ကချင်ပြည်နယ်၊ မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ တရုတ်နိုင်ငံသို့တင်ပို့မည့် တရုတ်တစ်သျှူးငှက်ပျောကားအစီးတစ်ရာကျော်ထွက်ခွာခွင့်မရပဲပိတ်မိနေကြောင်းတစ်သျှူးငှက်ပျော ကားသမားများထံမှ သိရှိရသည်။
အဆိုပါ တစ်သျှူးငှက်ပျောကားများသည် အစီးရေ တစ်ရာကျော်ရှိကာ ဇန်နဝါရီလ ၂၀ရက်နေ့မှစတင်ကာ ထွက်ခွာခွင့်မရ ပိတ်မိနေခြင်းဖြစ်ကြောင်း ကုန်ကားသမားတစ်ဦးကပြောသည်။
“ဒီမှာငှက်ပျောကားတွေတန်းစီထားတာကတော့ ဆယ့်လေးရက်လောက်ရှိနေပြီ သွားကိုမသွားရသေး ဘူး။ ကျွန်တော်တို့ဒီဂိတ်ကနေကိုမလွတ်တာ ဘာလို့မလွတ်တာလည်းဆိုတာလေး မပြောတတ်ဘူး ဘာမှ သေသေချာချာလည်းမရှိသေးဘူး။ကြံနှင့် ဆန်တို့ကတော့သွားခိုင်းတယ် ကျွန်တော်တို့ငှက်ပျော တစ်မျိုးထဲပဲပိတ်တာ။”ဟု အမည်မဖော်လိုသည့် ကုန်ကားသမားတစ်ဦးကပြောသည်။
လွယ်ဂျယ်နယ်စပ်ဂိတ်တွင် လက်ရှိချိန် ကြံ၊ ဆန်၊ အစရှိသည့် ကုန်များပို့ဆောင်နေရသော်လည်း ငှက်ပျောကားတစ်မျိုးတည်းသာ ပိတ်ထားခံနေရကြောင်း ၎င်းကဆက်ပြောသည်။
ထို့ကြောင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ယခုကဲ့သို့ငှက်ပျောကားများ ပိတ်မိနေခြင်းနှင့် ပတ်သက်ပြီး လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့်ပတ်သက်သည့် တာဝန်ရှိသူတစ်ဦးအားဆက်သွယ်မေးမြန်းခဲ့ရာ ယခုကဲ့သို့ဆိုသည်။
“ငှက်ပျောကားတွေပိတ်မိနေတာကတော့ ဟိုဘက်က ငှက်ပျောကားတွေကို လာချိန်းယူတဲ့ တရုတ်ဘက်က ကားအဝင်နည်းနေတာ အဝင်နည်းနေတဲ့အခါကျတော့ အပေါ်မှာကားတွေအရမ်းပိတ်မိနေတော့ ကျနော်တို့ ဒီအောက်ဘက်ကနေ ထိန်းပြီးပေးပါလို့ပြောတော့ ဒီကနေထိန်းထားရတဲ့သဘောဖြစ်နေတာ" လို့ ကချင်ပြည်နယ် သီးနှံစိုက်ပျိုးရေးအသင်း(ဗန်းမော်ခရိုင်) အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပိတ်မိနေသည့် ငှက်ပျောကားအစီးတစ်ရာကျော်မှာ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးဂိတ် မြန်မာဘက်ခြမ်းတွင်ပိတ်မိနေခြင်းဖြစ်ပြီး ကန်ပိုက်တည်ဂိတ်အလွန် တရုတ်ပြည်ဘက်တွင် အဝင်နည်းနေ၍ ကုန်ကားများပိတ်မိနေခြင်းကြောင့်ဖြစ်ပြီး တရုတ်နှစ်သစ်ကူးပြီးပါက တစ်ရက်လျှင် အစီး ၆၀ခန့် ထွက်နိုင်အောင် စီစဉ်နေကြောင်း သိရသည်။
လက်ရှိအချိန်ထိ ငှက်ပျောကားများမထွက်နိုင်သည့်အတွက် ကားလွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ပိတ်မိနေသည့် ငှက်ပျောကားအစီးတစ်ရာကျော်တွင် ကားသမားနှင့် ယာဉ်နောက်လိုက်စုစုပေါင်း လူဦိး ၂၀၀ကျော်ရှိပြီး ကုန်ကားမထွက် ရသည့်အတွက် အခက်တွေ့နေကြောင်းကိုလည်း အမည်မဖော်လိုသည့် ယင်းကားသမားက ယခုကဲ့သို့ပြောသည်။
“ရက်ရှည်ဆိုတော့ စားဖို့သောက်ဖို့ခက်ခဲလာတာပေါ့ စားစရိတ်ကလည်းမထောက်ပေးဘူးလေ ကားမားတွေပဲကုန်ကျခံရတာ ကားကလည်းမထွက်ရဆိုတော့ရခဲ့တဲ့ကားခက စားစရိတ်ဖြစ်သွားတော့ မကျန်တော့ဘူး။တချို ဆိုရင်ဂိတ်စဖွင့်ကတည်းက မထွက်ရသေးတဲ့ကားသမားတွေရှိတယ် ရာထိုင်ခင်းကလည်းမရှိတော့ လမ်းဘေးမှာပဲအိပ် လမ်းဘေးမှာပဲ စားလုပ်နေရတာ။” ဟု၎င်းကပြောသည်။
လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်သည် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင်က ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်အစိုးရဘက်က ငါးလကျော်ကြာပိတ်ထားမှုအပြီး ၂၀၂၂ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း တရုတ်နိုင်ငံဘက်မှ ကုန်ချိန်းယူမည့်ကားများ အဝင်နည်းနေသည့်အတွက် အဆင်မပြေမူများစွာရှိနေသေးကြောင်း တွေ့ရသည်။