦးကျော်က အတိတ်ကိုပြန်ပြောင်းပြောပြသည်။
မီးရထားလမ်းအနီးတွင်နေထိုင်ပြီး မကြာမီတွင် မအေးထွေးရီမှာ သားယောင်္ကျားတစ်ဦး ဖွားမြင်ခဲ့သဖြင့် သားသုံးယောက်၏မိခင် ဖြစ်လာခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် မီးရထားဝန်ထမ်းများက မအေးထွေးရီတို့နေထိုင်ရာ ရထားလမ်းအနီးရှိ နေအိမ်များဆီရောက်လာကာ လူဦးရေစာရင်းများကို လာရောက်ကောက်ယူခဲ့သည်။ မည်သည့်အတွက် ကောက်ယူသည်ကိုမူ ၎င်းတို့မသိရှိခဲ့ကြ။
ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာတော့ မအေးထွေးရီတို့ မမျှော်လင့်ထားတဲ့စာတစ်စောင် နေအိမ်သို့ ရောက်ရှိခဲ့သည်။ “လက်ရှိနေထိုင်တဲ့နေရာဟာ မီးရထားပိုင်မြေနေရာဖြစ်တဲ့အတွက် ဒီနေရာကနေ ငါးရက်အတွင်း ဖယ်ရှားပေးဖို့နဲ့ မဖယ်ရှားခဲ့ရင် အနိုင်အထက်ပြုမှုနဲ့ ဖယ်ရှားခံရမယ်”လို့ ရေးသားထားတဲ့ စာဖြစ်သည်။
စာမဖတ်တတ်တဲ့ မအေးထွေးရီကို လင်ယောင်္ကျားဖြစ်သူ ကိုထွန်းဦးကျော်က ရင်နာနာနဲ့ဖတ်ပြခဲ့သည်။ “စာကိုရရချင်း ကျွန်တော်ရင်ထိတ်သွားတယ်။ ဒါကိုသူမသိအောင် စာကိုခေါက်ပြီး အိတ်ထဲထည့်တာကို သူကမြင်သွားပြီး မရမကဖတ်ခိုင်းလို့ ကျွန်တော်ဖတ်ပြခဲ့ရတယ်”လို့ ကိုထွန်းဦးကျော်ကပြောသည်။
ထိုစာရပြီးနောက် မအေးထွေးရီတစ်ယောက် ထမင်းကိုပင်မစားတော့ဘဲ နေ့ရောညပါ ငူငူငိုင်ငိုင် ဖြစ်လာခဲ့သည်ဟု ကိုထွန်းဦးကျော်ကပြောပြသည်။
“ကျွန်မသေသွားရင် ကျွန်မကလေးတွေကို ကျွန်မပြုစုစောင့်ရှောက်သလို စောင့်ရှောက်ပေးလို့ပြောတော့ ကျနော်က မဟုတ်တာတွေကိုမတွေးဖို့ ပြောခဲ့သေးတယ်”
မတ်လ ၃ ရက်နေ့မှာ ည ၁ နာရီခန့်တွင် ဇနီးဖြစ်သူ၏ညည်းညူသံကြောင့် ကိုထွန်းဦးကျော်အိပ်နေရာမှ နိုးလာခဲ့ပြီး အသံလာရာဖက်ကိုကြည့်ရာတွင် ပက်လက်အနေအထားနှင့် ညည်းညူနေသည့် ဇနီးဖြစ်သူကို တွေ့ရသည်။ အပြေးအလွှားသွားရောက်ထူလိုက်စဉ်မှာ ဇနီးဖြစ်သူ အဆိပ်သောက်ထားသည်ကို သိလိုက်ရတော့သည်။
မြက်သတ်ဆေးရည်များသောက်လိုက်တဲ့ ဇနီးဖြစ်သူကို ကိုထွန်းဦးကျော်တစ်ယောက် စစ်တွေဆေးရုံဆီ ချက်ချင်းပို့ဆောင်ခဲ့ပါတော့တယ်။ လင်မယားချင်းစကားများ၍ မအေးထွေးရီ မြက်သတ်ဆေးရည် သောက်လိုက်ခြင်းမဟုတ်။ ကိုထွန်းဦးကျော်မှာ ဇနီးဖြစ်သူကို လက်ဖြင့်တောင်ရွယ်ဖူးသူမဟုတ်ပေ။ အရေးပေါ်ခန်းထဲမဝင်ခင် “ကျွန်မယောင်္ကျားမှာ ဘာအပြစ်မှမရှိဘူး”လို့ မအေးထွေးရီက ဆရာဝန်များကို ပြောခဲ့သေးသည်။
