မြန်မာစစ်တပ်နှင့် BGF တပ်ဖွဲ့များပူးပေါင်းထိုးစစ်ဆင်၊ KNU နှင့် တိုက်ပွဲဖြစ်

မြန်မာစစ်တပ်နှင့် BGF တပ်ဖွဲ့များပူးပေါင်းထိုးစစ်ဆင်၊ KNU နှင့် တိုက်ပွဲဖြစ်

သံဖြူဇရပ်-ရေးအဝေးပြေးကားလမ်းမကြီးအရှေ့ဖက်ခြမ်းရှိ ရေးမြို့နယ်မြောက်ပိုင်း ဘေးလမိုင်းအနီးအနားတဝိုက်တွင် စစ်တပ်နှင့် ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့များ ထိုးစစ်ဆင်လျက်ရှိရာ ဒီဇင်ဘာ ၆ ရက်နေ့က ဒေသခံ KNU တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၆ ရက်နေ့ နံနက် (၉)နာရီကျော်အချိန်ခန့်တွင် ဒေသတွင်းလှုပ်ရှားလျက်ရှိသော KNLA တပ်ရင်း(၁၆) တပ်ခွဲ (၄) နှင့် မော့ကနင်အခြေစိုက် ခလရ- ၁၀၆ တပ်ရင်းတို့ ဘေးလမိုင်းကျေးရွာတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU ဒူးပလာယာခရိုင်သတင်းက ဖော်ပြသည်။

အဆိုပါတိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်က ၃ ဦး သေဆုံးခဲ့ကြောင်း KNU ကသတင်းထုတ်ပြန်သော်လည်း မြန်မာစစ်တပ်ဘက်က တစုံတရာသတင်းထုတ်ပြန်ခြင်း မတွေ့ရပေ။

လက်ရှိထိုးစစ်ဆင်မှုတွင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်း ၁၀၂၁ နှင့် ၁၀၂၂ တို့လည်း ပူးပေါင်းပါဝင်နေကြောင်း ဘုရားသုံးဆူမြို့အခြေစိုက် BGF နှင့်နီးစပ်သောသတင်းရပ်ကွက်မှ သိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားရာဒေသသည် နိုဝင်ဘာ ၂၄ ရက်နေ့က မော်လမြိုင်မြိုမှ ဘဏ်ငွေထုတ်ယူပြီး ရေးမြိုသို့ သယ်ဆောင်လာသော ရဲလုံခြုံရေးအစောင့်အကြပ်နှင့် မြန်မာ့စီးပွားရေးဘဏ်ကား ၂ စီး ခြုံခိုတိုက်ခိုက်ခံရသည့် နေရာအနီးတဝိုက်ဖြစ်ကြောင်း သိရသည်။

သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းမပေါ်ရှိ KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် လွှတ်ရှမ်းစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့်လတွင် စစ်တပ်က ဝင်ရောက်သိမ်းပိုက်ကာ နေရာယူထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။

November 5, 2024
စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြသည့် မွန်တော်လှန်ရေးတပ်ဖွဲ့များအားလုံး ပူးပေါင်းပြီး...
November 5, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းက ရော်ဘာလုပ်ငန်း လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားနှင့်...
November 4, 2024
ဂျိုင်းမြစ်ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များ အင်အားအများအပြားဖြင့် လှုပ်ရှားနေသလို...
November 4, 2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဝဲပတန်နှင့် အလှပ်ကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောကူးစက်မှု...