မြစ်ကြီးနားအုတ်ဖိုလုပ်ငန်းမှနေရပ်ပြန်ခွင့်မရသူ ရခိုင် ၁၆ ဦးအနက် ၈ ဦးကို ရခိုင်လူမှုကူညီရေးအသင်းသို့ လွှဲပြောင်းပေး

မြစ်ကြီးနားအုတ်ဖိုလုပ်ငန်းမှနေရပ်ပြန်ခွင့်မရသူ ရခိုင် ၁၆ ဦးအနက် ၈ ဦးကို ရခိုင်လူမှုကူညီရေးအသင်းသို့ လွှဲပြောင်းပေး

မြစ်ကြီးနားအုတ်ဖိုလုပ်ငန်းနှစ်ခုတွင် အဆင်မပြေ၍ နေရပ်ပြန်လိုသည့် ရခိုင် လူမျိုး ၁၆ ဦးအထဲမှ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦး၊ ပေါင်း ၈ ဦးကို မြစ်ကြီးနားရဲတပ်ဖွဲ့က ကားဖြင့် သွားရောက်ခေါ်ယူပြီး ရခိုင်လူမှုကူညီရေး အသင်းသို့ ယမန်နေ့ ည ၈ နာရီခန့်က လွဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

နေရပ်ပြန်ခွင့်ရခဲ့သူများမှာ မြစ်ကြီးနားမြို့နန်းကွေ့ဘူတာအနီးမှ အေသုံးလုံး အုတ်ဖိုတွင် အလုပ် လုပ်နေသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယာချောင်းကျေးရွာမှ မောင်ကျော်ဝင်းထွန်း(၁၅)နှစ်၊ ဒေါ်ယဉ်ယဉ်အေး (၅၃)နှစ်၊ ဦးမောင်သန်းစိန်(၅၇)နှစ် ၊ တန်မလန်းကျေးရွာမှ မမိုးဦးနွယ်(၂၄)နှစ်၊ မောင်ကျော်ကျော်နိုင်(၂၁)နှစ်၊ ကျွန်းတောင်ကျေးရွာမှ ဒေါ်အေးဆန်းချေ (၃၆)နှစ်၊  ကျောက်ဖြူမြို့နယ်၊ ချောင်းကြီးဖျားကျေးရွာမှ ဒေါ်သန်းရွှေ(၄၉)နှစ် နှင့် ပြိုင်းစစ်ကေကျေးရွာမှ ဒေါ်စောရွှေနု(၅၃)နှစ်တို့ ဖြစ်ကြသည်။

၄င်တို့ နေရပ်ပြန်ခွင့်မရဘဲ အခက်အခဲကြုံနေရသည်ကို  မြစ်ကြီးနားမြို့ အမှတ်(၂)နယ်မြေခံရဲစခန်းမှ နိရဥ္စရာသတင်းဌာနမှ တဆင့်သိရှိခဲ့ပြီး နောက်ပိုင်း သွားရောက်စစ်ဆေးခေါ်ယူခဲ့ကာ  ယခုကဲ့သို့ မြစ်ကြီးနားမြို့ရှိ ရခိုင်လူမှုရေးအဖွဲ့ထံသို့ လွှဲပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက နိရဥ္စရာကို ပြောသည်။

“ ခင်ဗျားတို့ ဟိုနေ့က အကူအညီတောင်းထားတာကို ကျွန်တော်တို့ မနေ့က သွားလိုက်တယ်။ စခန်းမှူးရယ်နဲ့ နယ်ထိန်းအဖွဲ့တွေပေါ့။ အဲဒီကနေပြီးတော့မှ အေသုံးလုံးအုတ်ဖိုက ယောက်ကျ်ားလေး သုံးယောက်ရယ်၊ အမျိုးသမီး ငါးယောက်ကိုပြန်ချင်တယ်ဆိုလို့ ကျွန်တော်တို့စခန်းကို ခေါ်လာပြီး မြစ်ကြီးနားက ရခိုင်လူမှုကူညီရေးအဖွဲ့နဲ့ပြန်အပ်ပေးလိုက်တယ်” ဟုပြောသည်။

၄င်းတို့အလုပ်ရှင်များကလည်း သဘောတူပြန်ခွင့်ပေးခဲ့သဖြင့် ၄င်းတို့၏ အသုံး စရိတ်ကျသင့်ငွေ ၅ သိန်းကို အဆိုပါရဲတပ်ဖွဲ့မှ ၂ သိန်းခွဲကျပ်နှင့် ရခိုင်လူမှုကူညီရေး အသင်းမှ ၂ သိန်းခွဲ ပေးအပ်ပြီး  ပြန်ခေါ်လာခဲ့ကြောင်း မြစ်ကြီးနားမြို့ ရခိုင်လူမှုကူညီရေးအသင်းဝင် ဦးအောင်မြင့်နိုင်ကပြောသည်။

“ ဒီကသတင်းကိုဖတ်ပြီး ဦးလေးတို့ လူမှုကူညီရေးအသင်းကလည်း တစ်ခုခုတော့ လုပ်ရမယ်လို့ ဆွေးနွေးနေကြချိန်မှ ရဲစခန်းက ဖုန်းဝင်လာလို့ လိုက်သွားခဲ့တာပါ။ အခု ၈ ယောက်ကို ဦးလေးအိမ်အထိ ရဲက လိုက်ပို့ ပေးခဲ့ပါတယ်။ ကျန်တဲ့ ၈ယောက်အတွက် မနက်ဖြန်မှာ သွားထုတ်ဖို့ အတွက်အစီစဉ်တွေဦးလေးတို့ တိုင်ပင်နေပါတယ်” ဟုပြောသည်။

နေရပ်ပြန်ခွင့်ရရှိသူ ဒေါ်အေးသန်းကြည်က “အဒေါ်တို့ ကျေးဇူးတင်လို့မဆုံးပါဘူး။ နိရဥ္စရာ  သတင်းဌာနကိုလည်း အရင်ကမသိဘူး။ အဆင့်ဆင့်တောင်းလို့ ဖုန်းနံပါတ်ရခဲ့တာပါ။ ပြန်ခွင့်ရလို့ ပျော်ပါတယ်” ဟုပြောသည်။

နောက်ထပ်အုတ်ဖိုတစ်ခုဖြစ်သည့် ၅၅၂ အုတ်ဖိုတွင် အသက်(၁၄)နှစ်အရွယ် မသွယ်သွယ်လင်း အပါအဝင် ၈ ဦးကျန်ရှိနေသေးသဖြင့် ၄င်တို့အားလည်း ကူညီပေးကြရန်တောင်းဆိုလိုကြောင်းသူမက ဆက်ပြောသည်။

၄င်းတို့အား နိုဝင်ဘာ ၃ဝ ရက်နေ့က အသက်(၄ဝ)ကျော်အရွယ် ဦးစိုးနိုင်ဆိုသူနှင့် ဇနီးဖြစ်သူတို့က ကချင်ပြည်နယ်အုတ်ဖိုများတွင်လူတစ်ဦး တစ်နေ့လုပ်အားခ ၆၅ဝဝ ကျပ်နှင့် ၁ဝ ရက်စာ စားစရိတ် ၂၅ဝဝဝ ကျပ်ရရှိမည်ဟုဆိုကာ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ၄င်းတို့၏ ပြောပြချက်အရသိရသည်။

November 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား...
November 1, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅) လက်အောက်ရှိ စစ်ကောင်စီ...
November 1, 2024
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊...
October 31, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ နာဇီရွာ(ခေါ်)စက်ရုံစုရပ်ကွက်ရဲစခန်းအနီးရှိ နေအိမ်များ...