စစ်ကောင်စီခန့် ရှေ့နေချုပ်၊ ရွေးကော်ဥက္ကဌနှင့် အဂတိကော်မရှင် ဥက္ကဌတို့ကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က ပိတ်ဆို့အရေးယူမှုအသစ်များချမှတ်လိုက် ကြောင်း ဗြိတိန်သံရုံးက သတင်းထုတ်ပြန်သည်။
စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ရန် တစ်ရက်အလိုတွင် ဒီမိုကရေစီကို နှိမ်နှင်းရန်နှင့် ဒီမိုကရေစီ လိုလားသည့် အတိုက်အခံပြည်သူများ၏ အသံများကို နှိမ်နင်းရာတွင် အခရာဖြစ်သည့် စစ်အာဏာရှင် အဖွဲ့ဝင် သုံးဦးကို ပစ်မှတ်ထားအရေးယူပိတ်ဆို့ခြင်း ဖြစ်ကြောင်း ယူကေအစိုးရက ကြေညာသည်။
ပိတ်ဆို့အရေးယူခံရသူ သုံးဦးမှာ မြန်မာနိုင်ငံ ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်တင်ဦး တို့ဖြစ်သည်။
ပိတ်ဆို့အရေးယူမှုအသစ်သည် ထိုပုဂ္ဂိုလ်အသီးသီး၏ ပိုင်ဆိုင်မှုများကို ကန့်သတ်လိုက်ပြီး ယူကေနိုင်ငံသို့ ခရီးသွားလာခွင့်ကိုပါ ပိတ်ပင်တားဆီးသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုပြီး အာဏာသိမ်းမှုကို တရားဝင်စေမည့် ကြိုးပမ်းမှုများတွင် အထောက်အထားမခိုင်လုံသော ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုများကို အားပေးခြင်းအတွက် အဆိုပါ ပုဂ္ဂိုလ်သုံးဦးတို့တွင် တာ၀န်ရှိသည်ဟု ယူကေအစိုးရက ဆိုသည်။
ရှေ့နေချုပ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌတို့သည် နိုင်ငံတဝှမ်းရှိ ဒီမိုကရေစီ လိုလားသူ အုပ်စုများကို နှိမ်နင်းမှုများနှင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်များကို လုပ်ကြံဖန်တီးထားသော စွဲချက်များဖြင့် စီရင်ချက်ချမှတ်ရာတွင်လည်း ပါဝင်လုပ်ဆောင်ခဲ့ခြင်းအတွက်လည်း တာ၀န်ရှိသည်ဟု ယူကေအစိုးရကဆိုသည်။
“ပြီးခဲ့တဲ့နှစ်အတွင်းက စစ်အာဏာရှင်ဟာ မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ဖို့ ကြိုးစားခဲ့ပါတယ်။ အကြောက်တရားနှင့် အကြမ်းဖက်မှုတွေက ကွဲပြားခြင်းနဲ့ ပဋိပက္ခတွေကို ဖန်တီးခဲ့ကြပါတယ်။ ယူကေအစိုးရဟာ လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အမြဲကာကွယ်ပေးသွားမှာ ဖြစ်ပြီး ပြည်သူလူထုကို ဖိနှိပ်ပြီး ရက်စက်ကြမ်းကြုတ်သောစစ်အာဏာရှင်ကို ကျွန်မတို့ရဲ့ စိတ်တူသဘောတူနိုင်ငံတွေနဲ့အတူ ဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ယူကေနိုင်ငံခြားရေးဝန်ကြီး Liz Truss ကပြောကြားသည်။
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းချိန်မှစတင်ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေသူများအား ပံ့ပိုးကူညီပေးခြင်း၊ ထိခိုက်နစ်နာအလွယ်ဆုံးသူများအတွက် ကျန်းမာရေးနှင့် ပညာရေးတို့ကို အထောက်အပံ့ပေးရန်သာမက လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို မြှင့်တင်ရန်အတွက် ပေါင် ၄၉.၄ သန်းကို ယူကေအစိုးရက ထောက်ပံ့ပေးထားသည်။