အစိုးရဝန်ထမ်းလား၊ ပြည်သူ့ဝန်ထမ်းလား

အစိုးရဝန်ထမ်းလား၊ ပြည်သူ့ဝန်ထမ်းလား
by -
ဟင်္သာမီဒီယာ
အရွေးချယ်ခံအစိုးရအဖွဲ့ဟူသည် အများပြည်သူ၏ ဆန္ဒနှင့်အညီ အဆင်းအတက်၊ အပြောင်းအလဲရှိနေမည်ဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားစဉ်ဆက်မပြတ် လည်ပတ်နေနိုင်ရေး၊ မှတ်တမ်းမှတ်ရာ အရပ်ရပ်နှင့် အခန်းကဏ္ဍအလိုက် ဘာသာရပ်ဆိုင်ရာ စွမ်းရည်၊ စံနှင့် အညွှန်းကိန်းအစရှိသည့် နိုင်ငံတော်ယန္တရားကို ညီညွတ်မျှတအောင် အမြဲတစေ ထိန်းညှိမောင်းနှင်သွားကြမည့်သူများမှာ နိုင်ငံ့ဝန်ထမ်းများသာဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၁၀ ရက်က နေပြည်တော်တွင် ပြောကြားခဲ့သည်။

မြန်မာ့လူမှုဘဝရှုခင်းတွင် ဖြတ်သန်းလာခဲ့ရသော ခေတ်စနစ်အနေအထားအရ နိုင်ငံ့ဝန်ထမ်းဆိုသည်ကို အဂတိလိုက်စားမှုပုံရိပ်နှင့် ယှဉ်တွဲရှုမြင်တတ်သူ များပြားလာခဲ့ရသလို “မလုပ်၊ မရှုပ်၊ မပြုတ်”မူကို လက်စွဲပြုရင်း လူထုအကျိုးထက် လူတစ်စု၏ အကျိုးကို ဖော်ဆောင်ရွက်ပေးနေရသည့် လူတန်းစားတစ်ရပ်အဖြစ် သုံးသပ်ကောက်ချက်ယူစဖွယ် အကြောင်းများစွာလည်းရှိခဲ့သည်။ အများပြည်သူ ကောင်းကျိုးထက် မိမိအထက်အရာရှိ၏ သဘောလိုအင်ဆန္ဒနှင့်အညီ နီးရာဓားကြောက်စတမ်းဝါဒကို လက်ကိုင်ထားရင်း ပြုမူလုပ်ကိုင်ဆောင်ရွက်ရသည့် ဝန်ထမ်းဘဝ၏ ပဓာနတာဝန်တစ်ရပ်သဖွယ် သဘောပေါက်နားလည်စေခဲ့သည်။ အတွေ့အကြုံဆိုးများက သင်ခန်းစာကဲ့သို့ ဝန်ထမ်းအများစု၏ အတွေအခေါ်အပေါ် သြဇာရိုက်ညောင်းခဲ့သည်မှာလည်း အမှန်ဖြစ်သည်။

ပြည်သူကို ဗဟိုပြု၊ ပြည်သူကို ကိုယ်စားပြု၍ အုပ်ချုပ်စီမံရသည့် ခေတ်စနစ်ဟူသော အသံများ ကျယ်ကျယ်လောင်လောင်ကြားသိလာရသော မျက်မှောက်ကာလဝယ် ပြည်သူ့ဝန်ထမ်းတို့၏ ကျင့်ဝတ်ခိုင်မာဖြောင့်မတ်ရေး၊ ကိုယ့်ကျင့်သိက္ခာဖြူစင် တည်ကြည်ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် အစိုးရအတွက်ရော ပြည်သူအတွက်ပါ ဘုံစိန်ခေါ်မှုတစ်ရပ်၊ ဘုံတာဝန်တစ်ရပ်ဟု ဆိုနိုင်ပေသည်။

အဂတိလိုက်စားမှုဟုဆိုရာတွင် အချို့မှာ တိုင်းတာပြသရန် ဝေးစွ၊ သတိပြုမိရန်ပင် သူသူငါငါအတွက် မလွယ်ကူသည်အထိ ငြင်သာသိမ်မွေ့သည့် ပြဿနာလည်းဖြစ်သည်။

ပြည်သူ့ဝန်ထမ်းတို့အနေဖြင့် မိမိတို့၏ ကိုယ်စီလုပ်ငန်းတာဝန်အပေါ် ကိုယ်တိုင်ဂုဏ်ယူမြတ်နိုးအပ်သကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ယင်းတို့အပေါ် ဖူလုံမျှတသော လုပ်ခလစာမှ အခ၊ ကောင်းမွန်သည့် လုပ်ငန်းခွင်အလယ်၊ လုံခြုံသိက္ခာရှိသော အနာဂတ်ဘဝအဆုံး ထောက်ကူပံ့ပိုးနိုင်ရေးသည် မလွဲမသွေလိုအပ်မည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းတို့၏ ဂုဏ်ရည်မြှင့်တင်နိုင်ရေး အလို့ငှာ အဂတိလိုက်စားနိုင်မှု အခွင့်အလမ်းကို လျှော့ချနိုင်ရေးသည် အစိုးရနှင့် ပြည်သူ ဒွန်တွဲချမှတ်ဖော်ဆောင်ရမည့် စီမံကိန်းတရပ်ဟုလည်း ဆိုနိုင်သည်။ နိုင်ငံ့ဝန်ထမ်းတို့ကို ၎င်းတို့၏ စွမ်းဆောင်ချက်တိုင်းနှင့် ပတ်သက်၍ လေ့ကျင့်သင်ကြားပေးရေးသည် အစိုးရ၏ အခန်းကဏ္ဍဖြစ်၍ သတင်းပေးတိုင်ကြာေးရး ဖော်ထုတ်ရေးသည်လည်း ပြည်သူ၏ အခန်းကဏ္ဍဟုဆိုရပေမည်။ ယဉ်ကျေးမှုတစ်ရပ်သဖွယ် ကာလရှည်ကြာအမြစ်တွယ်လာခဲ့သော လုပ်ငန်းဆောင်ရွက်ပုံ စရိုက်ဟောင်းများကို ပယ်ဖျက်ပြုပြင်နိုင်ရန်မှာ ရှုပ်ထွေးနက်နဲသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။

ဒီမိုကရေစီ၏ ဗဟိုမူဖြစ်သော ပြည်သူကိုအထူးကိုယ်စားပြုသည့် အုပ်ချုပ်ရေးစီမံရေးယန္တရားဝယ် ပြည်သူရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရသစ်လက်ထက်၌ နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့ကိုယ်တိုင် အစိုးရဝန်ထမ်းလော၊ ပြည်သူ့ဝန်ထမ်းလော ပြန်လှန်ရှုမြော်သုံးသပ်ရန် မလွဲဧကန်လိုအပ်ပြီဖြစ်ကြောင်း တိုက်တွန်းရေးသားအပ်ပေသည်။

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...