မောင်တောမှ ရန်ကုန်သို့သွားသည့် မွတ်ဆလင် ၇၇ ဦး တောင်ကုတ်တွင်ဖမ်းဆီးခံရ၊ ကလေးတစ်ဦးသေဆုံး

မောင်တောမှ ရန်ကုန်သို့သွားသည့် မွတ်ဆလင် ၇၇ ဦး တောင်ကုတ်တွင်ဖမ်းဆီးခံရ၊ ကလေးတစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ရန်ကုန်သို့သွားသည့် ကလေးများအပါအဝင် မွတ်ဆလင် ၇၇ ဦး ဒီဇင်ဘာလ ၂၂ ရက်က တောင်ကုတ်မြို့နယ်အတွင်း ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

မွတ်ဆလင် ကျား(၁၇)ဦး၊ မ(၄၉)ဦး၊ ကလေး(၁၁)ဦးတို့ကို တောင်ကုတ်မြို့နယ်၊ ပန်းတောင်း-တောင်ကုတ် ကားလမ်းမိုင်တိုင်အမှတ်-၈၆ အနီးတွင်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ လုပ်ဆောင်ချက် သတင်းများကိုဖော်ပြနေသော “ရခိုင်နေ့စဉ်”က ဖော်ပြသည်။

ဖမ်းဆီးခံရသူများထဲမှ တစ်ဦးမှာသေဆုံးသွားခဲ့ပြီး မည်သို့သေဆုံးသွားသည်ကိုမသိရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါသေဆုံးသွားသူမှာ မာမွတ်ဂျူဘိုင်(၁၄)နှစ်ဖြစ်ပြီး အမောဖောက်၍အသက်ရှူကြပ်ကာ သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် တောင်ကုတ်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း “ရခိုင်နေ့စဉ်”က ဖော်ပြသည်။ ကျန်မွတ်ဆလင် (၇၆)ဦးအား တောင်ကုတ်မြို့နယ်လဝကမှ ထိန်းသိမ်းစစ်ဆေးလျက် ရှိကြောင်းလည်းဆိုသည်။

တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က "သူတို့ကို ကားပေါ်ကချထားခဲ့တယ်လို့ ပြောတယ်။ ၇၇ ယောက်ထဲက တစ်ယောက်ကတော့သေနေပြီ။ ဘာကြောင့်သေတယ်ဆိုတာကိုတော့ ကျနော်တို့မသိဘူး။ ကျန်တဲ့သူတွေကိုတော့ တောင်ကုတ်စခန်းကိုယူသွားကြတယ်"ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်ရဲစခန်းနှင့် တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

မွတ်ဆလင် ၇၇ ဦးကို ၆ ဘီးယာဉ်တွင် ကြက်ထည့်သည့်ခြင်းများဖြင့်အံဝှက်ပုံစံပြုလုပ်ကာ တင်ဆောင်လာခဲ့သည်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်း ဦးမိုးဝင်း(အမှတ်(၁)ရက်ကွက် စစ်ကုန်း၊ မင်းတုန်းမြို့နယ်၊ မကွေးတိုင်းဒေသကြီး)နှင့် ယာဉ်နောက်လိုက် ဦးစည်သူ(အောင်မင်္ဂလာရပ်ကွက်၊ စခန်းကြီးကျေးရွာ၊ လှည်းကူးမြို့နယ် ရန်ကုန်တိုင်းဒေသကြီး)တို့နှစ်ဦးကို တောင်ကုတ်မြို့မရဲစခန်း၌ အမှုဖွင့် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း “ရခိုင်နေ့စဉ်”က ဖော်ပြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ မလေးရှားနိုင်ငံသို့သွားရောက်ရန် ရခိုင်ပြည်နယ်အတွင်းသို့ တရားမဝင်လမ်းကြောင်းမှဝင်ရောက်လာသည့် မွတ်ဆလင် ၂၂၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများထဲမှ ၁၀၉ ဦးကို ဒီဇင်ဘာလ ၁၄ ရက်နေ့က မောင်တောမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း၊ အသက် ၁၀ နှစ်အောက်ကလေး ၂၉ ဦးကို သက်ဆိုင်ရာမိသားစုများထံ လွဲပြောင်းပေးအပ်ခဲ့ပြီး အသက် ၁၈ နှစ်မပြည့်သေးသူ ၉၀ ဦးကို မောင်တောမြို့နယ်တရားရုံးမှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Most read this week

December 23, 2024
“ရခိုင်ပြည်အတွင်း စစ်ကောင်စီကင်းစင်ရမည်” ဟု ကြွေးကြော်ထားသည့် အာရက္ခတပ်တော် (AA) သည် လက်ရှိတွင်...
December 21, 2024
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျား‌ချောင်းဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု...
December 20, 2024
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများတွင် ပြည်ပနှင့် ပြည်မဒေသထုတ် အရက်၊ ဘီယာ...
December 20, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA...