ရခိုင်ပြည်နယ် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေးရှိနိုင်ငံသို့ ကုန်စည်တင်ပို့မှုမှာ ယခင်လများထက် ယခုလ ကုန်စည်တင်ပို့မှုတန်ဖိုး ခြောက်ဆကျော်မြင့်တက်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသာထွန်းစိန်က ပြောကြားသည်။
ပြီးခဲ့သည် နိုဝင်ဘာ ၁ နေ့မှ ၁၂ ရက်နေ့အထိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေးရှ်နိုင်ငံသို့ တင်ပို့ကုန်များမှာ ကန်ဒေါ်လာ ၁ သိန်းကျော်ရှိခဲ့သော်လည်း ယခုဒီဇင်ဘာ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိတင်ပို့ကုန်များမှာ ကန်ဒေါ်လာ ၇ သိန်းကျော်အထိရှိလာကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှစာရင်းများအရ သိရသည်။
“ပို့ကုန်တွေကတော့ ရေထွက်ကုန်ပစ္စည်းပိုများတယ်။ တစ်နေ့ကို ပျှမ်းမျှအားဖြင့် ဒေါ်လာ ၆ သောင်းကျော်အထိရှိတယ်။ လက်ရှိမှာတော့ ကုန်သွယ်မှုလုပ်ငန်းတွေကလည်း တိုးတက်လာတယ်။ နောက်ထပ်လည်း ကုန်သွယ်မှုအပိုင်းတွေ တိုးတက်လာနိုင်တဲ့ အနေထားတွေရှိပါတယ်”ဟု လက်ထောက်ညွန်ကြားရေးမှူး ဦးသာထွန်းစိန်က DMG သို့ပြောသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ တစ်ရက်လျှင် ပို့ကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၆ သောင်းကျော်ရှိကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလာဒေရှ့်နိုင်ငံသို့ ပို့ကုန်များမှာ ဗုဒ္ဓဆင်းတုတော်၊ သနပ်ခါး၊ ငါးမြစ်ချင်း၊ ငါးခြောက်၊ ကြက်သွန်နီ၊ ဇီးယို၊ ကွမ်းသီး၊ ဝါး၊ ဖိနပ် စသည့်ကုန်စ္စည်းများဖြစ်ပြီး သွင်းကုန်များမှာ မီးဖိုချောင်းသုံးပစ္စည်းများ၊ ပလက်စတစ်၊ ရေတိုင်ကီနှင့် လူသုံးကုန်ပစ္စည်းအချို့ဖြစ်သည်။
ပြီးခဲ့သည့်နိုဝင်ဘာလက မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလာဒေးရှ်နိုင်ငံသို့ပို့ကုန်မှာ ကန်ဒေါ်လာ ၁ ဒသမ ၅၈၄ သန်းနှင့် သွင်းကုန်မှာ ကန်ဒေါ်လာ ၀ ဒသမ ၀၁၂ သန်းရှိခဲ့သည်။
ကိုဗစ်တတိယလှိုင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို ယခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ကစတင်ပြီး ယာယီပိတ်ထားခဲ့ရာမှ အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
သို့သော် မောင်တောနယ်စပ်မှကုန်သွယ်ရာတွင် စီပွါးရေးဇုန်လမ်းများပျက်စီးနေမှုကြောင့် ကုန်သွယ်မှုမပြုလုပ်နိုင်ခဲ့ဘဲ အောက်တိုဘာ ၂၀ ရက်နေ့မှ ကုန်သွယ်မှုစတင်ပြုလုပ်ခဲ့သည်။