“ဆရာဝန်ကြီးက ဘာလို့သောက်တာလဲမေးတော့ သူက သူစိတ်ဆင်းရဲလွန်းတဲ့ဒဏ်ကို မခံနိုင်လွန်းလို့ အခုလိုလုပ်ရတာပါဆိုပြီးပြောခဲ့တယ်လို့ ဆရာဝန်တွေဆီကသိရတယ်”လို့ ကိုထွန်းဦးကျော်က ပြောပြသည်။
ဆေးကုသမှုခံယူနေရင်း မအေးထွေးရီရဲ့အခြေအနေမှာ တစ်နေ့တစ်ခြားဆိုးလာခဲ့သည်။ မတ်လ ၅ ရက်နေ့တွင် မအေးထွေးရီ ဝမ်းသွားသည့်အခါ အသားစကဲ့သို့သော အစအနများပါလာခဲ့သည်။ ထို့နောက် အစိမ်းရောင် အရည်များကိုလည်း အန်ခဲ့သည်ဟု ကိုထွန်းဦးကျော်က ပြောပြသည်။ နေ့လည် ၁၂ နာရီခန့်မှာ မအေးထွေးရီက စကားတစ်ခွန်းပြောလာသည်။
“ကျမမရှိတော့ရင် ကျွန်မသားသမီးတွေကို ကျမစောင့်ရှောက်ခဲ့သလို ဆက်ပြီးစောင့်ရှောက်ပေးပါ။ နောက်ထပ် အိမ်ထောင်မပြုပါနဲ့ မီးရထားလမ်းဘေးက ကျမစောင့်ကြည့်နေမယ်”
ထိုစကားပြောပြီးနောက် သူမကိုခွင့်လွှတ်ပေးဖို့နှင့် သားသုံးယောက်ကိုခေါ်ပေးဖို့ တောင်းဆိုခဲ့သည်ဟု ကိုထွန်းဦးကျော်ကပြောပြသည်။ သူမအနီးသို့ရောက်ရှိလာသည့် သားသုံးယောက်ကို လက်ဖြင့်ပွတ်သပ်ရင်း မျက်လုံးကိုအားယူကား သားများကိုကြည့်ခဲ့သည်။ ထိုနောက်တွင် ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများစီးကျလာကာ မအေးထွေးရီတစ်ယောက် ကိုထွန်းဦးကျော်၏ရင်ခွင်ထဲ၌ ဆုံးပါးသွားခဲ့သည်။
“သူမသေခင် ကျွန်တော့်ပါးကို အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ဖက်နမ်းတယ်။ ပြီးတော့ သူ့ကိုခွင့်လွှတ်ဖို့နဲ့ သူမှားသွားပြီဆိုတာရယ်။ သားသုံးယောက်ကို ဂရုစိုက်ဖို့ရယ်ကို မှာနေခဲ့တယ်”
မအေးထွေးရီဆုံးပါးသွားပြီးနောက် မတ်လ ၉ ရက်နေ့တွင် စစ်တပ်၊ ရဲနှင့် သက်ဆိုင်ရာဌာနများမှ အင်အားအလုံးအရင်းဖြင့်လာရောက်ကာ မီးရထားလမ်းအနီးရှိနေအိမ်များကို စတင်ဖယ်ရှားခဲ့သည်။
မီးရထားလမ်းအနီးတွင်ရှိသည့်နေအိမ်များ ဖယ်ရှားမခံရစေရေးအတွက် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှာ ကိုထွန်းဦးကျော်တို့မိသားစုအပါအဝင် ထိုနေရာတွင်နေထိုင်သည့် အိမ်ထောင်စု ၇၉ စုတို့က ပြည်နယ်စစ်ကောင်စီထံ အသနားခံစာတင်ခဲ့ကြသော်လည်း မထူးခြားခဲ့ပေ။
မတ်လ ၁၁ ရက်နေ့တွင် မအေးထွေးရီ၏ အငွေ့အသက်များပျောက်မသွားသေးသည့် ကိုထွန်းဦးကျော်တို့ မိသားစုနေအိမ် ဖြိုဖျက်ခံရမည့်အလှည့်ကိုရောက်ရှိခဲ့သည်။ ထိုသို့ နေအိမ်ကိုဖြိုဖျက်နေသည်ကို ရထားလမ်းပေါ်က ရပ်ကြည့်နေခဲ့သည်ဟု ကိုထွန်းဦးကျော်ကပြောသည်။
“အိမ်ကိုယ်ဟာကိုဖျက်ရင်တော့ အချို့ပစ္စည်းတွေ ကောင်းကောင်းမွန်မွန်ကျန်မယ်ဆိုတာသိပေမယ့် ကျွန်တော်ဖျက်ဖို့အားမရှိလို့ မဖျက်ခဲ့ဘူး”
