မြို့အဝင် ဘီးခွန်များကို စစ်ကောင်စီ တပ်သားများက တိုးကောက်မှုကြောင့် ကားသမားများ အခက်ကြုံနေရကြောင်း သတင်းရရှိသည်။
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ ဖြူးမြို့၊ ကျောက်တံတားမြို့အထိ ကုန်စိမ်းများနှင့် ဈေးပတ်ထွက်ပြီး အသက်မွေးဝမ်းကျောင်းပြုသည့် ကားသမားများသည် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက် မြို့အဝင် ဘီးခွန်ကို တိုးကောက်လာသဖြင့် လက်ကျန်ငွေ မရှိသလောက် ဖြစ်ကာ ခက်ခဲမှုကြုံနေရကြောင်း ကားသမားများပြောပြချက်အရ သိရသည်။
“မြို့ဝင်ဂိတ်ကြေးတွေက ၅၀၀၀ အထက်ပေးရတာ၊ အရင်တုန်းက ၅၀၀ ပေးရင်ရတယ်၊ အခုက ၅၀၀ တန်သာ ထုတ်ပေးကြည့် ကားသမားကို သေနတ်ထောက်ပြီးတော့ အရမ်းစစ်တော့တယ်၊ မြို့တိုင်းနီးနီး အဲ့လောက် တောင်းနေတယ်ဆိုတော့ ကားသမားတွေ ဘာကျန်မှာလဲ” ဟု အောင်ပန်းမြို့မှ ကားသမားတစ်ဦးက သျှမ်းသံ တော်ဆင့်ကို ပြောသည်။
အောင်ပန်းမြို့မှ အာလူး ကြက်သွန်ဖြူ ဂျင်း ပန်းဂေါ်ဖီနှင့် လက်ဖက် စသဖြင့် ကုန်စိမ်းများကို တင်ဆောင်ပြီး မြို့ပတ် ဈေးရောင်းချသည့် ကားသမားများအနေဖြင့် လက်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်သားများ တောင်းယူနေသော ငွေကြေးပမာဏသည် များပြားလွန်းသဖြင့် တချို့မှာ ကားမထွက်နိုင်ကြောင်း သိရသည်။
“မရှိလို့ လုပ်စားနေတာဆို သူတို့က လမ်းမှာစောင့်ပြီး ဟိုကြေး ဒီကြေးတောင်းတာနဲ့ ရတဲ့ငွေက မကျန်နိုင်ဘူး၊ ပေးတာနည်းရင်လည်း သူတို့သေနတ်ကို ကြောက်ရတယ်၊ မလုပ်ပဲ နေနေရင်လည်း ဝမ်းစာကရှိသေးတယ်၊ ဘယ်လိုဆက်သွားရမယ်မှန်းမသိတော့ဘူး” ဟု အဆိုပါကားသမားက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကုန်ဈေးနှုန်းတက်လာခြင်း၊ စက်သုံးဆီများဈေးတက်လာခြင်း၊ ဘီးလိမ့်ခွန်နှင့် လမ်းမပေါ်သို့ တက်ပြီး ယာဥ်များကို တားကာ ပိုက်ဆံကောက်သည့် စစ်ကောင်စီတပ်သားတို့ ပေါများခြင်းတို့ကြောင့် ပြည်သူများ စားဝတ်နေရေး / သွားရေးလာရေး ခက်ခဲမှုများ ရှိလာသည်။