ကျနော်ဟာ အခြေအနေအမျိုးမျိုးကြောင့် မိမိနေထိုင်ရာ ဒီးမော့ဆိုမြို့နယ်မှ အဝေးတနေရာကို လနဲချီသွားရောက်နေထိုင်ခဲ့ပေမယ့် အကြောင်းဖန်လာတော့ မိမိနေရပ်ကို ပြန်လာခွင့်ရခဲ့ပါတယ်။
ဒီးမော့ဆိုမြေကို မနင်းရသေးပေမဲ့ ဒီးမော့ဆိုရဲ့အခြေအနေကို လက်နက်ကြီး အသံတွေက ဆီးကြိုလို့ နုတ်ခွန်းဆက်နေပါပြီ။ ဒါပေမဲ့ လက်နက်ကြီးပစ်ခတ်သံတွေက မိမိနဲ့ အဝေးကြီးမှာမို့ ဖာသိဖာသာဘဲ နေခဲ့ပါတယ်။
ဒီးမော့ဆိုမြို့နယ်ထဲကို ဝင်လာတဲ့အချိန်မှာတော့ အချို့နေရာတွေမှာ ကိုယ့်မိသားစုဝမ်းရေးအတွက် တောင်ယာလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ဖို့ ပြင်ဆင်နေကြတဲ့သူတွေ ရှိသလို လမ်းတွေပေါ်မှာလည်း လူထုတချို့က မော်တော်ကား၊ ထော်လာဂျီများစတဲ့ ယာဉ်တွေနဲ့ ပျဉ်၊ ထရံ၊ သစ်ဝါး၊ ရိက္ခာတွေတင်ပြီး လုံခြံလိမ့်မယ်လို့ ထင်ရတဲ့နေရာတွေဘက်ကို တရွေ့ရွေ့ဦးတည်သွား သွားနေကြပါတယ်။
အချို့ရွာတွေမှာ ဝါးသဲပြား၊ မိုးကာများဖြင့် တစုတစည်းတည်း နေထိုင်ကြတဲ့ စစ်ရှောင်တွေ တွေ့နေသလို ဆွေမျိုးရှိတဲ့သူတွေကတော့ ဆွေမျိုးရဲ့ ခြံဝင်းထဲ မိုးကာတဲထိုးပြီး အဆင်ပြေသလို ခိုလှုံနေကြတာကိုလဲ စိတ်မကောင်းစရာ တွေ့နေရပါတယ်။
ဒီးမော့ဆိုမြို့နဲ့ ပိုပြီးနီးကပ်လာတဲ့အခါမှာတော့ စ.က.စရဲ့လက်နက်ကြီး ပစ်ခတ်သံ၊ ကျရောက်ပေါက်ကွဲသံတွေက ပိုပိုကြယ်လောင်လာလို့ စိတ်ခြောက်ခြားစရာတွေ ပိုပြီးခံစားရပါတယ်။ လူနေအိမ်တွေ၊ လမ်းမဘေးဆိုင်ခန်းတွေ၊ ရပ်ကွက်ထဲက ဘုရားရှိခိုင်းကျောင်းတွေဟာ လက်နက်ကြီးပစ်ခတ်ခြင်းခံထားရတဲ့ ဒါဏ်တွေကြောင့် ယိုယွင်းပျက်ဆီးပြီး မီးလောင်ပြာကျနေတဲ့အတွက် မြို့ရဲ့အစိတ်အပိုင်းတွေကို မြင်ယောင်မှတ်မိဖို့ ခက်ခက်ခဲခဲ စဉ်းစားမှန်းယူရပါတယ်။ တချိန်ကလူစည်ကားခဲ့ဖူးတဲ့ မြို့နဲ့နီးကပ်တဲ့ရွာတွေဟာလဲ မီးရှို့ဖျက်ဆီးခံထားရတဲ့အိမ်တွေ၊ လက်နက်ကြီး ထိမှန်ပျက်စီးနေတဲ့အိမ်တွေနဲ့ ဘာသာရေး အဆောက်အဦးတွေကိုပဲကျန်ပါတော့တယ်။ ကျန်ရှိနေသေးတဲ့လူနေအိမ်အနည်းစုမှာလဲ အိမ်တံခါးတွေရိုက်ဖျက်ထောက်ဝင်ထားလို့ တံခါးတွေလဲ ဖရိုဖရဲနဲ့ပျက်စီးလို့နေပါတယ်။
တိုက်ပွဲတွေ နေစဉ်ရက်ဆက် ဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့ရဲ့ အနီးပတ်ဝန်းကို ရောက်ရှိတဲ့ အခါမှာတော့ အိမ်တွေတချို့မှာ အိမ်ရှင်တချို့ ပြန်လာနေပေမဲ့ အများစုကတော့ နေရောညပါ တံခါးပိတ် မီးမှိတ်တိတ်ဆိတ်လို့နေပါတယ်။
မိမိနေထိုင်ရာ နေရပ်ရွာကလေးကို ရောက်လာခဲ့တဲ့ အချိန်မှာတော့ ဆွေမျိုးအသိမိတ်ဆွေများက အချိန်တခုအတန်ကြာ ပျောက်နေခဲ့တဲ့မိမိကို ပြုံးပြီးနုတ်ဆက်ကြပေမဲ့ သူတို့ရဲ့ မျက်နှာတွေမှာ စိုးရိမ်ပူပန်မှု၊ ဝမ်းနည်းမှုတွေ ပြည့်နက်နေတာကို ရိပ်မိပါတယ်။
ဒီးမောဆိုရဲ့ အခြေအနေကတော့ ၂၀၁၀ မတိုင်ခင်က လျပ်စစ်မီး၊ ဖုန်းလိုင်း အင်တာနက် လုံးဝမရသေးတဲ့ အနေအထားကို ပြန်ရောက်သွားသလိုပါဘဲ ညဖက်အချိန်တွေမှာဆိုရင် တိတ်ဆိတ်ပြီး အိမ်အနည်းစုမှာ ရွာသားအချို့ မီးခွက်လေးထိုးပြီး တီးတိုးစကားဝိုင်းထိုင်ကြပါတယ်။
သူတို့တွေရဲ့ စကားဝိုင်းမှာတော့ ဘယ်အချိန်မှာ သူတို့ အေးအေးချမ်းချမ်း ပြန်ပြီးနေထိုင် လုပ်ကိုင်စားသောက်နိုင်မလဲဆိုတဲ့ အကြောင်းအရာက စိုးမိုးနေပေမဲ့ နောက်ဆုံးမှာတော့ သူတို့တွေသက်ပြင်းချရုံကလွဲပြီး မည်သူမျှ သူတို့ကို အဖြေပေးနိုင်တဲ့သူ မရှိပါဘူး။
ညဖက် အိပ်ယာဝင်ခါနီး ၉ နာရီဝန်းကျင်အချိန်နဲ့ မနက် ၁ နာရီဝန်းကျင်အချိန်တွေဆိုရင် ငွေတောင်ကျေးရွာအနီးမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးသံဟာ ၄ မိုင်အကွာအဝေးမှာ ရှိတဲ့အိမ်တွေအထိ တုန်ခါမှု ရှိနေပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်ဖြစ်စေ ဒီးမောဆိုမြို့နယ်အနီးရှိကျေးရွာများကို စစ်ကောင်စီတပ်တွေက ပြည်သူလူထုများ အိပ်ပျော်ခါစ အချိန်နှင့် အိပ်မောကျကောင်းတဲ့အချိန်တွေမှာ ပြင်းထန်တဲ့ လက်နက်ကြီးပေါက်ကွဲသံတုန်ခါမှုများအပြင် ဘယ်နေရာ ကျရောက်ပေါက်ကွဲမယ်မှန်းမသိတဲ့ စိုးရိမ်မှုများနဲ့ နှိပ်စက်နေပါတယ်။
အထူးသဖြင့် သက်ကြီးရွယ်အိုနဲ့ကလေးငယ်များ ရှိတဲ့မိသားစုတွေမှာ အချိန်ကြာ တောထဲတွင်စစ်ရှောင်ပြီး ဖြစ်သလိုအိပ်စက်ရန် အဆင်မပြေသည့်အတွက် မိမိတို့အိမ်မှာ နွေးနွေးထွေးထွေး အိပ်စက်နိုင်ဖို့ ပြန်လာခဲ့ကြပေမယ့် ညဖက်အချိန်မတော် ကာဘာကျင်းထဲကို ညအမှောင်မှာ ပြေးလွားဝင်နေဖို့ဆိုတာဟာ အင်မတန် အခက်အခဲရှိသလို၊ ကလေးငယ်တွေမှာလဲ ပြင်းထန်တဲ့ လက်နက်ကြီးအသံများကြောင့် ကြောက်လန့်မှုတွေဖြစ်နေတယ်လို့ မိဘတချို့ဆီက သိရပါတယ်။
တစ်ညသော သန်းခေါင်ကျော်အချိန် စာရေးသူ အိပ်မောကျနေစဉ် လက်နက်ကြီးပစ်ခတ်သံတစ်ခု ကြားကြားပြီးချင်းမှာဘဲ (ဝှီး…) ဆိုတဲ့အသံက ကိုယ်အပေါ်ကသွားပြီး (ဒုန်း…) ဆိုတဲ့ ပေါက်ကွဲ အသံနောက်တခုကြောင့် ကမန်းကတန်းထလာပြီး ကာဘာကျင်းရှိရာဆီ တန်းပြေးဝင်ခဲ့ရပါတယ်။
ကာဘာကျင်းထဲမှာ ပုန်းနေစဉ်မှာလဲ နောက်ထပ်အချက်ပေါင်းများစွာ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ဆက်လက်ပစ်ခတ်နေပါတယ်။
ကိုယ့်ခေါင်းပေါ်မှာ (ဝှီး…)ဆိုတဲ့လက်နက်ကြီး ကျည်လာတဲ့အသံ ကြားရရင်ဖြင့် ဒီတစ်လုံးက ကိုယ်ရှိရာအရပ်ဆီ လာနေမှန်းသိနေတဲ့အတွက် ရင်ဘတ်ကို အောင့်သလိုခံစားရပြီး “ပြည်သူတွေဘေးကင်းပါစေ” ဟု ဆုတောင်းရုံကလွဲပြီး ဘာမှ မတတ်နိုင်ပါ။
လက်နက်ကြီးအသံ ငြိမ်သွားတဲ့နောက်မှာ မိသားစုချို့ဟာ မိန်ပြပြ လရောင်ကို အမှီပြုပြီး တောထဲကို ညတွင်းချင်း ခြေလျှင်ဖြင့် ထွက်သွားကြတာကိုလဲ ဝမ်းနည်းစွာတွေ့နေရပါတယ်။
မိမိမှာလဲ မိုးမလင်းသေးပေမဲ့ ပြန်အိပ်ရန် စိတ်မပါတော့တဲ့အတွက် အိမ်အပြင်ဖက်မှ ကောင်းကင်က ကြယ်တွေကို ကြည့်မိခဲ့ပါတယ်။ ကောင်းကင်မှာ တိမ်မရှိကြည်လင်ပြီး ကြယ်ကလေးတွေနဲ့ လရောင်က လှပအေးချမ်းသလောက် ဒီးမောဆိုက လူထုတွေရင်မှာတော့ ပူလောင်ပြီး စိုးရိမ်မှုသောကတွေ လွမ်းမိုးနေတယ်ဆိုတာကိုတော့ ဘယ်သူမှငြင်းလို့ရမှာမဟုတ်ဘူး။
စာရေးသူကြည့်နေစဉ်အချိန်မှာဘဲ ကံကောင်းစွာဖြင့် ကြယ်ကြွေအလင်းတန်းတခု ကမန်းကတန်းတွေ့လိုက်ရတဲ့အတွက် “ကရင်နီပြည်အေးချမ်းပါစေ၊ ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ။” ဟု စိတ်ထဲ လိုက်ဆုတောင်းမိလိုက်ပါတယ်။
မိမိမှာ ၎င်းကဲ့သို့သော အယုံအကြည် ရှိသူမဟုတ်ပေမဲ့ ကရင်နီပြည် ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒကတော့ အခြားသော ကရင်နီပြည်သားတို့နဲ့ ထပ်တူလျက်ပါ….။