စစ်တွေ-ရေချမ်းပြင်ရထားလမ်းပိုင်းကို ပြန်လည်ပြေးဆွဲရန်အတွက် ရထားလမ်းဘေးက ကျူးကျော်နေထိုင်သူများကို ဖယ်ရှားရခြင်းဟု ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်ကပြောသည်။ ကျူးကျော်နေထိုင်သူများထဲမှ စစ်တွေဘူတာနှင့် စစ်တွေတက္ကသိုလ် ဘူတာကြား၌ ကျူးကျော်နေထိုင်သူ များပြားနေသည့်အတွက် ထိုနေရာကို အဓိကထား ရှင်းလင်းရခြင်း ဖြစ်သည်ဟုလည်းဆိုသည်။
အဆိုပါ ကျူးကျော်နေထိုင်သူအများစုမှာ နေထိုင်စရာနေရာ မရှိသူများဖြစ်ကြသည်။ ထို့ကြောင့် တန်ဖိုးငွေ အနည်းအကျဉ်းနှင့်ရောင်းချသည့် ကျူးကျော်မြေနေရာများကို ဝယ်ယူနေထိုင်လာကြခြင်းဖြစ်သည်။ ထိုမြေနေရာများကို လက်ညှိုးထိုးရောင်းစားနေသူများနှင့် နေအိမ်အများအပြားဆောက်ကာ ငှားရမ်းထားကြသည့် လောဘသားများကြောင့် လူတိုင်းမျက်စိကျစရာဖြစ်လာကာ နေအိမ်များ ဖယ်ရှားခံရသည်အထိဖြစ်လာရသည်ဟု နေအိမ်ဖြိုဖျက်ခံရသူများကပြောဆိုကြသည်။
နေထိုင်စရာပျောက်ဆုံးသွားခဲ့သည့် ကိုထွန်းဦးကျော်တို့မိသားစုမှာ အဆွေခင်ပွန်းတစ်ဦး၏ အကူအညီဖြင့် စက်ရုံစုရပ်ကွက်ရှိ နေအိမ်ငယ်တစ်လုံးတွင် အခမဲ့နေထိုင်ခွင့်ရ၍ လတ်တလောတွင် နေထိုင်လျက်ရှိနေသည်။
“သူတို့အိမ်က ရောင်းဖို့အတွက်ကြေညာထားတာ။ ဒါကို လတ်တလောဝယ်သူမရှိသေးခင် ကျွန်တော်တို့ကို အလကားပေးနေခိုင်းတာ။ တကယ်လို့ ရောင်းထွက်သွားရင်တော့ ဘယ်မှာနေရမယ်မှန်း မသိတော့ဘူး”လို့ ကိုထွန်းဦးကျော်ကဆိုသည်။
မအေးထွေးရီဆုံးပါသွားသည်ကို လက်မခံနိုင်သေးသည့် ကိုထွန်းဦးကျော်တစ်ယောက် ယခုအခါ အသက် ၁၅ အရွယ်သားကြီး၊ ၈ နှစ်အရွယ်သားအလတ်နှင့် နိုစိုနေသေးသည့် ၂ နှစ်အရွယ်သားငယ်တို့ဖြင့် ကျန်ရစ်ခဲ့သည်။ ထိုသားသုံးယောက်ကို ကျွေးမွေးစောင့်ရှောက်နိုင်ရန် ကိုထွန်းဦးကျော်တစ်ယောက် စစ်တွေမြို့တွင် ဘေးတွဲဆိုင်ကယ်မောင်းနှင်ကာ ရုန်းကန်လျက်ရှိနေသည်။
နို့စို့အရွယ် အငယ်ဆုံးသားလေးအတွက် မိခင်ဖြစ်သူမအေးထွေးရီ၏ နာရေးမှကျန်ခဲ့သောငွေအချို့နှင့် နို့ဗူး၊ နို့မှုန့်ထုတ်များကိုဝယ်ယူ၍ မိခင်နို့နေရာတွင် အစားထိုးတိုက်ကျွေးနေသော်လည်း “ညဘက်ကျရင် မေမေဆိုပြီး ထရှာရင်။ ကျွန်တော့ရင်တွေ ဆို့ရတယ်။ အဲလိုရှာလို့မရရင် သူကငိုပြီ။ သူငိုတာကြည့်ပြီး ကျွန်တော်ပါ လိုက်မငိုမိအောင် မနည်းထိန်းနေရတယ်”လို့ ကိုထွန်းဦးကျော်က သားငယ်အတွက်စိတ်မကောင်းစွာပြောပြသည်။
သီဟ-ရေးသည်။