စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များ ဖြစ်သည့် ကနီ ၊ ယင်းမာပင် နှင့် ပုလဲ လမ်းကြောနေရာများတွင် စစ်တပ်က ဂိတ်များထိုး၍ ဆန်သယ်ယူခွင့် ပိတ်ပင်နေကြောင်း ကနီဒေသခံ တစ်ဦးက ပြောသည်။
ချင်းတွင်းမြစ် အနောက်ဘက် ချင်းတွင်းတံတား အနောက်ဘက် အခြမ်းရှိ ရွှေတောင်ဦးကုန်း အနီးတွင်လည်ကောင်း၊ ကနီမြို့ဘက်အသွား လမ်းကြော ဖြစ်သည့် မုံရွာ-ယာကြီး-ကလေးဝ လမ်းပေါ်နှင့် ယင်းမာပင်နှင့် ပုလဲမြို့နယ်များသို့သွားရာ လမ်းခွဲဖြစ်သည့် ပုသိမ် -မုံရွာ အဝေးပြေး လမ်းမပေါ်တွင်လည်ကောင်း ဂိတ်ငါးခု ပြုလုပ်ကာ ဆန်အိတ်နှင့် အိမ်ဆောက် ပစ္စည်းများ သယ်ယူခွင့်ကို ပိတ်ပင်နေခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ပြည်သူတွေ မုံရွာဘက်ကို တက်ပြီး ဆန်ဝယ်ကြတာ။ ဆန်တစ်အိတ်လောက် သယ်တာတောင် သယ်ခွင့် မပြုတော့ဘူး။ ဂိတ်က ဆန်အိတ်တွေ သိမ်းတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။
ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ရွှေတောင်ဦးကုန်းသည် ကနီ၊ယင်းမာပင်၊ပုလဲ လမ်းကြောများ ဆုံရာနေရာဖြစ်ပြီး စစ်ကောင်စီ တပ်သားဟောင်း စစ်မှုထမ်းဟောင်းများ နေထိုင်ရာ နေရာ တစ်ခုဖြစ်သည်။ ထိုစစ်သားဟောင်းများကို စစ်တပ်က လက်နက် တပ်ဆင် ပေးထားကာ ၎င်းတို့နှင့် စစ်ကောင်စီတပ်သားများ အင်အား ၁၀၀ ကျော်က ဂိတ်များထိုး၍ ဆန်အိတ်များကို ဖမ်းနေခြင်း ဖြစ်သည်။
“မနေ့ကလည်း ကျွန်တော်တို့ အသိထဲကသူ တစ်ယောက် ဆန်အိတ် ၂၀ လောက် တင်လာတာကို ကားရောလူရော ဆန်အိတ်တွေပါ ဖမ်းထားတယ် “ဟု ယင်းမာပင် ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်နှင့် ထိပ်တိုက် ထိတွေ့ကာ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည့် ချင်းတွင်းမြစ် အနောက်ဘက်ဒေသရှိ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ နှင့် မင်းကင်း စသည့် မြို့နယ်များကို စစ်တပ်က ရိက္ခာ ဖြတ်တောက်နေခြင်းဖြစ်သည်။
ထိုလေးမြို့နယ်ရှိ ဒေသခံများသည် ပဲ၊ နှမ်းနှင့် ပြောင်းကိုသာ အားထား စိုက်ပျိုးပြီး အဓိက စားသောက်ကုန် ဆန်ကို မုံရွာမြို့နယ် ဆန်ပွဲရုံများနှင့် ဆန်ဆိုင်များမှ တစ်ဆင့် ဝယ်ယူ စားသုံးကြခြင်း ဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီသည် ထိုမြို့နယ်များကို ရိက္ခာဖြတ်တောက်ရန် ရည်ရွယ်ချက်ဖြင့် ဆန်တင်သွင်းရာတွင် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည့် ချင်းတွင်းတံတား ထွက်ပေါက်အား ပိတ်ဆို့ကာ ဆန်ဝယ်ယူမှုကို တားမြစ် ဖမ်းဆီးနေခြင်း ဖြစ်သည်။
ထိုသို့ ပိတ်ဆို့ကာ ဆန်သယ်ယူခွင့်အား ဆက်လက် ထိန်းချုပ်နေလျင် မြို့နယ်လေးခုမှ လူဦးရေ ၅၅၀၀၀၀ ကျော် ရိက္ခာ ပြတ်လပ်မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ထိုမြို့နယ် လေးခုသည် စစ်ကောင်စီတပ်များအား ခုခံ တိုက်ထုတ်ရာတွင် အားကောင်းသည့် မြို့နယ်များလည်း ဖြစ်သည်။ ဇန်နဝါရီလ ၁၀ ရက်နေ့တွင်လည်းစစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဦးနှောက်ရွာကို စစ်ကောင်စီက ရဟတ်ယာဉ် သုံးစီးဖြင့် လာရောက်ပစ်ခတ်ကာ PPDF ခေါင်းဆောင် ဗိုလ်နဂါးအား ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။ သို့သော် စစ်ကောင်စီတပ်က ဗိုလ်နဂါးအား ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပေ။